ပြောင်းပြန်မစီးတဲ့မြစ်
မေတ္တာတွေ ပွင့်ဝေနေလိုက်ကြပုံများ
ကြောက်ခမန်းလိလိ။
လက်ယာဖက် ချစ်ခြင်းရသတွေနဲ့
ရွာချလိုက်ရင်
စွေနေတဲ့မိုးတောင် စဲသလို
မှော်ဆန်တဲ့ နူးညံ့သိမ်မွေ့မှုတွေနဲ့
လက်ဝဲ
စကြ၀ဌာတခုလုံးကို
ကိုင်ဆွဲရဲတဲ့ နှစ်ဖက်
အလင်းနဲ့အမှောင်ခွဲ
ဆည်းဆာကို ရောင်နီထပ်စေတဲ့ဇာတ်
ကြာညိုတို့ သင်းထုံရစ်ဝဲတဲ့အရပ်
အနှိုင်းမဲ့ ပုခက်လွဲတဲ့လက်ပဲဖြစ်တယ်။
သူမက ‘နေ’ လို နေတယ်
‘လ’ လို နေတယ်
‘ကြယ်’ လိုနေတယ်
ဒီရေလို နေတယ်
ပင်လယ် လိုနေတယ်
လိုအပ်ရင် အလင်းနှစ် (အကွာအဝေးတခုစာ) လိုနေတယ်
သူမက ချေဂွေဗားရား
ကလီယိုပထရာ
ပေါ်လီယာနာ
မူဆိုလီနီ
အဗ်ဒူ ကလာမ်
လိုအပ်ရင် အဒေါ့ဖ် လိုနေတယ်
သူမက သွေးမတိတ်တဲ့ မေတ္တာရှင်
ရင်သွေးတို့ရဲ့ အဆုံးမဲ့ခရီးသည်
မမှားတဲ့ ရှေ့နေ
မသေတဲ့ ဆေးသမား
ချွေးနဲ့သွေးရင်းဖို့ ၀န်မလေးတဲ့ နတ်ပျိုမ
စစ်တလင်းမှာ စိုက်ထူထားတဲ့ အလင်းမျှင်
ဓမ္မတေးရဲ့ တေးသွား
အလင်းခေတ်ရဲ့ ကဗျာတပုဒ်
ဟော—————- ဟိုမှာ
တဖျပ်ဖျပ် လင်းလက် လူးလွန့် နိုးထ
ဂရုဏာအမှိုက်တွေနဲ့
မုဒိတာဒိုက်တွေ (ပါးပါးပါလေရဲ့)
“မိခင်” ယဉ်ကျေးမှုအရ
ဘယ်ဘက်ရင်ဘတ်က စီးဆင်းလာတဲ့အမွေအနှစ်
အဲဒါ———–
ဘယ်တော့မှ ပြောင်းပြန်မစီးတဲ့မြစ်။ ။
ကြယ်ဝေး (၁.၈.၁၁)
Comment #2
ကြယ်ဝေး၇ဲ့ ကဗျာတွေ တကယ်ကောင်းတယ်
Comment #3
အမေ့မေတ္တာပဲ…….
Comment #1
thz so much.