ကတ်တလောက်လူသား (မောင်ခိုင်မာ)
လိုချင်သည်ဖြစ်စေ…
ငြိုငြင်သည်ဖြစ်စေ…
သည်နေရာ ဇာတိမြေသို့
လာမိလေတဲ့ လူသားငယ်…။
အလို… အူယားစရာပေါ့
လူသားသတ္တ၀ါလို့ ဆိုတဲ့
သဏ္ဍာန်အဖြာဖြာ စရိုက်အသီးသီးကို
သံသရာ ၀မ်းကြာတိုက်ကြီးက မွေးဖွား
မသိမောဟတရားက မွေးမြူ
အယူဝါဒတွေက ကျွေးမွေး
လူသားတွေ တဖြည်းဖြည်းကြီးထွားလာ
တို့လူသားတွေက တစ်ဖန်
ကိလေသာ အခိုးအလျှံတွေကို ဖန်တီး
ထိုအခိုးအလျှံတွေ ထူပွားလာတော့
လူသားကမ္ဘာကြီးကို ပြန်လည်ခြိမ်းခြောက်
အိမ်း.. ကြောက်စရာ သမိုင်းဘီးရဟတ်ကွယ့်
ဝိုင်းကြီးပတ်ပတ် ဒူဝေေ၀.. ဆိုတာ
လူသားတွေရဲ့ သံသရာပေါ့
ကံကြမ္မာ ဇာတ်ဝင်ခန်းတွေက
အခန်းခန်း အသွယ်သွယ်။
လူတစ်ယောက်ဟာ..
သူ ရောက်လာတဲ့ နေရာ
သူ ရှာနေတဲ့ အညွှန်း
သူ ထွန်းနေတဲ့ အလင်းတိုင်
သူ ထိုင်နေတဲ့ အရပ်
သူ ဖတ်နေတဲ့ စာအုပ်
သူ ထုတ်နေတဲ့ မှတ်စု
သူ ပြုနေတဲ့ အမှုထိုထိုကို
ဗဟု အဆိုတွေနဲ့ ဘယ်လိုညှိပေမဲ့
လူ့ နဂို အရှိတရားမှာတော့
သူ့ကိုယ်သူ သိထားဖို့ပါပဲ
အသိပွားရင် အသွားလွယ်
အသိငယ်ရင် အသွားဖင့်….။
ဇာတိအသိုက်ကို လာမိခိုက်မှာ
စာကြည့်တိုက်ပမာ ဂုဏ်ဆောင်ရဲစေကွယ့်
ဘုံ အဆောင်ဆောင်ထဲမှာ
ပုံဆောင်ခဲတွေ ဘယ်လောက်များများပေါ့
လူသားဆိုတာ “ကတ်ကလောက်´´ အလား
သံသရာ ထွက်ပေါက်တံခါးမှာ
ကံကြမ္မာ အထက်အောက် မမှားရအောင်
(ကိုင်း … ရွာစားရေ့….)
ကတ်ကလောက်တရား ပင့်။ ။
(ဆရာဦးသော်ကောင်း သို့….)
မှတ်ချက်။ ရန်ကုန်တက္ကသိုလ်၊ စာကြည့်တိုက်နှင့်သုတပညာမဂ္ဂဇင်း (၁၉၉၇-၉၈) မှ ပြန်လည် ကူးယူဖော်ပြပါသည်။
Credit: http://www.mlis7batch.co.cc