လှပခြင်းအတွက် စတေးရသည်များ (လိပ်ပြာဝေ)
“ဟေ့ကောင် ကောက်ကြီး”
နောက်မှ လှမ်းခေါ်သံ ကြားရသည်။ ကျွန်တော် ဘေးဘီ လှည့်ကြည့်မိသည်။ နတ္ထိ ဘယ်သူမှမရှိ။ ဒါဖြင့် ငါ့ကို ခေါ်တာပေါ့။ လှည့်အကြည့်
“ကောက်ကြီးတို့များ ဟိုကြည့်သည်ကြည့်နဲ့ တော်တော် မာန်တက်နေတယ်ထင်ပါ့”
ဗွေကြီး ကိုလှမ်းတွေ့သည်။
“မဟုတ်ရပါဘူးကွာ… ဘယ်သူ့ခေါ်လို့ခေါ်မှန်းတောင်မသိ… နေစမ်းပါဦး… ရှင်းစမ်း ကောက်ကြီးကိစ္စ”
“ဟေ့ကောင် မင်းကိုယ်မင်းပြန်ကြည့်ဦးလေကွာ… ဒီလောက်ဆံပင်ကောက်နေတာ… ကောက်ကြီးပဲခေါ်ရမှာပေါ့ကွ… ဟဲဟဲ…”
ဗွေကြီးပြောမှ ကိုယ့်ကိုယ်ကို သတိထားမိတော့သည်။ ဟုတ်သည်။ မွေးရာပါဆံပင်၏ သန်စွမ်းမှုသည် ရှည်လာကာမှ ဇာတိပြတော့သည်။ ထိပ်ဖျားနားတွင် ကောက်ကွေးလာသည်။ ယောက်ျားလေးများဆံပင်၏ ကြမ်းထော်မှုကို ဒန် ၉ ဆင့်အထိ ပိုင်ထားသော ကျွန်တော့်အဖို့ ထိုကောက်ကွေးမှုကို ဖြေလျှော့ရန် မတတ်သာချေ။
နောက်တစ်ချက်က “ကောက်ကြီး” ဆိုသောအခေါ်အဝေါ်ကိစ္စ။ အကြောင်းသိများအဖို့ ထိုကောက်ကြီးက ပြဿနာမရှိသော်လည်း အခြားမသိသူတစ်ဦးက ကြားလျှင် ဘာကောက်တာလဲဟ.. ဘာညာ စသဖြင့် တွေးတောသွားရင် ခက်ရချည့်။ မရှိသောသိက္ခာတော့ အကျမခံ။
ပြောင်းမည်။ ယင်းသို့မခေါ်နိုင်အောင်။ ဒါဖြင့် အသို့လုပ်မည်နည်း။ လွယ်ပါသည်။ ဆံပင်ဖြောင့်မည်။
ဖြောင့်မည်သာဆိုရသည်။ ကျွန်တော့်အဖို့ ထိုကိစ္စများနှင့် ရင်းနှီးကျွမ်းဝင်မှုက မရှိလှ။ ဒီကိစ္စတွေက မိန်းကလေးများအလုပ်ဟုသာ ခံယူထားသည်။ ယခုသော်မူကား သိက္ခာပိုင်းဆိုင်ရာထိပါးလာသောကြောင့် ထိုကိစ္စကို ပြန်လှန်သုံးသပ်လာခြင်းဖြစ်ရကား အတွေ့အကြုံနည်းပါးလှသည်။ အလှပြင်ဆိုင်ခပ်ကြီးကြီးသို့ ခြေဦးလှည့်ရသည်။
ဝင်သွားသည်နှင့် အဲယားကွန်း၏ အေးမြမှုကြောင့် စတွန့်ဂွမ်သွားသည်။ ကိုင်း ဖြောင့်မည်။ ကလေးမတစ်ယောက် ချဉ်းကပ်လာသည်။
“အကို.. ဘာလုပ်ချင်လဲ”
အယ်.. မေးပုံက။ ဟီးဟီး။ သူ့မေးခွန်း၏အဓိပ္ပာယ်ကို အသေအချာဖွင့်နေစဉ်..
“ညှပ်မှာလားအကို..”
“အင်”
“ဒါဆို ဟိုခုံပေါ်မှာ ခဏစောင့်ပါနော်”
ကျွန်တော်၏ စကားအနက်ဖွင့်မှုကို အဆိုပါကလေးမ မစောင့်နိုင်ပဲ ဝင်ထောက်သဖြင့် အယောင်ယောင်အမှားမှားဖြင့် အင်း ပင်မပီချင်တော့။ အဆွေ စဉ်းစားကြည့်ပါလေ။ ကျွန်တော်ကဲ့သို့ ရပ်ကွက်ထဲတွင် ၆၅၀ ဆိုင်ကလေးများတွင် ဆံညှပ်ခြင်းအလုပ်ကို ပြီးစေသောသူအဖို့ ထိုကဲ့သို့ဆိုင်ကြီးကနားကြီး အတွေ့အကြုံမရှိသဖြင့် ခွကျလှသည်။ မိမိကိုယ်ကို သိမ်ငယ်သွားသည်။
အမှန်တော့ ကျွန်တော်ဖြောင့်ရန်လာသည်။ သို့သော် နှုတ်ကမရဲ။ ညှပ်မည်ဖြစ်သွားသည်။
“အကို.. ညှပ်လို့ရပါပြီရှင်.. ဟိုခုံလေးပေါ်မှာ ထိုင်ပါရှင်”
“နေဦး ညီမရဲ့.. အဲ.. အကိုကလေ… လေ… ဟိုဟာလေ… ညှပ်မှာမဟုတ်ဘူး… ဖြောင့်မှာ…”
“အော် ရတယ်လေအကို… ခုနက ညှပ်မယ်ဆိုလို့ပါ… ဟဲ့ ခိုင်လေးရေ.. ဒီအကိုကို ဆံပင်အရင်လျှော်ပေးလိုက်ပါဦးဟေ့… အကို ဟိုအခန်းထဲကို ကြွပါရှင်”
ကလေးမ ညွှန်ပြရာအခန်းလေးကို ကြည့်မိသည်။ တစ်ယောက်အိပ် အိပ်ယာခေါင်းရင်းတွင် ဘေစင်လေးထားထားသည်လေးများကို တွေ့ရသည်။ အဆိုပါခန်းသို့ လှမ်းချင်းအဝင်
“အကို.. ဒီခုံလေးပေါ်မှာ လှဲပါရှင့်”
“အော် ဟုတ်ကဲ့ခင်ဗျ”
ခေါင်းစလျှော်ပြီ။ ကျွန်တော့်လို ရေခွက်ထဲ ရေအပြည့်ထည့်ပြီး ခေါင်းပေါ်ကလောင်းချတတ်သော ကျွန်တော်သည် ရေပိုက်ကလေးနှင့် တို့ကနန်း ဆိတ်ကနန်းလေးကို ယားကျိကျိ ခံစားမိသည်။ ဟီဟီ။ အူမြူးစပြုလာပြီ။ ရယ်ချင်လာပြီ။ သို့သော် ရယ်၍မဖြစ်။ ကျွန်တော်က ခေတ်လူငယ်လေ။ ဟိုကလေးမကို ကျွန်တော်ရှက်သည် ထင်သွားဦးမည်။ အရှေ့သွား၏အပေါ်ဖက်ကို လျှာဖြင့်ထိုးရင်း စိတ်ကိုဖျောက်ရသည်။
ခေါင်းလျှော်ပြီးနောက် ဆံပင်ကို အခြောက်ခံပေးသည်။ ကျွန်တော့်အိမ်က ဆံပင်အခြောက်ခံစက်လို ပူပူလေးမဟုတ်။ သူကအေးသားဗျ။ ပြီးသည်နှင့် ကလေးမလေးတစ်ယောက်က လျင်မြန်စွာဖြင့် ဆေးဗူးထဲမှ အနှစ်များကို ခွက်ထဲညှစ်ချသည်။ ဆံပင်ဆိုးသည်နှင့် သဏ္ဌာန်တူလှသည်။ ပြီးလျှင် အဆိုပါကလေးမက စိတ်ရှည်စွာဖြင့် ဆံပင်အုပ်စုလေးတစ်စုစီကို လိုက်လံခြယ်သတော့သည်။ ကောက်ကွေးသော ကျွန်တော့်ဆံပင်များသည် အဆိုပါကလေးမ၏ ဆေးသားအောက်တွင် ဆက်လက်ကောက်ကွေးနိုင်စွမ်းမရှိတော့ပါချေ။
အဆိုပါဆေးသားများ တစ်ခေါင်းလုံးနှံ့အပြီးတွင် ကျွန်တော့်အား ခဏနေခိုင်းပါသည်။ ဆယ်မိနစ်အကြာတွင် ပြန်လည်ကာ ပုံသွင်းသည်။ နောက်ထပ်ဆယ်မိနစ် ထပ်စောင့်စေသည်။ အလှအပအတွက် အချိန်လေးကိုတော့ စတေးရသည်ပဲ။ စတေးသည် စတေးသည်။ ပျော်ပျော်ကြီးကို စတေးသည်။
ပြီးသည့်နောက် ခေါင်းထပ်လျှော်ပြန်သည်။ အစောနက ခံထားပြီးသားကျွန်တော်သည် သည်တစ်ခါတော့ မရယ်ချင်တော့။ ပွစိပွစိစကားသံများကို အဆိုပါခေါင်းလျှော်ပေးနေသူ ကလေးမထံမှ ကြားရသည်။ နားစိုက်ထောင်မှ သုံးရက်ခေါင်းမလျှော်ရန် သတိပေးဟန်ရှိကြောင်း ရေးတေးတေးမျှ သဘောပေါက်တော့သည်။ အဆိုပါကိစ္စဝိစ္စ ပိတ်စများပြီးသည်နှင့် စက်ဆွဲခြင်းကို စတင်တော့သည်။
“အကို အရမ်းနာရင်ပြောနော်” တဲ့… အဲဒီတော့ နည်းနည်းပဲနာရင် မပြောရမယ့်သဘော… အော် တော်တန်တိတ်… ခုနကလည်း အဲသလို အတွေးကြောရှည်လို့ မှားပြီးပြီလေ။
စစဆွဲခြင်းတော့ ခံရအကောင်းသားဗျ။ နောက်ဆံပင်လေးတွေကနေ စတာကိုး… နာလို့နာမှန်းမသိ။ တဖြည်းဖြည်း အပေါ်တက်လာတော့မှ ဟရို့ရို့ တယ်နာသကိုးဗျ။ ဆံပင်တွေကို ဆောင့်ဆောင့်ဆွဲနေတဲ့အတိုင်းပဲ။ သူငယ်မမျက်နှာကြည့်ပြန်တော့လည်း ရွှေတိဂုံဘုရားပေါ် ဖိနပ်စီးတက်တဲ့ ဆာရာဂျင်နယ်ကရက်ဒေါက်အပေါ် သခင်တွေထားတဲ့သဘောထားမျိုးကို မြင်လားမြင်ရဲ့။ အောင်မယ်ငီး။ နာလိုက်သည့်ဖြစ်ခြင်း။
“တယ်ကြာသကိုးဟယ်။ ငါဝိုင်းကူမယ်”
အသံကြားရာကြည့်တော့ အားကောင်းမောင်းသန် ယောက်ျားတစ်ဦး။ ဆိုင်ရှင်ထင်ရဲ့။ သူလည်းဝင်ကူသည်။ အောင်မာ သူ့စက်ကလေးက အလှသားကလား။ ဒိုင်ခွက်လေးထဲမှာ အဝါ အစိမ်း အနီ ခရမ်း စသဖြင့် အရောင်မျိုးစုံလဲသည်ပဲ။ လုပ်ကြည့်လေ။
အောင်မြလေးဗျ။ သူလုပ်မှ ပိုဆိုးသည်။ သူ့စက်ကြီးက ပိုနာသည်။ အဆွေ စဉ်းစားပါလော့။ ဟိုလူက ရှေ့ကဆွဲသည်။ ကလေးမက နောက်ကဆွဲသည်။ ဘယ်နားနာလို့ နာမှန်းကိုမသိတော့။ စောစောက ခေါင်းလျှော်ပြီးထွက်တုန်းက ချမ်းစိမ့်စိမ့်ရယ်။ ယခုမူကား လက်ဖျားနှစ်ဖက်လုံးတွင် ချွေးစီးလေးများ ထလာပြီ။ စောစောက လှသည်ဟုထင်ခဲ့သော မီးရောင်စုံလေးသည်ပင် ယခုမူကား မရဏမီးများအဖြစ် ကျွန်တော်မြင်လာချေပြီ။ နာသည် နာသည်။
သို့ပေမယ့် ကျွန်တော်မအော်ပါ။ သိက္ခာကျသည်ပဲ။ ပြီးတော့ ယောက်ျားလေးလေ။ ခံနိုင်ရည်ရှိရမပေါ့။ တင်းကာရင်းကာခံသည်။ ဟိုလူကလည်း ဘယ်ဘဝက အညှိုးလည်းမသိ။ နံသယ်စကို စဖြောင့်သည်။ သူလုပ်တော့ ကျွန်တော့်ငယ်စဉ်က ဆရာမကိုသွားသတိရသည်။ ဆရာမ နံသယ်စဆွဲရင် သည့်ထက်နာသည်။ ဟိုကလေးမကလည်း နောက်ဆံပင်ဖြောင့်ရာတွင် ကျွန်တော့်ဆံပင်ဘယ်နှမွေးမှန်းမသိ။ ကုန်သည်။ ပြောင်သည်။
ခေါင်းတစ်ခေါင်းလုံး ပူထူ၊ ရှိန်းတိန်း၊ ဖြစ်ပြီးသည့်နောက် ကောက်ကွေးသောကျွန်တော့်ဆံပင်များအပေါ် သူတို့အနိုင်ရရှိသွားသည်။ ကောက်ကွေးဘဝမှ ဖြောင့်ဆင်းဘဝသို့ ကျွန်တော့်ဆံပင်များ အသွင်ကူးပြောင်းသွားတော့သည်။
ကိုင်း ပိုက်ဆံရှင်းမည်။ မှန်းစမ်း ဘယ်လောက်ပါလိမ့်။
“ဟိုက်… ၁၅၀၀၀ ဟုတ်စ”
ထိုအခိုက်မှာတော့ ကျွန်တော်တကယ် အသံထွက်ကာ အော်မိသွားခဲ့သည်ပဲ။
လိပ်ပြာဝေ
(ကျွန်တော် ရွှေနဒီ ၏ ပြောင်စပ်စပ်စာပေများ ပေါက်ဖွားရာ ကလောင်ခွဲတစ်ခု – လိပ်ပြာဝေ)
Comment #1
ရီရတယ်နော် ဒါပေမယ့် ကောင်းတယ် ကြိုက်တယ်