ပင့်ကူမျှင်တွေကို ရှင်းထုတ်လိုက်တဲ့အခါ
သစ်ပင်ထက်ကကျီးက ကျီးကြည့်ကြောင်ကြည့် ကြည့်နေ
တယ်၊ အိမ်ရှေ့လမ်းမဟာ မနက်စောစောစီးစီး အညောင်း
ဆန့်နေရဲ့၊ ပစ်စလက်ခတ် ဖွထားမိတဲ့ စာအုပ်များစွာ၊
အခု ကျွန်တော်ရေးနေတဲ့ကဗျာက ဟိုရောက်လိုက်၊သည်ရောက်လိုက်။
သက်ပြင်းတစ်ချက်ကိုပဲ နှာခေါင်းအပြင်ရောက်အောင် တွန်းထုတ်လိုက်မိတာက
လွဲရင် ဘာမှမလုပ်ဖြစ်ပါဘူး၊ စာမေးပွဲက ဖြေရဦးမယ်၊
ရှေးရှေးတုန်းကလို အင်းကွက်ချ၊ မန္တန်ရွတ်ပြီး စာတွေရအောင်လုပ်လို့ရရင်
ကောင်းမှာပဲ၊ ဇော်ဂျီတွေ၊ ဘိုးဘိုးတွေ အလုပ်ဖြစ်မှာပေါ့နော်၊
အလကားပါ၊ သေရင်ပါမှာမှ မဟုတ်ဘဲ၊ ဒီလောကမှာ
မရူးပဲနဲ့ ရူးချင်ယောင်ဆောင်ရတာအခက်ဆုံး။
အတွေးအခေါ်တွေက ဆွဲဖြန့်လည်း ကျယ်ကျယ်ပြန့်ပြန့်ဖြစ်မလာတာက
စိတ်အပျက်ဆုံး၊ တစ်ချို့လူတွေကို ဝေးဝေးမြင်တတ်စေချင်တာက
ကျွန်တော့်စေတနာပါ၊ မီးထွန်းပြလည်း မမြင်တဲ့လူတွေ ဒီလောကမှာ
အများကြီး၊ မှန်တဲ့စကားပြောနိုင်အောင် ရွာပြင်ထိထွက်နေဖို့
ကျွန်တော်စဉ်းစားထားပါတယ်။
ခက်တယ်၊ သူများတွေလို မိုးခါးရေကို မကြိုက်တတ်တာကလည်း
ရောဂါတစ်မျိုးပဲ၊ အများညီရင် ဤကို ကျွဲလို့ဖတ်တဲ့အကြောင်းသိလည်း
မလိုက်နာနိုင်သေးလို့ အပြောခံရပေါင်းလည်း များပါပြီ၊
ကိုယ့်နှလုံးသားထဲမှာ ရှင်သန်နေတဲ့ သစ်ပင်ငယ်လေး
ရှိတယ်၊ ခေါင်းထဲက ကြပ်ခိုးတချို့ကတော့ ရှင်းထုတ်မှဖြစ်မှာ၊
လက်ကို ဖြန့်စမ်းပါ၊
လက်ကို ပြန်ဆုပ်လိုက်၊
ကဲ မင်း ဘာတွေရလိုက်သလဲ၊
ဘာမှ မရဘူးလား၊ ဘာမှ မရလိုက်ဘူးတဲ့လား၊
နားလည်စမ်းပါ၊
အဲဒီ ဘာမှမရဘူး ဆိုတာကိုက
မင်း ရလိုက်တဲ့ဟာပဲပေါ့။ ။
နရီမင်းထက်(ဆေးတက္ကသိုလ်)
Comment #1