မြန်မာစာပေနှင့်ပတ်သက်၍ ဦးဖေမောင်တင်အမြင်
ရှေးက မြန်မာတို့ ၏ စာအရေးအသားမှာ ကဗျာလင်္ကာနှင့် စကးပြေအရေးအသားဟူ၍ နှစ်မျိုးရှိခဲ့ပေသည်….။
ပုဂံခေတ် ဗုဒ္ဓသာသနာ ရောက်လာသည်တွင် ပိဋကတ်သုံးပုံကို ပါဠိနိဿယဖြင့် ဘာသာပြန်ရေးထိုးခဲ့ပြီး စကားပြေဖြင့်
ဘာသာပြန် မရေးထိုးခဲ့ကြသည်မှာ အနည်းငယ် ချွတ်ချော်သွားသည်ဟု ဆိုချင်ပါသည်….။
မြန်မာစာပေတွင် ကောင်းသည့် စကားပြေဟူ၍ များများ မရှိပါ….။ အင်းဝခေတ် ရှင်မဟာ သီလ၀ံသ ၊
ရှင်မဟာရဌသာရ တို့ ခေတ် ရောက်ပြန်တော့လည်း လင်္ကာအရေးအသားကိုသာ ပိုမိုအလေးဂရုပြုခဲ့ကြပေသည်…။
ထိုအချိန်မှစ၍ ပျို့ များ ၊ လင်္ကာများကိုသာ အရေးအသားများခဲ့သဖြင့် ပျို့ လင်္ကာအရေအတွက်သာများပြီး
စကားပြေဘက်တွင် အရာထင်ကျန်ရစ်ခဲ့သည်ဟူ၍ မရှိလှပါ….။
ရှင်မဟာ သီလ၀ံသ ရေးခဲ့သည့် ပါရာယန၀တ္ထုနှင့် ရာဇ၀င်ကျော်လောက်သာ
စကားပြေသက်သက်ရေးခဲ့သည်ကို တွေ့ ရသည်….။
လင်္ကာအရေးအသားနှင့် စကားပြေအရေးအသားတို့ မှာ မည်သို့ ကွာခြားသနည်းဟု အကျိုးကို ရှာကြည့်ပါလျှင်
လင်္ကာဆိုသည်မှာ အလှအပ အဆင်တန်ဆာမျှဖြစ်၍ ထာဝစဉ်မသုံးရဘဲ လူထုနှင့် ကင်းကွာတတ်ပါသည်….။
စကားပြေမှာ နေ့ စဉ်အလုပ်နှင့်တူသဖြင့် လူတိုင်းသိနားလည်နိုင်သည့် အကျိုးရှိပေသည်…။
ထို့ ကြောင့် စကားပြေသာလျှင် လူအများအတွက် အရာရောက်လှပါသည်…။
ကဗျာမှာ အရေးလည်းကြီး ၊ နုလည်း နူးညံ့ပါသည်…။ ပညာသားပါသဖြင့် လူတိုင်း ကဗျာမရေးနိုင်ပါ…..။
ရေးသားပြန်တော့လည်း လူတိုင်းနားလည်အောင် ဘာသာပြန်ရန် မလွယ်ကူပါ…။
ထို့ ကြောင့်ကဗျာမှာ တန်ဆာဆင်ဖို့ လောက်သာ သင့်လျှော်ပါသည်…။
စကားပြေမှာ နေ့ စဉ်အလုပ်ကဲ့သို့  ကျန်းမာသန်စွမ်းစွာ လုပ်ကိုင်ဆောင်ရွက်နိုင်သော အစွမ်းရှိပေသည်….။
တိုင်းပြည်နှင့် လူထုကို ကြီးပွားစေချင်လျှင် စကားပြေကို များများရေးကြဖို့ လိုသည်…..။
ဥပမာ အင်္ဂလိပ်တို့ သည် ပညာအရပ်ရပ်ကို စကားပြေဖြင့် ရေးသားခဲ့ခြင်းကြောင့်လူတိုင်းသိနားလည်နေကြသည့်
အကျိုးကျေးဇူးကိုခံစားနေရပေသည်…။ သူတို့ လည်း ဟိုးရှေးရှေးတုန်းက ခရစ်ယာန်တွေမဟုတ်ပါ…။
နတ်ကိုးကွယ်သည့် လူမျိုးတွေပင် ဖြစ်ပါသည်….။
သို့ သော်လည်း ခရစ်ယာန်သာသနာရောက်လာ၍ ကိုးကွယ်လျှင်ကိုးကွယ်ချင်း ခရစ်ယာန်သမ္မာကျမ်းစာကို
လူအများနားလည်နိုင်အောင် ဘာသာပြန်လိုက်ကြပါသည်…..။
နောက်တစ်ဆင့်ထက်တစ်ဆင့် ပြင်ဆင်မွမ်းမံသွားသဖြင့် ယခုဆိုလျှင် သမ္မာကျမ်းစာမှာ အင်္ဂလိပ်
စကားပြေအရေးအသားတွင် အကောင်းဆုံးဖြစ်နေသည်ကို တွေ့ ကြရပါသည်…။
မြန်မာမှာလည်း ပိဋကတ်သုံးပုံကို မြန်မာ စကားကလေးနှင့် ကျကျနန ဘာသာမပြန်မိခဲ့ခြင်းမှာ
အင်မတန်နာစရာကောင်းသည့် ချွတ်ယွင်းချက် ဖြစ်နေပါသည်….။
မြန်မာစကားပြေမှာ အနှစ် ၇၀၀လောက် ပုပ်သွားသကဲ့သို့  ဖြစ်ရပါသည်….။
ယခုခေတ်မှာလည်း လောကီပညာ သိပ္ပံ ၊၀ိဇ္ဇာ ပညာတွေနှင့် ပတ်သက်ပြီး ဘာသာပြန်ရေးနေကြရပေသည်…..။
ငှင်းလုပ်ငန်းမှာ အလွန်အဖိုးတန်ပြီး အခွင့်အရေးကောင်း ဖြစ်သည့်အတွက် ငှင်း အခွင့်အရေးကို အသုံးချကြစမ်းပါဟု
တိုက်တွန်းလိုပါသည်။
စကားပြေကို လူတိုင်းနားလည်လွယ်အောင် ရေးတတ်ပါမှ ကိုယ်ဆိုလိုချင်ရာကို အကျိုးသက်ရောက် ပေလိမ့်မည်……။
ထို့ ကြောင့် စကားပြေအရေးအသားတွင် လိုရင်းအဓိပ္ပါယ်ကို အလွယ်နှင့် နားအလည်နိုင်ဆုံး ရေးတတ်ရန်မှာ
အဓိကအချက်ဖြစ်ပေသည်။
စကားပြေကို လွယ်လွယ်နှင့် စကားလုံးနည်းနည်း ရေးတတ်ဖို့  ကြိုးစားကြစေလိုသည်…။
စကားပြေကို ရှင်းရှင်းနှင့် လူအများနားလည်လွယ်အောင် ရေးနိုင်ရန်မှာ မြန်မာစာအရေးအသားအတွက်
အရေးအကြီးဆုံး ဖြစ်ပေသည်။
ရေးသားသည့် စာအုပ်များတွင် စကားလုံးပေါ်ပေါ်လွင်လွင် နှင့်ဝါကျ မမှားအောင် ရေးမှလည်း တန်ဖိုးရှိပါမည်….။
တန်ဖိုးရှိရှိ ရေးသားထားလျှင် နောင်လာနောက်သားများအတွက် အဖိုးတန်အကျိုးများပါလိမ့်မည်….. ။ ။