အလှရှိရာသို့သွားချင်သူ ငွေတာရီသို့ (ဗန်းမော်ညိုနွဲ့)
‘ငွေတာရီ’ ကွယ်လွန်သွားပြီးချိန် ‘ဗန်းမော်ညိုနွဲ့’က စပ်ဆိုခဲ့တာပါ။
အလှရှိရာ၊ သွားချင်ပါဟု
နှုတ်မှာရွရွ၊ ရွတ်ရင်းကလျှင်
အလှကိုယ်ပစ်၊ သင်မချစ်၍
အသစ် ဖွေရှာ သွားလေပါသလော။
တောလည်းစိမ်းစို၊ လေချိုရွန်းမြ
မိုးဝကြယ်ပွင့်၊ ချောင်းဝတိမ်လိပ်
ပြည့်သိပ်တင်းကြမ်း၊ အလှပန်းကို
သွေ့ နွမ်းချောက်ချား၊ ဖောက်ပြားငြိမ်သက်
ရုတ်တရက်လျှင်၊ ပင့်သက်လှိုက်ဖို
ရှိုက်ငိုစီးကျ၊ မျက်ရည်စနှင့်
တသ, သင့်နောက် ကျန်ကြသည်။
ပုလဲပွင့်သို့
ရွယ်သင့်ညီညွှတ်၊ တသမတ်ဖြင့်
ချောမွတ်မြူးပျံ၊ သင့်ကာရန်လည်း
တောင်ပံကိုဖွင့်၊ လည်ကိုပင့်၍
သခင့်နောက်သို့ ပါယောင်တကား။
ရော်ကြွေသက်၍
မြေထက်ပြေးလွှား၊ ရွက်ဝါများသို့
သင့်အားတူယှဉ်၊ မနှိုင်းချင်တည့်။
ပမာယူသော်
ပုံတူသင့်တွက်၊ အတွေးစက်ဝယ်
ရေးကွက်ငါ့မှာ၊ မရှိပါခဲ့။
ကဗျာကြံသော်
ကာရန်သင့်တွက်၊ အတွေးနက်နှင့်
ရေးချက်ငါ့မှာ၊ မရှိပါခဲ့။
အလှပွင့်တုန်း၊ ကြယ်တကုံးကို
လေပုန်းဝှေ့ယမ်း၊ လေကြမ်းချိုးဖျက်
မိုးသက်ဆွတ်ချွေ၊ ပိုင်းပိုင်းကြွေသော်
မြေ၌ပေါလော၊ ဖုတ်သောသောသို့
လောကဓါတ်တိုက်၊ မှောင်ကြီးမိုက်၍
ရူရှိုက်သက်ပင့်၊ ရင်မှာနင့်မိ
တပွင့် ကြွေရက် စောလေခြင်း။ ။
(ရှုမ၀မဂ္ဂဇင်း- ၁၊ ၅၊ ၁၉၅၈)
Comment #4
မကြာမီ ဗန်းမော်ညိုနွဲ့ ကဗျာပေါင်းချုပ် ထွက်ပါတော့မည်။ ကဗျာ တစ်ထောင်ကျော် ပါဝင်ပါမည်။
Comment #1
အနှစ်သာရနဲ့ပြည့်ဝတဲ့ကဗျာတပုဒ်ပဲနော်……