ကြိုးကလေး … ။
မေမေရေ …
သမီးမှာကြိုးလေးတစ်ချောင်း ရှိတယ် …
ဖြူဖြူ ပျော့ပျော့ …
မျက်လုံး ချိုချိုနဲ့ ကြိုးကလေး … ။
မေမေရေ …
အဲ့ကြိုးကလေးက ..
သမီးရဲ့ အိမ်မက်တွေကို သီပေးတယ် …
သမီးရဲ့ စိတ်ကူးတွေကို ရစ်ပတ်လို့ …
ဒါဏ်ရာ တချို့ကိုလဲ သက်သာစေခဲ့ပါရဲ့ ..
မေမေရေ …
ကြိုးကလေးတွေက ..
မြွေလိုပဲနော် … လူကို ရစ်ပတ် …
ပြီးရင် အသေများ သတ်ပစ်ဦးမှာလား …
မေမေရေ …
ဗန်ဂိုးရဲ့ ကြယ်တွေစုံတဲ့ ည မဟုတ်တောင် ..
သမီးရဲ့ ကြယ်စုံကောင်းကင် ကိုတော့ သမီးပိုင်လေရဲ့ …
ဆရာမဂျူးရဲ့ အမှတ်တရ မဟုတ်တောင် …
သမီးရဲ့ချစ်သူ တမ်းချင်း .. သမီးမှာ ရှိတယ်လေ …
ဒါပေမယ့်မေမေ …
သမီးရဲ့ ကြိုးကလေးကိုတော့ ..
သမီး မပိုင်ခဲ့ဘူး …
မေမေ …
သမီးကြိုးကလေးကို
တင်းတင်း တောင် မဆွဲရက်ပါဘူး မေမေ …
ကြိုးကလေး ပြတ်သွားရင် ဘယ့်နှယ့်လုပ်ရပါ့ …
မေမေရေ ….
ဘာမှ မမျှော်လင့်ဘူး ပြောလဲ ..
ဘာကို မဆို အသားကျကျ အလိုက်သင့်နေနိုင်ဖို့
သမီး မျှော်လင့် မိပြန်ပြီလေ …
မေမေရေ …
ငယ်ငယ်တုန်းက .. မီးနဲ့ မဆော့နဲ့ပဲ သင်ခဲ့တာ …
ကြိုးနဲ့ မဆော့နဲ့လို့ပါ .. မေမေ သင်ခဲ့သင့်တာရော … ။
Comment #2
ဒီကဗျာလေးလည်းကောင်းတာပဲဗျ။တစ်မျိုးဆန်တယ်။အားပေးသွားပါတယ်။
Comment #4
ကျွန်တော်လည်း ကြိုးကြောက်သူတစ်ဦးပါ
ကဗျာလေး ကောင်းတယ်ဗျ
အားပေးတယ် ။
Comment #5
x ray ka bar loh kyoe ko kyauk tar le hin?
bar phyit loh le?
Comment #1
ဗန်ဂိုးရဲ့ ကြယ်တွေစုံတဲ့ ည မဟုတ်တောင် ..
သမီးရဲ့ ကြယ်စုံကောင်းကင် ကိုတော့ သမီးပိုင်လေရဲ့ …
မေမေရေ …
ငယ်ငယ်တုန်းက .. မီးနဲ့ မဆော့နဲ့ပဲ သင်ခဲ့တာ …
ကြိုးနဲ့ မဆော့နဲ့လို့ပါ .. မေမေ သင်ခဲ့သင့်တာရော … ။