သွေးအန်ဖတ်
ကကြီး၊ခခွေးကိုတောင်မသိသေးတဲ့ညီမလေးက
ကလေးကဗျာလေးတွေကို ရွတ်ဆိုရင်း
သူ့စိတ်သူ မပီကလာပီကလာ ဖွဲ့ဆိုကြည်နူးနေတတ်ပြီ
ဒေါသကြီးတတ်တဲ့ကျွန်တော့်ကဗျာစာအုပ်ထဲ
ဝလုံးလို့သူထင်နေတဲ့ပိန်ချွန်းချွန်းအက္ခရာလေးတွေ
ညီမလေးရေးခြစ်ထားတဲ့အခါ ကျွန်တော် ပျော်တယ်
သူမသိဘဲ သူခင်နေတဲ့ဖိုးသာထူးကြီးလို
အလွန်ဝတဲ့ညီမလေး
အသားလေးကဖွေးလို့ စိတ်သဘောထားလေးက ဖွေးလို့
သူနဲ့ရွယ်တူခွေးလေး၊ကြောင်လေးတွေနဲ့ ကစားတဲ့အခါ
ညီမလေးဟာ
ခွေးပေါက်စလေးတစ်ကောင်၊ကြောင်ပေါက်စလေးတစ်ကောင်
သူနဲ့ရွယ်တူကလေးတွေနဲ့ ကစားတဲ့အခါ
ညီမလေးဟာ လောကကြီးရဲ့ပထမဆုံးအတွေ့အကြုံတွေကို
သင်ယူနေတဲ့ကျောင်းသူသစ်လေးတစ်ယောက်
ဆည်းလည်းလေးတွေ တချွမ်ချွမ် လှုပ်ခတ်သလိုမျိုး
လင်းလင်းသန့်သန့် ရယ်မောတတ်တဲ့ညီမလေး
သူငိုတာတောင် ချစ်စရာကောင်းအောင် ဖြူတယ်
ကျွန်တော်တို့အိမ်တံစက်မြိတ်အောက်ရောက်တာနဲ့
ကြည်နူးချမ်းမြေ့သွားတယ်ဆိုရင်
အဲဒါဟာ ညီမလေးကြောင့်ပါ
ဘ၀အမောတွေပြေစေတဲ့ရေအေးအေးတစ်ခွက်လို
ညီမလေးဟာ
ဘ၀သောကတွေ ဖြေဆည်ရာ တရားဓမ္မလည်း ဖြစ်တယ်
နောက်ဆိုရင် ညီမလေးက ကကြီး၊ခခွေးတွေ သိလာမယ်
a,b,c,d,တွေ သိလာမယ်
၁၊၂၊၃၊၄၊တွေ သိလာမယ်
ကျောင်းဥယျာဉ်မှာ ဖူးပွင့်လာမယ့်ညီမလေးအတွက်
ကလေးဘ၀ကို ကလေးတစ်ယောက်လို ဖြတ်သန်းပိုင်ခွင့်သာ
ရစေချင်ပါရဲ့ကွယ်
ပုံပြင်တွေဖတ်တတ်လာတဲ့အခါ
ဘ၀ကို ပုံပြင်တွေထဲကအမှန်တရားနဲ့
ညီမလေးတိုင်းတာဆုံးဖြတ်နေမှာပါ
ငယ်ငယ်ရွယ်ရွယ်ဆိုတော့ ညီမလေးက
လောကကြီးကို သူ့လို ရိုးသားတယ်ထင်မယ်
လွန်ခဲ့တဲ့အနှစ်နှစ်ဆယ်တုန်းက ကိုကြီးဟာ
ငိုခဲ့မယ် ရယ်ခဲ့မယ်
အခုထိလည်း ငိုနေရတုန်းပဲ ရယ်နေရတုန်းပဲ
အခု ညီမလေး ငိုနေပြီ ရယ်နေပြီ
လာမယ့်အနှစ်နှစ်ဆယ်မှာလည်း
ညီမလေး ငိုနေဦးမှာပဲ ရယ်နေဦးမှာပဲ
လူဆိုတာ . . .
ပျော်ရွှင်ကြည်နူးမှုနဲ့ကြေကွဲဝမ်းနည်းမှုရဲ့ကျေးကျွန်မဟုတ်လား
ညီမလေးဟာ မာသာထရီဆာလို မြင့်မြတ်စရာ မလိုပါဘူး
ညီမလေးဟာ နှစ်ဆယ့်တစ်ရာစုကို ခါးစောင်းတင်စရာ မလိုပါဘူး
လိုအပ်ရင် သိုးဖြူမလေးတစ်ကောင်လို ယဉ်ကျေးသိမ်မွေ့တတ်ဖို့
လိုအပ်ရင် သိုးရိုင်းမတစ်ကောင်လို နံရံကိုခေါင်းနဲ့ဝင်တိုက်ရဲဖို့
ယောက်ျားတွေကို မာယာနဲ့ဓားပေါက်မကျင့်ဖို့
ကိုယ့်လမ်းကိုယ်လျှောက်ရင်း ကြွမိုင်းမနင်းမိဖို့ သတိထားရမယ်
ညီမလေးဟာ မိန်းကလေးတစ်ယောက်မို့
သူများနည်းတူ ၀တ်ချင်စားချင်မယ်
သူများနည်းတူ လှချင်ပချင်မယ်
ညီမလေးသိလာမယ့်လောကကြီးဟာ
ချောက်ကမ်းပါးများတဲ့ကျားရဲတောကြီးပါကွာ
လူဖြစ်လာတာ ၀ဋ်ကြွေးတွေကို ပေးဆပ်ဖို့လား
ဒဏ်ရာတွေကို အလှမွေးဖို့လား
လောကဓံကို
ကိုယ်ကျွေးမွေးစောင့်ရှောက်ထားတဲ့ကျွန်ယုံတစ်ယောက်လို
ခါးထောက်အော်ငေါက်ပစ်ဖို့လား
စဉ်းစား . . .
ညီမလေး စဉ်းစား
အရင်တုန်းက ကိုကြီးတို့နိုင်ငံဟာ
သူများကျွန်ဘ၀ရောက်ခဲ့ဖူးတယ်
အခုကိုကြီးတို့နိုင်ငံဟာ
သူများယဉ်ကျေးမှုရဲ့ကျွန်ပြုမှုကိုခံနေတယ်
ညီမလေးတို့ခေတ်ရောက်ရင် ညီမလေးတို့စနစ်
ခေတ်ကို စနစ်ကို ညီမလေးဘယ်လိုတုန့်ပြန်မလဲ
ကိုကြီး သိခွင့်ရဖို့ မသေချာဘူး
နာမကျန်းဖြစ်နေတဲ့လူသားဆန်မှုကိုပဲ
ဆေးပေးမီးယူလုပ်နေမှာလား
နှစ်ရှည်လများအကျဉ်းချခံထားရတဲ့အမြိုက်တရားကိုပဲ
ရေပူရေချမ်းကမ်းလှမ်းနေမှာလား
ကမ္ဘာကြီးကိုကျိန်စာသင့်စေတဲ့အမှောင့်ပယောဂတွေကြောင့်
ညီမလေးလည်း ဘယ်သူသေသေ ငတေမာဖို့ အရေးကြီးနေမှာလား
ကိုကြီး ဘာကိုမှ သိခွင့်ရနိုင်မှာ မဟုတ်တော့ပါဘူး
ကိုကြီးပိုင်ဆိုင်ခဲ့တဲ့ဘ၀ဆိုတာ
ညီမလေး လျှောက်လှမ်းရမယ့်လမ်းနဲ့တော့
မတူနိုင်ဘူးပေါ့
ညီမလေးရေ . . .
အချိန်တန်အရွယ်ရောက်တဲ့အခါ
ပုခက်လွှဲရင်း သားချော့တေးဆိုပါ
သားချော့တေးဆိုရင်း ကမ္ဘာကြီးကို လွှဲပါ
ညီမလေး . . .
ဒီကဗျာဟာ ရိုးသားမှုတွေတဖွဲဖွဲရွာကျနေတဲ့အဘိဓမ္မာပါ
ဒီကဗျာဟာ အမှန်တရားထွန်းကားရာဘ၀ဖတ်စာပါ
ဒီကဗျာဟာ ကိုကြီးရဲ့သွေးအန်ဖတ်ပါ
နောင်တစ်ချိန် ဒီကဗျာကို ညီမလေးဖတ်မိရင်
ဘ၀ကို အကျအရှုံးတွေနဲ့နှုတ်ဆက်သွားတဲ့
ပညာတတ်လူမိုက်ကြီးရဲ့မေတ္တာတရားဟာ
ညီမလေးကို တစ်စုံတစ်ရာ သင်ကြားပေးနိုင်ပါ့မလားကွယ်
ကိုသျှား
Comment #3
သွေးအန်ဖတ်ထက် ကဗျာအန်ဖတ်နဲ့ပိုလိုက်တယ် 🙂
ကောင်းတယ် .. (အားပေးတယ်လို့တော့မပြောတော့ဘူး … comment တွေ့ပြီဆိုမှတော့ အားပေးတယ်ပေါ့) 😀
Comment #1
ကဗျာက သွေးနဲ့ရေးထားသလားတောင်ထင်ရတယ် တကယ်တန်ဖိုးရှိတဲ့ကဗျာတစ်ပုဒ်ပါ ။ ကျွန်တော့မှာလည်း ဒီလို လောကဓံအကြောင်းတစ်စေ့တစ်စောင်းပြောပြပေးနိုင်တဲ့ အစ်ကိုတစ်ယောက်ရှိချင်တယ် ။