အသံအက်သွားတဲ့ခေါင်းလောင်းလေး (မအိ)
ရောင်စုံပန်းခြင်းတစ်ခု
စတုတ္ထတန်းကျောင်းသား/သူများ ကောင်းမှု ။
အဖူးအငုံ
ပွင့်ရုံပွင့်ချပ် ၊ ပွင့်ဖတ်ညိုးရော်
သော်ကဇီဇ၀ါ ၊ စကြာပုဏ္ဏရိတ်
သွယ်ချိတ်ကုံးယှက်
မျက်ရည်စက်တွေနဲ့
သူ့အတွက်လေ …..။
ဖိနပ်မဲ့ခြေဖ၀ါး
မေးခိုင်ပိုးစားခြင်း
ထင်းရှုးသားသေတ္တာ
လဲလျောင်းစရာ ။
သွားပေဦးတော့ကွယ်
ဘုန်းကြီးအိုတစ်ပါးထံ
ဝတ္တုငွေ ငါးကျပ်အပ်နှံ
သရဏဂုံဆည်းကပ်လေ
ကောင်းရာဘုံဘ၀ရောက်ပါစေ….။
အမိကိုကူ ၊ အဖကိုကူ
အပူမျှယူ ခဲတံမဲ့သူ ၊ စာအုပ်မဲ့သူ ၊
မုန့်ဖိုးမဲ့သူ အလှုငွေမထည့်နိုင်သူ
အပူအားလုံးငြိမ်းပေါ့ ။
သေတ္တာဖုံးရိုက်ပိတ်
လျှာအဆိပ်သင့် ၊ ရင်နင့်နေခိုက်
ရှိုက်သံတစ်ချက် ..တစ်ချက်
“ သံစူးသတဲ့….တော်တို့ရေ…..”
အကြော်သည်အမေ မြေလူးလေရဲ့ ။
စာသင်ခန်းမ
နောက်ဆုံးကခုံနေရာ
လစ်ဟာနေမှာ ။
ကျောင်းခေါ်ချိန်စာရင်း
မင်းနာမည်ကျော်ဖတ်ရတော့မှာ။
လေ့ကျင့်ခန်းစာအုပ် ၊ တစ်အုပ်လျော့သွားမှာ ။
ခုံပေါ်မတ်တပ်
ရပ်ရမယ့်အပြစ်ဒဏ်
မင်းဝိညာဉ်မခံစားစေတော့ ။
“မင်း….သွားလိုရာ သွားနိုင်သည်….”
မကြားဝံ့ဝံ့ ၊ နှုတ်ဆွံ့ရှိုက်ငင်
တစပြင်အထွက် နှောင့်ယှက်ဆဲအသံတွေ ……
မနက်ဖြန်နံနက် ကျောင်းအတက်မှာ
ဆရာမလက် ….
ခေါင်းလောင်းအထိုး ခက်ပေလိမ့် ။ ။
မအိ
ရှုမ၀ ၊ ဇူလိုင် ၊ 1982 ။
Comment #1
ကောင်းတယ်ဗျာ…ခံစားရတယ်…