ပြဿဒါးရောင်ရှုခင်း
ညနေစာမသေချာတဲ့လမ်းဘေးဂျစ်ပဆီတစ်ယောက်ဟာ
“ ဆာလောင်ခြင်း ” ကိုသာ အံကြိတ်မြိုချနေရတယ်
လူစိမ်းကိုတောင် ဟောင်ခွင့်မရတဲ့
ခွေးတစ်ကောင်ရဲ့နာကျည်းချက်ဟာလဲ ခါးသက်နေပေလိမ့်မယ်
စားဝတ်နေရေးအတွက်
လမ်းဘေးညတွေကို ချရောင်းပစ်လိုက်ရတဲ့မိန်းမပျိုလေးရယ်
မင်းမျက်ရည်တွေဟာ ငါ့အတွက် ချော်ရည်ထက်ပူတယ်
ယုံကြည်ချက်နဲ့မျှားခဲ့မိသမျှ ကြယ်တစ်စင်းမှမရခဲ့တာလဲ ဘ၀ပဲ
အသွားထက်ထက်ဓားမြောင်တစ်လက်ရဲ့လောကဓံမှာ
စိတ်ကူးတွေ လူခြေတိတ်နေတာလဲ ဘ၀ပဲ
အဲဒီတော့
ဘ၀တစ်ခုစာအဆင်မပြေမှုတွေ ဘယ်တော့ ချုပ်ရိုးပြေမလဲ
ပြတင်းပေါ်လာနားတဲ့ရှုခင်းမှာ သီချင်းတစ်ပုဒ်မှ ပါမလာသေးဘူး
ပျံသန်းနေတဲ့ငှက်မှာလဲ အက်ကွဲကွဲရယ်သံတွေသာ တုန်လို့ခါလို့
ရှင်သန်မှုနဲ့မတန်အောင် တွန်းတိုက်ရုန်းကန်နေရတဲ့ဒဏ်ချက်များ
အခန်းအပြင်ဘက်ထွက်လိုက်တာနဲ့ မုဆိုးနံ့က ရပြီးသားပဲ
နှုတ်ခမ်းရောင်စုံ ဘီယာသွေးသားနဲ့
ကာဗွန်ဒိုင်အောက်ဆိုဒ်ယဉ်ကျေးမှုနဲ့
တစ်ကိုယ်မှတစ်ကိုယ် တွယ်ကပ်နစ်ဝင်နေခြင်းမှာ
ငွေနံ့ကြေးနံ့တွေ ရွှဲရွှဲစို…လို့
ဘယ်လောက်တောင် ရင်နာစရာကောင်းလိုက်ပါသလဲ
ချွေးစက်တွေမှာတောင် သွေးညှီနံ့တွေ ဆွတ်ပျံ့လို့
လူ့ဘ၀ဆိုတာ ကိုးဘုံမြောက်ငရဲခန်းမဟုတ်ရပါဘူး
ဘာကြောင့် မြို့ပြရိုးသားမှုက ဆင်ခြေဖုံးဆန်ပြီး
ဘာကြောင့် နှစ်ဆယ့်တစ်ရာစုက မြွေပါးကင်းပါးများနေရတာလဲ
ကိုယ့်မိသားစု ကိုယ်မှမချစ်ရင် ဘယ်သူမှမချစ်ဘူး
ကိုယ့်အမျိုးဘာသာသာသနာ ကိုယ်မှမစောင့်ရှောက်ရင်
ဘယ်သူမှ မစောင့်ရှောက်ဘူး
ကိုယ့်စာပေ ကိုယ့်ယဉ်ကျေးမှု ကိုယ်မှမထိန်းသိမ်းရင်
ဘယ်သူမှ မထိန်းသိမ်းဘူး
ကိုယ့်အနုပညာ ကိုယ်မှတန်ဖိုးမထားရင်
ဘယ်သူမှ တန်ဖိုးမထားဘူး
ကိုယ့်နိုင်ငံအရေး ကိုယ်မှမတွေးရင်
ဘယ်သူမှ မတွေးဘူး
လောကပါလတရား လူမှမကျင့်ကြံရင်
ဘယ်တိရစ္ဆာန်မှ မကျင့်ကြံဘူး
မာယာဝတ်ရုံကြီးနဲ့ ခုန်ပေါက်တွန်းထိုးနေမယ့်အစား
ကိုယ်ချင်းစာတရားကို ကိုယ်ခံပညာလို အသုံးချစမ်းပါ
ဣဿာမစ္ဆရိယဓားကြီးနဲ့ မည်းမည်းမြင်ရာ လိုက်ရမ်းနေမယ့်အစား
လောကမာတာအပေါ် ချိုကျိုးနွားလားဒွန်းစဏ္ဍားလို ချစ်စမ်းပါ
မြေနိမ်ရာဓားပေါက်ကျင့်တတ်တဲ့သီအိုရီဟာ
အခုထိ အရွယ်တင်တုန်းလား
ဝံပုလွေတစ်ကောင်ရဲ့သံခင်းတမန်ခင်းဆန်မှုမျိုးနဲ့
တစ်ယောက်ကိုတစ်ယောက် လိမ်လိမ်မာမာ ခုန်အုပ်နေကြ
သင်မကောင်းလျှင် ကျွန်ုပ်ဆိုးမည်ဝါဒနဲ့
တစ်ယောက်ကိုတစ်ယောက် သပ်သပ်ရပ်ရပ် ချောင်းမြောင်းနေကြ
ဒုက္ခိတစိတ်နဲ့ဒုက္ခအတိခန္ဓာကို ရွှေရည်စိမ်လဲ အရောင်မတောက်နိုင်ဘူး
သစ္စာတရားကို ခြေစုံကန်ခဲ့တဲ့ငှက်ဟာလဲ လူပဲ
သစ္စာတရားလှုပ်ခတ်လို့ ကြွေကျခဲ့ရတဲ့သစ်ရွက်ဟာလဲ လူပဲ
ငါ မောတယ်
တကယ်စိတ်ကူးထားတာက
ဒီနေ့ ချစ်သူနဲ့သူငယ်ချင်းတွေကို မွှေးမွှေးပေးပြီး သေပစ်လိုက်ဖို့
တကယ်စိတ်ကူးထားတာက
ဒီနေ့ ငါ့မျက်လုံးတွေကို ဆွဲချွတ်ပစ်လိုက်ဖို့
တကယ်စိတ်ကူးထားတာက
ခင်ဗျားတို့ကို လူသားဆန်မှုအကြောင်း နည်းနည်းပြောပြဖို့
တကယ်စိတ်ကူးထားတာက
တောင်ဝန်ရိုးစွန်းကနေ မြောက်ဝန်ရိုးစွန်းထိ
ငြိမ်းချမ်းရေးပိတောက်တွေ စိုက်ပျိုးဖို့
တကယ်စိတ်ကူးထားတာက . . .
တကယ်စိတ်ကူးထားတာက
ခွေးလေခွေးလွင့်တွေမှာ ချစ်ခြင်းမေတ္တာရှိရဲ့လားမေးဖို့
တကယ်စိတ်ကူးထားတာက
တကယ့်စိတ်ကူးပဲဖြစ်ခဲ့ရဲ့
ကိုသျှား
Comment #2

..
…
ကိုသျှား…မိုး အားပေးသွားတယ်
Comment #3
သစ္စာတရားကို ခြေစုံကန်ခဲ့တဲ့ငှက်ဟာလဲ လူပဲ
သစ္စာတရားလှုပ်ခတ်လို့ ကြွေကျခဲ့ရတဲ့သစ်ရွက်ဟာလဲ လူပဲ
သစ္စာတရားကို ခြေစုံကန်ခဲ့တဲ့ငှက်ဟာလဲ လူပဲ
သစ္စာတရားလှုပ်ခတ်လို့ ကြွေကျခဲ့ရတဲ့သစ်ရွက်ဟာလဲ လူပဲ
အဲ့နေရာတော်တော်ကိုကြိုက်တယ်..ဗျာ။
Comment #4
ယုံကြည်ချက်နဲ့မျှားခဲ့မိသမျှ ကြယ်တစ်စင်းမှမရခဲ့တာလဲ ဘ၀ပဲ
အသွားထက်ထက်ဓားမြောင်တစ်လက်ရဲ့လောကဓံမှာ
စိတ်ကူးတွေ လူခြေတိတ်နေတာလဲ ဘ၀ပဲ
သိပ်ကောင်းတဲ့ ကဗျာပါဗျာ။ ဘာမှကို ဝေဖန်ချက် မပေးဝံ့လောက်အောင် ပြည့်စုံပါတယ်။ လေးစားပါတယ် ကိုသျှား။
ချီရွန် ( ပုလဲ )
Comment #1
ကိုယ့်မိသားစု ကိုယ်မှမချစ်ရင် ဘယ်သူမှမချစ်ဘူး
ကိုယ့်အမျိုးဘာသာသာသနာ ကိုယ်မှမစောင့်ရှောက်ရင်
ဘယ်သူမှ မစောင့်ရှောက်ဘူး
ကိုယ့်စာပေ ကိုယ့်ယဉ်ကျေးမှု ကိုယ်မှမထိန်းသိမ်းရင်
ဘယ်သူမှ မထိန်းသိမ်းဘူး
ကိုယ့်အနုပညာ ကိုယ်မှတန်ဖိုးမထားရင်
ဘယ်သူမှ တန်ဖိုးမထားဘူး
ကိုယ့်နိုင်ငံအရေး ကိုယ်မှမတွေးရင်
ဘယ်သူမှ မတွေးဘူး
လောကပါလတရား လူမှမကျင့်ကြံရင်
ဘယ်တိရစ္ဆာန်မှ မကျင့်ကြံဘူး
..
နှစ်သက်သဘောကျခြင်းများစွာဖြင့် အားပေးသွားပါတယ် ကိုသျှား