Professional Authors
သစ်ပင် (terry)
အခန်း(က)
ကန်ဘောင်သည် ရှုံးသွားသည်ကို ၀န်မခံလိုသော စစ်တုရင်သမားတစ်ယောက်၏ မျက်နှာပေးမျိုးဖြင့်  ရေပြင်အားစိုက်ကြည့်နေလေသည်။  ကောင်းကင်သည်လည်း  ချစ်သူ၏ပထမဦးဆုံးအကြိမ်ချိန်းဆိုခံရသော ပန်းနုရောင်နှင်းဆီခင်းထဲမှ မိန်းမပျိုလေးတစ်ဦး၏ရင်ခုန်သံလို ၀ရုန်းသုန်းကားဆန်စွာပင် လှချင်တိုင်းကိုလှနေလေတော့သည်။ရေပြင်ပေါ်မှ လမ်းလျှောက်လာသည့် လူကြီးလူကောင်းဆန်သည်ဟု ထင်ရလောက်အောင် ပြင်ဆင်ထားသော လေတစ်ချို့သည်လည်း အလိုက်မသိစွာပင် ပုခုံးအားခဏခဏ ၀င်တိုက်သွားနေသည်။ အားလုံးသည် မတူနိုင်ခြင်းများထဲမှ တူညီနေတာတစ်ခုရှိသည်။ သူတို့ အချင်းချင်း တစ်ယောက်ကိုတစ်ယောက်မသိကြခြင်းပင်ဖြစ်သည်။ပတ်ဝန်းကျင်တွင် အမှောင်တချို့ မိုးစက်များလို တဖွဲဖွဲကျဆင်းလာပြီ။
“ သြော်………လူတွေပြောပြောနေကြတဲ့ နေ၀င်ချိန်ဆိုတာရောက်လာပြီကိုး…….။”
လူ…….ဟုတ်လား။သူပြန်စဉ်းစားကြည့်သည်။အဲ့ဒီလူဆိုသည့်သတ္တ၀ါတွေဟာ တော်တော်ကို
ရယ်စရာကောင်းတာပဲ။သူ့ခရီးသူဆက်နေရတဲ့ နေကိုလည်း ၀င်တယ၊်ထွက်တယ် တွေသတ်မှတ်ကြတယ်။ပြီးတော့……လကွယ်တယ်၊လဆုတ်တယ်၊လပြည့်တယ် တဲ့။ဘယ်သူကတမင်တကာဖုံးထားလို့ ကွယ်တာလဲ။ဘယ်သူက တွန်းလို့ ဆုတ်သွားတာလဲ။ဘယ်သူကဖြည့်လို့ ပြည့်သွားတာလဲ။သဘာဝက ခရီးသွားဟန်လွှဲ နှုတ်ဆက်တာကို သူတို့ အတွက်ပဲ တကူးတက ထွက်လာသလိုလို ဘာလိုလို။တကယ့်တကယ်တမ်းတော့ လူဆိုတာ ကိုယ်နိုင်သလောက် ကိုယ် ရှုးနေကြသူများပင်ဖြစ်သည်။
အခန်း(ခ)
သူနှစ်ချိုက်စွာအိပ်ပျော်နေလေသည်။သူ့ဘေးနားမှ…..ဆူညံသံတချို့ကြောင့် ရုတ်တရက်လန့်နိုးသွားသည်။အိပ်မှုံစုံမွှားဖြင့် တစ်ချက်သန်းဝေကာ ဘေးကိုကြည့်မိလိုက်သည်။ကောင်လေးနှင့်ကောင်မလေး…တစ်ယောက်
(သြော်…စကားပြောလောသွားတယ်၊နှစ်ယောက်ပေါင်း၍တစ်ယောက်ကိုဆိုလိုခြင်းဖြစ်သည်)
အတတ်နိုင်ဆုံးထိန်းသိမ်းထားရသည့်လေသံဖြင့် ကောင်လေးကပြောသည်။
“မင်း ဘာလို့ ငါမရှိတဲ့အချိန်တွေမှာ တခြားတစ်ယောက်နဲ့ တွဲနေရတာလဲ”။ဒီတော့ကောင်မလေးက တိုက်ပွဲဝင်နေကြ စစ်သူရဲတစ်ဦး၏လေသံဖြင့် အေးဆေးစွာပင် ပြန်ပြောသည်။
“အင်းလေ……..ရှင်မရှိလို့ တွဲတာလေ….ဘာဖြစ်လဲ..တဲ့”ထိုအခါ…..ငရုပ်သီးစားထားသောမီးတောင်ကို စနက်တံ တပ်ပေးလိုက်သလို..ပေါက်ကွဲတော့သည်။ “မင်းဟာ….ကိုယ့်ဘက်ကိုပဲ..ကြည့်တဲ့….အတ္တမျိုးနွယ်ပဲ”
“သြော်….ဒါဆိုရှင်ကြတော့သိပ်မှန်တယ်ပေါ့……ကျွန်မဘေးမှာရှင်အချိန်ပြည့်ရှိနေပေးခဲ့လား………လိုအပ်ချိန်တိုင်းရော..အဆင်သင့်ရှိခဲ့လား….ဒါတွေကရှင့်အမှန်တရားတွေပေါ့…….” ။ “ဟာ…..မင်းဒီလိုတော့မပြောနဲ့လေ……ငါလုပ်နေတာတွေကဘယ်သူ့ အတွက်လဲ…..ငါတို့ ဖြစ်ချင်တာတွေအတွက် မဖြစ်ချင်တာတွေကို လုပ်နေရတာလေ…နည်းနည်းပါးပါး မင်းငါ့ကိုနားလည်ပေးဖူးလား….အလိုက်သိဖူးလား…..မင်းဟာတကယ်တန်း မေတ္တာနဲ့မတန်တဲ့မိန်းမပဲ”
နှစ်ဦးစလုံးဘာစကားမှမဆိုဖြစ်တော့ပဲ…ငြိမ်သက်သွားသည်။မုန်တိုင်း၏သတိပေးကြေငြာချက်တို့  တ၀ိုးဝိုး
လှုပ်ခါလာသည်။တစ်ယောက်နှင့်တစ်ယောက် အတန်ကြာ စိုက်ကြည့်နေကြသည်။စကားတစ်ခွန်းအား နှစ်ဦးသား တိုင်ပင်ထားသလို နားလည်မှု့ကြီးစွာဖြင့် ဆိုလိုက်ကြသည်။
“ငါတို့ / ကျွန်မ တို့ ဒီနေ့တွေ့ တာ ဘ၀အဆက်ဆက်စာ နောက်ဆုံးပဲလို့  သတ်မှတ်လိုက်ကြတာပေါ့”
နှစ်ဦးစလုံးသည် လိုအပ်မှု့နာမ်စား အချစ်ဆိုသည့်အရာအား ထားခဲ့၍ အမှန်တရားဟုခေါ်သော ကိုယ်ပိုင်အတ္တများအား သယ်ပိုးကာ တစ်ယောက်တစ်လမ်းစီထွက်ခွာသွားကြသည်။ထိုနှစ်ဦးအားကြည့်၍ လက်ထဲမှလွတ်ကျမှာဂရုစိုက်ရသော ဖန်ခွက်လို စကားလုံးတစ်ခုကို အလန့်တကြား ရေရွတ်နေမိသည်။
                                            အမှန်တရား……………..
                                            အမှန်တရား……………..
                                            အမှန်တရား……………..။
အခန်း(ဂ)
တနေ့ ကျွန်ုပ်ရှေ့တွင် အတွေးအခေါ်အားကိုးဖြင့်မိုက်နေသော သူတစ်ယောက်နှင့် လက်နက်အားကိုးဖြင့်မိုက်နေသော လူတစ်ယောက် ငြင်းခုံရင်းဖြင့် ထ၍ရိုက်နှက်ကြကုန်သည်။ သူလည်း… ထရံပေါက်မှ ပြဇာတ်ချောင်းကြည့်နေသူလို စိတ်ဝင်တစားကို ကြည့်နေမိသည်။ ထိုအခိုက် ညနေခင်းမှထတတ်သော ယုန်တစ်ကောင်ပုံပြင်ထဲမှ ခုန်ထွက်လာသည်။နောက်ပြီး မြေခွေးတစ်ကောင်ထွက်လာသည်။ ဘာဖြစ်ကြတာလဲဟုမေးသည်။
ထိုအခါ အတွေးအခေါ်အားကိုးဖြင့်မိုက်နေသော သူကစပြောသည်။ “ဒီကောင်ပေါ့…….ကျုပ်အယူအဆကို လက်မခံလို့ ထရိုက်လိုက်တာ”။ လက်နက်အားကိုးသော ငနဲ့ ကလည်းမခေ။ “မင်းအယူအဆအမှားကြီးကို ငါကဘာလို့ လက်ခံရမှာလဲ။အရှုးတွေပဲသွားပြော ငါ့လာမပြောနဲ့ ”။
ပွဲလည်း ရုန်းရင်းဆန်ခတ်ပြန်၍ ဖြစ်လာသည်။မြေခွေးကမပြော။ယုန်ကပြောသည်။
“တော်ကြစမ်း…တော်ကြစမ်း။မင်းတို့ ငြင်းခုံနေတာ ဘာအယူအဆလည်း ငါ့ကိုပြောပြစမ်း။ငါဖြေရှင်းပေးမယ်။”
ထိုအခါ အတွေးအခေါ်အားကိုးသောသူကပြောသည်။ “ကျွန်တော်က ကောင်းကင်ဟာ အနက်ရောင်လို့ ပြောတာကို အဲ့ဒီစာမတတ်တဲ့ သကောင့်သား ကလက်မခံဘူး။ကျွန်တော့်ကို ရှုးနေတယ်လို့ ပြောတယ်။ဒါကြောင့်….ရိုက်လိုက်တာ”။ လက်နက်အားကိုးသည့်ငနဲ့ ကလည်းပြန်ပြောသည်။
“ကဲ……ခင်ဗျားတို့  မြင်ပြီမဟုတ်လား။ဒီလူရှုးနေလား မရှုးဘူးလားဆိုတာ။အပြာရောင်ကြီး မြင်နေလျှက်သားနဲ့  အနက်ရောင်လို့ လျှောက်ပြောနေတယ်။ဒါကြောင့် ကျွန်တော်ပြောတာ”။
မြေခွေးကမပြော။ယုန်က အနည်းငယ်စဉ်းစားဟန်ပြုပြီး လေးလေးနက်နက် ပြောသည်။
“ကဲ….ကဲ…….အဲ့ဒီကိစ္စဆိုရင် အချိန်ကုန်ခံပြီး ငြင်းမနေတော့နဲ့ ။အချိန်ကုန်တယ်။ဘာလို့ လဲ ဆိုတော့ မင်းတို့ နှစ်ယောက်လုံး မှားတယ်။ ကောင်းကင်ဟာ အနက်ရောင်လည်းမဟုတ်ဘူး၊အပြာရောင်လဲမဟုတ်ဘူး၊ လိမ္မော်ရောင်ပဲ…….။ရှင်းပြီနော်…….ဆက်ရန်ဖြစ်မနေတော့နဲ့ ”။
ထိုအချိန်မှ မြေခွေးကပြောသည်။ “ငါကတော့ အပြာရောင်တွေ၊လိမ္မော်ရောင်တွေ၊အနက်ရောင်တွေ အမှန်တရားတွေ စိတ်မ၀င်စားဘူး…..သိလည်းမသိဘူး၊ငါစိတ်ဝင်စားတဲ့ …..ငါသိတဲ့ အမှန်တရားကတော့ ငါ့ရှေ့ မှာရှိတဲ့ ညစာပဲ” ဟုဆိုကာ ရှေ့ မှာရှိနေသော ယုန်အားကိုက်ချီကာ ပုံပြင်ထဲပြန်ဝင်သွားသည်။
                                 အမှန်တရား…………………..
                                အမှန်တရား………………………..
                                အမှန်တရား………………………။
အခန်း(ဃ)
အချိန်ကာလသည် ပြက္ကဒိန်၏ လောင်ကျွမ်းမှု့အရ သုံးနှစ်စာအိုစာသွားသည်။သူလည်းရုပ်ရည်ကော စိတ်ဓါတ်ပါ အတန်အသင့် ရင့်ကျက်လာခဲ့သည်။သုံးနှစ်စာပျောက်နေသောအမှန်တရားသည် သူ့ သားသမီးများလကထက်တွင် တဖန်ပြန်၍ ပေါ်ပေါက်လာခဲ့ပြန်သည်။
ဟိုတစ်ယောက်က သူ့ အမှန်တရားသည် မီးဖြစ်သည်ဟုပြောသည်။ဒီတစ်ယောက်က သူ့ အမှန်တရားဟာ အိမ်ဖြစ်သည်ဟုပြောသည်။နောက်တစ်ယောက်က ခုံဖြစ်သည်ဟုပြောသည်။အခန်းဖြစ်သည်ဟုပြောသည်။အိပ်ရာဖြစ်သည်ဟုပြောသည်။
သူ အမှန်တရားအကြောင်းကို မစဉ်းစားချင်တော့။သိလည်းမသိချင်တော့။သူ့ ကိုယ်သူ သဘာဝတရားဟုခေါ်ဆိုလက်ခံလိုက်သည်။သူအမှန်တရားကိုရှိသည်ဟုလက်မခံတော့……သဘာဝတရားသာ ဖြစ်သည်ဟု ယုံကြည်လိုက်တော့သည်။
……………………………………………………………..နိဒါန်း………………………………………………………………….
နောက်တနေ့  လူတချို့ရောက်လာသည်။တချို့ကသူ့ ကိုတိုင်းတာကြသည်။တချို့ကကြိုးနှင့်ချည်သည်။ တချို့ကသူ့ဝိဥာဉ်ကိုနှုတ်ယူ့ မည့်နတ်ဆိုးများကို လှုပ်နှိုးနေကြသည်။တချို့ကသနားကြသည်။ တချို့ကဟားကြသည်။တချို့ကတော့ သူကိုစတင် ခုတ်နေလေပြီ………။သူမျက်စိကိုစုံမှိတ်လိုက်ကာ နောက်ဆုံးထွက်သက်တချို့ကို သစ်ရွက်အဖြစ်ချွေချလိုက်သည်။
                    သူသည်သစ်ပင်တစ်ပင်ဖြစ်ခဲ့ဖူးလိမ့်မည်။
                                                                                                    terry(25.9.2011)2:00-5:30
                                                                   [email protected]
In: ဝတ္ထု Posted By: Date: Oct 2, 2011
Comment #1
သတ်ပုံအကျလေးတွေကလွဲရင် ကျန်တာအားလုံးကောင်းတယ် ကိုတယ်ရီ 🙂
commentinfo By: မိုးသစ်လေပြေ at Oct 2, 2011
Comment #2
အမှန်တရား…………
အမှန်တရား…………
အမှန်တရား………… မျောကတော့ အမှန်တရားကို ကြောက်တယ်..
ဝတ္ထုလေး.ထဲကသစ်ပင်လိုဖြစ်မှာလဲစိုးတယ်…ဝတ္ထုလေးကောင်းတယ်မောင်လေးရယ် …
commentinfo By: sharon myorr myor at Oct 2, 2011
Comment #3
တကယ်တော့ အမှန်တရားဆိုတာ လောကကြီးမှာ တကယ်မရှိတဲ့ အမှန်တရား တခုပါပဲ။
ချီရွန် ( ပုလဲ )
commentinfo By: ChIr0N at Oct 3, 2011
Comment #4
မိုက်တယ်
commentinfo By: Nat Khat Sue at Oct 3, 2011
Comment #5
ပထမဆုံးဝတ္ထှုပြောလို့သာသိရတာ လက်ပေါက်ကအတော်စိတ်တာပါလားကိုကြီးရယ် အရမ်းဖတ်လို့ကောင်းတယ် ဒါပေမဲ့ အပြစ်မရှိအပြစ်ရှာရရင်တော့ သက်ပုံအမှားလေးတွေ တစ်ချို့သောနေရာတွေမှာ စကားလုံးနည်းနည်းသုံးစွဲလွန်တယ်လို့တော့ထင်တယ် ဘယ်လိုပဲဖတ်ဖတ်ပါ တကယ်ကောင်းတဲ့ဝတ္ထုပါကိုကြီးတယ်ရီ လေးစားပါတယ်ကိုတယ်ရီရေ……:)
commentinfo By: မောင်မြတ်သူ(ခေတ္တ-လှည်းတန်း) at Oct 3, 2011
Comment #6
အားပေးသွားပ်တယ် ကိုတယ်ရီ…။ကျွန်တော်ရေးတဲ့ ပထမ Comment က Connection ကြောင့် မရောက်ဘူး ဖြစ်နေတယ်…။ အခု နောက်တစ်ခါ ပြန်ပြီး ပေးတာပါ…။ စာတွေတော့ အများကြီး မရေးနိုင်တော့လို့ အတို ချုံး ပြီူးပဲ ပြောလိုက်တော့မယ်…။ အစ်ကို့ ဝတ္ထုလေး အရမ်းကောင်းပါတယ်….။
ကျွန်တော်လဲ ကိုတယ်ရီရဲ့ ဝတ္ထုလေးထဲကလိုတော့ သစ်ပင်လေး မဖြစ်ပါရစေနဲ့ဗျာ….။
အားပေးလျက်…..။
ဇော်သက်ဦး(Ayatekalay)
commentinfo By: ဇော်သက်ဦး(Ayatekalay) at Oct 3, 2011
Comment #7
ကောင်းတယ်ကိုတယ်ရီ….ရေးထားတဲ့အရေးအသားတွေလည်းတစ်မျိုးဆန်းတယ်။
အားပေးသွားတယ်။ကိုတယ်ရီ…good
commentinfo By: poem.poem28 at Oct 3, 2011
Comment #8
ကောင်းတယ် ဗျာ ၀တ္ထု တည်ဆောက်ထားပုံလေး တင်ပြထားပုံလေးတွေက ပထမဆုံး ရေးတဲ့ ၀တ္ထုလို့ လို့ တောင် ထင်ရက် စရာမရှိဘူး… စကားလုံးတွေ ဖွဲ့ ဆို ထားတာတွေ များနေတယ်ထင်တယ်
အားပေးသွားပါတယ်..ဆက်လက်ပြီး ကိုတယ်ရီ ၀တ္ထု တွေကို စောင့်စားနေပါမယ်
Comment #9
ကောင်းတယ်ဆိုတာထက်…
ဘာမှ..သိပ်မပြောတော့ဘူး…..အားလုံး…ပြောခဲ့ပြီးကြပြီဆိုတော့………
ဖြစ်တယ်မှတ်လား..ဘဘကြီး
commentinfo By: အသဲကွဲမိုး at Oct 5, 2011
Comment #10
စောရီး ကိုတယ်ရီ စာရောက်နေတာ ကြာပီ လိုင်းပေါ် မတက်ဖြစ်အောင် အလုပ်တွေ ရှုပ်နေလိုနော် တော်တော် လေး ကောင်းပါတယ် သတ်ပုံ အကျ လေး ပဲ နည်းနည်း ပြောစရာရှိတာ ပါ ပထမ ဆုံး ဆိုပေမယ်. ပထမ ဆုံး ဆိုတဲ့ အတွေ့ အကြုံနဲ့ မလိုက်အောင် တော်တော် ကောင်းပါတယ် ကျေးဇူးလည်းတင်ပါတယ် တကူး တက ပို.ပေးတဲ့ အတွက် အ၇မ်း ကောင်းပါတယ် ကိုတယ်ရီ ဆက်ပီး ကြိုးစားပါဦး နော် နောက်တစ် ပုဒ်ကို စောင်.နေတယ်နော် လေးစားစွာဖြင်.
commentinfo By: wxad at Oct 8, 2011
Comment #11
အဲဒီသစ်ပင်မှာလည်း အိပ်မက်တစ်ခုတော့ရှိမှာပါ။
လူတွေအတွက် နွေးထွေးမှုပေးတဲ့ မီးတစ်ရှို့စာဖြစ်ဖြစ်။
ပညာ လိုသူတွေအတွက် စာကြည့်ခုံဖြစ်ဖြစ်၊
ပျော်ရွှင်ဖွယ်ရာမိသားစုအတွက် စားပွဲခုံဖြစ်ဖြစ်၊
လုံခြုံမှုအတွက် အိမ်ဖြစ်ဖြစ်၊
နောက်ဆုံး
အမှီသဟဲပြုစရာတစ်ခုခုပေါ့။
commentinfo By: paingtha at Oct 22, 2011
Comment #12
အရေးအသားလေးတွေက တစ်မျိုးထူးခြားနေတယ်။ကောင်းတယ်။တော်တယ်လို့ပြောတယ်ဗျာ….
commentinfo By: SaiNLin at Dec 19, 2011
Leave Comments
Name*
Email*
Website
Email me whenever there is new comment