မြို့ပျက် – နရီထက်
အလည်လာခဲ့တာ မဟုတ်
ခြေစုံရပ်ခဲ့တာပါ
ပန်းတွေက မစိမ်းလန်းတော့ဘူး
နေရောင်တွေက မှော်ဝင်နေလို့
တိမ်တွေ အရောင်မပြောင်းတော့ဘူး
ညှို့ဓါတ်အောက် တန်ခိုးနိမ့်ခဲ့တာပါ
ရနံ့ပြယ်လွင့်မနေတတ်တော့ဘူး
တိတ်ဆိတ်ခြင်းက အားယူဆဲပါ
နေရာအိမ်တွေများပါတယ်
ပျက်ယိုအိုမင်းမှုက တိုက်စားဖဲ့ခြွေလာနေပြီး
လမ်းတွေက များပါတယ်
ပုန်းလျှိုးနေတဲ့သူတွေက အတိုင်းအဆအတိရယ်
သွေးစွန်းသွေးစတွေ ပေကျံတဲ့နေရာတွေက
အထပ်ထပ်ရယ်
အချင်းချင်းစားသောက်ဗိုလ်လုခက်ရင်းတပ်
အစိမ်းလိုက် စားသောက်နေကြတယ်
မျိုကျခဲ့ပါတယ်လို့ အသံပလောင်တွေက
ဆူညံမှုအပြည့်နှင့် ထောက်ခံနေခဲ့တယ်
သရဲသဘက်တွေလည်း ငါမသိခဲ့
မျက်နှာဖုံးစွပ်ထားတဲ့ လူတွေကလည်း
အသက်အတွက် စိုးရိမ်နေခဲ့တယ်
လက်လွတ်မခံနိုင်တော့တဲ့အထိရယ်
လျှပ်စစ်မီးအဖျက်ခံထားတဲ့ တိုက်နယ်တစ်ခု
အမှောင်တွေကြား ခံနိုင်ရည်အပြည့်နှင့်
သည်လူသားလို့ ငါကိုယ်ငါ မှတ်ယူနေခဲ့တယ်
ကုလားထိုင်ပေါ်ထိုင် လှုပ်ကာလှုပ်ခါ
ငါ အတွေးစနယ်ထဲ…
မနက်မနက်က ကွယ်ပျောက်နေတယ်
တေးဆိုဌက်ကလေးတွေ ပျံလာမယ့်ရက်ကလေးရယ်
ဝါးမျိုခံရထားတဲ့ လပြည့်ညကလေးတွေရယ်
ိကန့်လန့်ကာနံဘေးစက ပေါ်ထွက်လာမဲ့ နေခြည်နွေးနွေးတွေကို
အိပ်ရေးအပျက်ခံထားရတဲ့ ညတွေကြား ထိုင်စောင့်နေရင်း
မျှော်လင့်ခြင်းတစ်စွန်းတစ်စကို နိုးခိုင်းချင်တယ်။ ။
နရီထက်
( ၂၇ ၊ မတ်လ ၊ ၂၀၁၁ )