ဗန်ကောက်ည ရဲ့ တစ်နေရာ (၃)
ပတ်ပုန်းလမ်းမထဲ စ၀င်လာကတည်းက ထိုင်းဘဲတစ်ပွေက တကောက်ကောက်
လိုက်မြူဆွယ်ကာ ရွှေကြိုလုပ်နေသည်။ ရောင်စုံဆလိုက်မီးများအောက် လှုပ်ထိုး
ယိမ်းခါနေသော အရိပ်များ.က ရင်ခုန်မြန်စေသည့်ကောက်ကြောင်းများကို
ကြေညာလျက် ။ စတိတ်စင်ထက်တွင်စတီးချောင်းများကိုအဖော်ပြု တိရိစ္ဆာန်များ
သဖွယ် ဈေးကွက်တင်ရောင်းနေသည့် မိန်းကလေးများ ။
စိတ်ထဲနှောက်ကျိလာသည်။ ရှုပ်ထွေးလာသည်။ အော်ဂလီဆန်လာသည်။
သည်နေရာပတ်ဝန်းကျင်ရှိလေထုရနံ့ကပဲ ကျွန်တော်နှင့် မတည့်သလိုလို။
ပတ်ပုန်းလမ်းမကြီးကတော့မသိကျိုးကျွံ ပြုလျက်။ ခဏတာအစွန်းရောက်နိုင်မှုများ၊
မူးယစ် ရီဝေမှုများနှင့်အတူ ပတ်ပုန်းက ဗန်ကောက်သို့ လာရာလမ်းကို
မီးထိုးပေးထားသည်။ ပတ်ပုန်းရှိ လိင်အင်္ဂါအခြေခံ ဖျော်ဖြေမှုများက သင့်ကို
အံသြတကြီးဖြစ်စေလျှင် ဘာမျှမထူးဆန်း။ ပတ်ပုန်းရှိလူအုပ်ကြီးက
ငွေသာပါလျှင်သင့်ကိုဖူးဖူးမှုတ်မည်ဆိုသည်ကိုဘာမှသံသယဖြစ်စရာလည်းမရှိ။
ဟိုတယ်က ကောင်လေးက ပြောထားသည်။ မာဖီးယား များကျက်စားရာနေရာတဲ့ ။
ဟုတ်သည်။ ပတ်ပုန်းရှိလူများက မာဖီးယား စိတ်ဓာတ်။ အနိုင်ကျင့်ရန်လည်း
ဝန်မလေး၊ ရိုက်နှက်ထိုးကြိတ်ရန်လည်း ထမင်းစားရေသောက်။ ထိုင်းစကားမတတ်၊
မြန်မာ ပတ်စပို့ ကိုင်၊ ပြဿနာတက် အမှုအခင်းဖြစ်လာ၊ သေချာသလောက်က
အနိုင်ရဖို့မမြင် ။ ပတ်ပုန်းထဲကကမ္ဘာသည် သီးခြား ကမ္ဘာလေးလည်းဖြစ်နိုင်သည်။
ထို့အတူ ဂလိုဘယ်ကမ္ဘာသဘောလည်း ဆောင်လျက်။ အသားအရောင်မျိုးစုံ ကူးလူးလျက်၊
ဆန္ဒပေါင်းစုံလည်း ဖလှယ်လျက် ။ပတ်ပုန်း ညက သင့်ကို လွတ်လပ်စွာ
ရွေးချယ်ခွင့်ပေးမည်။ သင်ရောက်လာခြင်း သို့မဟုတ် သင်ရှောင်လွှဲသွားခြင်းအတွက်
ပတ်ပုန်းဆိုသည့် နေရာလေးနှင့်အတူဗန်ကောက်မြို့ကြီးကတော့ အဖြေရှာနေမည်တော့
မဟုတ်ချေ။
( ဗန်ကောက် ညတစ်ညအား ခံစားခဲ့မိခြင်း)
Comment #1
nice.