ကျွန်တော်နှင် သွပ်
မနက်က အိမ်ခေါင်မိုးတွင် ကောင်းကင်ကြီးပြာလျက်ရှိသည်။ တိမ်တချို့ပင်ကူးခတ်နေကြသည်။ မကြာပါ မိန်းမက လင်းကြက်တစ်ကောင်ဖြစ်သွားသည်။ ထို့ကြောင့်လည်း ကျွန်တော် အိပ်ယာကို စွန့်ခွာ၍ အိမ်နောက်ဖေးဆီ ခရီးထွက်ခဲ့သည်။
မျက်နှာသစ်နေရင်း သတိထားမိသည်။ ရပ်ကွက်ကြီးမှာ မျက်နှာမကောင်းပေ။ အိမ်ရှေ့လမ်းကြီးသည် ကျွန်တော်တို့ အိမ်ကို ကဲ့ရဲ့နေလျက်ရှိသည်။ လူတချို့သည် အကြင့်မကောင်း။ ဒါနဲ့ ကျွန်တော်ကိုယ်တိုင် ဈေးဘက်သို့ စစ်ချီတက်ခဲ့သည်။
\”ကိုသွပ် သွပ်ဆိုင်\”
သွပ်ရှိလား
ကိုဆားလာတယ်ကိုသွပ်ရေ
သြော်……..အေး ဆား လာလေထိုင်
ငါလည်းသွပ်လိုလို့ပါကွာ
အေး……ငါဘာကူညီရမှာလဲ ငါ့ကိုလိုတယ်ဆိုတော့
အာဟေ့ကောင် သွပ် ငါကမင်းကို လိုတာမဟုတ်ဘူး သွပ်လိုတာ သွပ်
အေး……..ငါလည်း …….သွပ်ပဲလေ……ဟဲဟဲစတာပါကွာ
ကိုသွပ်ကတော့ ကျွန်တော့် ကိုစရင်းပြုံးနေပါသည်။ သို့သော် သွပ်ကတော့ ကျွန်တော့်ကိုမဲ့စေပါသည်။ သွပ်ဈေးက မနေ့က နာဂစ်နှင့်အတူ မျောက်တစ်ကောင်လို သစ်ပင်ဖျားတက်သွားသည်။ မကြာခင် ကျွန်တော်တို့ အိမ်ပေါ်လည်းတက်လာပါဦးမည်။
အပြန်လမ်းတွင် သွပ်အကြောင်း ကို အတင်းပြောနေကြသည်။ လူတချို့ကတော့ သွပ်နောက်လိုက်နေသည်။ သို့သော် ကိုသွပ် သွပ်ဆိုင်မှာ ရှိမှန်း ကျွန်တော်ကတော့သိသည်။
မနေ့က နာဂစ်အပြီး ဒီနေ့မနက် သွပ်မျက်နှာပွင့်နေသည်။ အိမ်ရောက်၍ မကြာပါ။ ကျွန်တော့မိန်းမ မျက်နှာ အိမ်ခေါင်မိုးလို မျက်နှာပွင့်နေသည်။ သွပ်ကိုပင် မနာလိုဖြစ်မိသည်။ ရှာလိုက်ရတယ့် သွပ် က အိမ်မှာလည်း အငြိမ်မနေလို့ အိမ်ခေါင်မိုးပေါ် ချက်ချင်းတင်လိုက်ရသည်။
အိမ်ခေါင်မိုးမိုးရင်း ကျွန်တော်စဉ်းစားနေမိသည်။ အိမ်၏ အထက်မှာ ရှိလို့ အိမ်ခေါင်မိုးလား ၊ ခေါင်မိုးအောက်မှာ အိမ်ရှိ၍ အိမ်ခေါင်မိုးလား တော့ မသဲကွဲပါ။ သို့သော် သေချာတာ ကျွန်တော်ယခု အိမ်ခေါင်မိုးထိပ်ရောက်လာပြီဖြစ်သည်။
အဖြေပေါ်သွားသော သူငယ်တန်းကျောင်းသားလို ကျွန်တော်အောင်ပွဲခံလိုက်သည်။ ဟုတ်ကဲ့ရလဒ်ကတော့ ဆေးခန်းရောက်သွားသည်။
ကျွန်တော်သတိရ၍ သတိထားမိတော့ ဆေးခန်းမှာလည်း ကြယ်ရောင်စုံလင်းလျက်ရှိသည်။ သို့သော် မိန်းမ မျက်နှာမှာတော့ ကြယ်မလန်းပါချေ။ တချို့သော တနလာင်္များ သူမှထံမှ အပြေးအလွားခုန်ဆင်းသွားကြသည်။ ကျွန်တော်လည်း အပေါ်မော့လိုက် မိန်းမကြည့်လိုက်နှင့် မသိချင်ယောင်ဆောင်ရန် မျက်နှာကို တိုက်တွန်းထားလိုက်သည်။ သို့သော် အသံတစ်သံကတော့ ကျွန်တော့် နားဆီသို့ မခေါ်ဘဲဝင်ရောက်ရန် တန်းစီနေကြသည်။
ဆရာလေးရယ် သွပ်ဈေးကလည်း မြင့်လိုက်တာ ။ ဆရာ့ဆေးခန်းတွက်မို့ မနည်းရှာဝယ်ခဲ့ရတယ်