Professional Authors

ကဗျာပုလင်းငယ်ငယ် …

ကဗျာပုလင်းငယ် … ကျမတွင်ပန်းနုရောင် ကဗျာပုလင်း ငယ်ငယ်လေး တစ်လုံး ရှိသည် … ။ ကျမ စာကြည့်စားပွဲ၏ ကျမနှင့် အနီးကပ်ဆုံးနေရာတွင် သူကလေးကို ထားပါသည် … ။ ချစ်စရာ ကဗျာပုလင်းငယ် … ထိုကဗျာပုလင်းလေးထဲသို့ … ပထမဆုံးအဖြစ် .. ငှက်ကလေး ဟူသော ကဗျာ တစ်ပုဒ် ကျမ လက်ဆောင် ထည့်ပေးခဲ့၏ … ကျမ စာကြည့်စားပွဲတွင် မရှိသော အချိန်များတွင် … ကျမ၏ ကဗျာပုလင်းငယ်ကလေး ပျင်းရိ ညည်းငွေ့မနေရတော့ပေ … သူ့ကို ငှက်ကလေး တစ်ကောင် ကျမ လက်ဆောင်ပေးခဲ့သည် … ။ ပျော်ရွှင်နေသော ကဗျာပုလင်းငယ်၏ ပုံရိပ်သည် .. ကျွန်မအား ကြည်နူးမှု အပြည့်အ၀ ပေးလေသည် … ။ကျမ၏ ကဗျာပုလင်းလေး ပျော်ရွှင်နေပါသည် … ကျမလဲ ပျော်ရွှင်နေပါသည် … ။

    တစ်ရက် .. ကျမကျောင်းမှ ပြန်လာချိန် … ကျမစာကြည့်စားပွဲပေါ်တွင် ညှိုးငယ်နေသော ကဗျာပုလင်းလေးကို တွေ့လိုက်ရသည် … ။ ဘာဖြစ်လဲ .. ဘာဖြစ်လို့လဲ ကျမ၏ ကဗျာ ပုလင်းလေးကို ဘယ်သူများ ၀မ်းနည်းအောင် လုပ်လိုက်ပါသလဲ … ။ ပုလင်းလေးဆီမှ ထူးခြားမှု တစ်ခုကို တွေ့လိုက်ရသည် … ငှက်ကလေး … ဟုတ်သည် … သူ၏ ငှက်ကလေး မရှိတော့ပါ … အဝေးသို့ ပျံသန်းသွားလေပြီ … ကဗျာပုလင်းလေး ၀မ်းနည်းစွာ ငိုကြွေးနေခဲ့ရပြီ …။

 

    ပုလင်းလေးရယ် … မငိုပါနဲ့ .. ငှက်ဆိုတာ ပျံသန်းတတ်တဲ့     အမျိုးလေကွယ် … မငိုပါနဲ့ … ငါ နင့်ကို နောက်ထပ် ကဗျာ     တစ်ပုဒ် လက်ဆောင်ပေးမယ်နော် …     

 

    ကျမ ပုလင်းလေးကို ကတိပေးထားသည့်အတိုင်း … နောက်ထပ်ကဗျာ တစ်ပုဒ် လက်ဆောင်ထည့်ပေးခဲ့သည် … ကဗျာ နာမည်က … ကြိုး .. တဲ့ … ။ ကျမ အပြင်က ပြန်ေ၇ာက်တော့ … ပုလင်းလေး ကြိုးစားပမ်းစားနှင့် တစ်ခုခုကို စိုးရိမ်တစ်ကြီး ပြု နေခဲ့သည် … ။ သေချာကြည့်လိုက်တော့ … ။

 

    ဟားဟား … ကဗျာပုလင်းလေးရယ် … ကြိုးဆိုတာ ထပ်ပြီး ချည်နှောင်ထားဖို့ မလိုဘူးလေကွယ်နော် … ။ ဘာလို့လဲဆိုတော့ သူကိုယ်တိုင်က ကြိုးမို့လို့ပဲပေါ့ … သူက မင်းကို ထားပြီး ထွက်သွားတော့မှာ မဟုတ်ဘူးလေနော် … မင်းတစ်ယောက်ထဲ ကျန်ခဲ့ရတော့မှာမဟုတ်ပါဘူး … ။

 

    ကျမ၏ ကဗျာပုလင်းငယ်ငယ် ခုမှ စိတ်သက်သာရာ ရသွားသည် … အော် .. သူလဲ ကလေးလေးလိုပါပဲလား … ။ သူ အရင်လို ပျော်ပျော်ရွှင်ရွှင် ပြန်ဖြစ်လာသည် … ။ ကျမ၏ကဗျာပုလင်းလေး ပျော်ရွှင်နေပါသည် … ကျမလဲ ပျော်ရွှင်နေပါသည် … ။

    ကျမ အလုပ်တွေ ရှုပ်နေခဲ့သည် … လူမှုရေး … အိမ်တွင်းရေး .. ပညာရေး … မျိုးစုံသော အရေးများဖြင့် .. ကျမ၏ ကဗျာပုလင်းလေးကို … ပစ်ထားမိသလိုဖြစ်ခဲ့သည် … ။ သို့သော် .. ကဗျာပုလင်းငယ်တွင် .. ကြိုးကလေး ရှိသည် မဟုတ်ပါလား … ကျမ စိတ်မပူပါ … ကျမ၏ ကဗျာပုလင်းငယ်ငယ် အထီးကျန်နေမည် မဟုတ်ပါ … ။ ကြိုးကလေးက သူ၏ အကောင်းဆုံး အဖော်မွန် ဖြစ်ပေးပါလိမ့်မည် … ။ ထိုသို့ဖြင့် .. ကျမ၏ ကဗျာပုလင်းငယ်သည် ကျမ ၏ ရည်ညွှန်းစာအုပ်များ .. ကိုးကား စာအုပ်များ .. ဖတ်စာအုပ်များဖြင့် ပြည့်နှက်နေသော စာကြည့်စားပွဲ၏ ချောင်ကျကျ ထောင့်တစ်နေရာသို့ ရောက်မှန်း မသိ ရောက်ရှိနေခဲ့သည် … ။

 

    မိုးရွာသော နေ့တစ်နေ့ … ကျမ ကဗျာပုလင်းလေးကို ဂရုမစိုက်တာ ကြာခဲ့ပြီဟူသော အလန့်တစ်ကြား အသိတစ်ခုဖြင့် .. ကျမ သူ့ဆီ ပြေးသွားခဲ့မိသည် … ။ ကျမ၏ ပုလင်းငယ် ရှိပါသေးရဲ့လား … ကြိုးကလေးနှင့်ပျော်ရွှင်နေကာ ကျမအား မေ့သွားပြီလား … ။   

 

    ဟင် … ကျမ၏ ကဗျာပုလင်းလေး … စာကြည့်စားပွဲ၏ ချောင်ကျကျ နေရာလေးတွင် ငြိမ်သက်နေသည် … ဟာ … အရောင် … ကျမ၏ ပန်းနုရောင် ကဗျာပုလင်းလေးသည် … နီစွေးသော သွေးရောင်သို့ ပြောင်းလဲ နေလေပြီ … သူ .. နာကျင်စွာ ညည်းညူနေသည် … ကြိုး … ထိုကြိုး … ထိုကြိုး သည် .. ကျမချစ်သော ကဗျာ ပုလင်းလေးကို တင်းကျပ်စွာ ရစ်ပတ်ထားခဲ့သည် … ကျမ၏ ကဗျာပုလင်းငယ်ငယ်ကို ရုန်းကန်၍ မရအောင် တုပ်နှောင်ထားခဲ့သည် … ။ ကျမ၏ ကဗျာပုလင်းလေး နာကျင်စွာ ညည်းညူနေရလေပြီ … ။ ထိုကြိုးများကို ကျမ နာကျည်း စွာ ကတ်ကြေးဖြင့် ကိုက်ဖြတ်ပစ်လိုက်သည် … တစ်ချက် … နောက်တစ်ချက် .. ပြီးတော့ နောက်တစ်ချက် … ထိုကြိုးကို အပိုင်းပိုင်းပြတ်အောင် ကျမ ကိုက်ဖြတ်ပစ်သည် … ။ ကျမ၏ ကဗျာပုလင်းငယ်ငယ် ဝေဒနာများ သက်သာလေမလား … ။ ဟင့်အင်း … သူငိုကြွေးနေတုန်းပဲ … ။ ကျမ သူ့ကို ပွေ့ပိုက်ထားသည်  … သူငိုကြွေးနေဆဲဖြစ်သည် … ။ ကျမ ရင်ခွင်ထဲတွင် တစ်ချက်လူးလွန့်လိုက်သည် … ထို့နောက် ကဗျာပုလင်းငယ်ငယ် … ကျမ၏ ချစ်စရာ ပန်းနုရောင် ကဗျာပုလင်းငယ်ကလေးသည် … နီစွေးသော သွေးများ စွန်းပေလျှက် …. ။

 

        ကျမ ကြိုးများကို အလွန်မုန်းပါသည် … ။

 

In: ဝတ္ထု Posted By: Date: Oct 12, 2011
Comment #1

အရင်ဆုံး ကျွန်တော်ဝန်ခံလိုပါသည်။ ဒီဝတ္ထုလေး ကိုဖတ်မိပြီးနောက် စိတ်ထဲကြေကွဲခံစားရပါသည်။ အစမှအဆုံး ခံစားမှုများကို တောက်လျှောက် ဆွဲတင်ပေးသွားပြီး အဆုံးမှာ ရင်ထဲ မွန်းကျပ်သလို ဖြစ်ခဲ့ရပါတယ်ခင်ဗျာ။ စာရေးသူ ငယ်လေးကို အရေးအဖွဲ့ကောင်းသူအဖြစ် ချီးကျူးမိပါသည်. ။ ထိုပုလင်းငယ်လေးမှာ သက်ရှိလေးအဖြစ် တကယ်ပဲ ရုပ်လုံးကြွခဲ့ပါသည်ဟု … ကျေးဇူးတင်ပါသည် စာရေးသူခင်ဗျာ…။

commentinfo By: မိုးလူ at Oct 12, 2011
Comment #2

ဟုတ် … ဝေဖန်ပေးတာ ကျေးဇူးတင်ပါတယ်ရှင့် … ။
မဖြစ်ညစ်ကျယ် ရေးတတ်သလိုလေး ရေးထားတာ …
ဒီလိုလေး ဝေဖန်တာတွေ့ရတော့ … တကယ် အားတက်သွားတယ် …
ကျေးဇူးတင်ပါတယ် အကို(အမ) မိုးလူ … ။

commentinfo By: Nge Lay at Oct 12, 2011
Comment #3

ဟုတ်ကဲ…စောစောလေးတော့ ကြိုပြောထားပါရစေ..ကျွန်တော့်ကို ( အမ) ဆိုတဲ့ စကားလုံးလေးမထည့်ရင် ရပါပြီလို့ ….။

ခင်တဲ့ မိုးလူ

commentinfo By: မိုးလူ at Oct 12, 2011
Comment #4

ဟီး … ဟုတ်ကဲ့ …
အကိုမှန်းမသိ အမမှန်းမသိလို့ပါ …
တော်ကြာမှားခေါ်မိမှာစိုးလို့ ….

commentinfo By: Nge Lay at Oct 12, 2011
Comment #5

ကျွန်တော်လည်း ကြိုးများကိုအလွန်မုန်းပါသည် အထူးသဖြင့် ပလတ်စတစ်ကြိုး ( just kidding)
စာရေးသူရဲ့ ဝတ္ထုကတော်တော်လေး အသက်ဝင်ပါတယ် တကယ်ဖတ်လို့ကောင်းတဲ့ ဝတ္ထုတစ်ပုဒ်ပါ အားပေးသွားပါတယ် ။

commentinfo By: X - ray at Oct 12, 2011
Comment #6

ဟုတ် … အားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် … 🙂

commentinfo By: Nge Lay at Oct 12, 2011
Comment #7

သိပ်ကောင်းတယ်…မငယ်လေး
တကယ်ခံစားရတယ်…
အားပေးနေမယ်နော်..

commentinfo By: sharon myorr myor at Nov 3, 2011
Comment #8

ဟုတ်ကဲ့ … ကျေးဇူးပါ အမ … 🙂

commentinfo By: Nge Lay at Nov 4, 2011
Comment #9

အရမ်းသဘောကျတယ်

commentinfo By: kaungkinsoe at Nov 20, 2011
Comment #10

ကျေးဇူးတင်ပါတယ်ရှင် …

commentinfo By: Nge Lay at Nov 20, 2011
Comment #11

ငယ်လေး

ကြိုးလေးရဲ့ အပြစ်မဟုတ်ပါဘူးကွာ…..

ကြိုးဆိုတာ နဂိုကတည်းက ချည်ဖို့ အတွက် လုပ်ထားတာကို

ဒါပေမယ့် ငယ်လေးစာသားလေးတွေက ရုပ်လုံးကြွတယ်
ကောင်းတယ်

commentinfo By: ကောင်းကင်ချို at Dec 12, 2011
Comment #12

ကျေးဇူး မ’ ရေ … အမ မန့်ထားတာကို ခုမှ မြင်တယ်ရယ် … 🙂

commentinfo By: Nge Lay at Feb 25, 2012
Comment #13

really nice

commentinfo By: ei lay at Feb 25, 2012
Comment #14

ဒီ Poems Corner က သူများဟာတွေပဲ လိုက်ယူ ပြန်ပြင်ရေးတတ်ကြတာလား..
ဘာတွေလဲ
သူများခံစားချက်တွေနဲ့ တိုက်ဆိုင်လို့ ယူချင်တယ်ဆိုရင် credit to လောက်တော့ သုံးရမှန်း မသိကြတာလား

commentinfo By: အိဖူး at Jun 24, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment