Professional Authors

အတောင်စိုခဲ့ရသော ငှက်ကလေးများ

ဟိုယခင်က “လူကုန်ကူးသည်” ဟူသောခေါင်းစဉ်အား မှုခင်းသတင်းတွေမှာ ဖတ်ရ၊ ကြည့်ရသည်။

ပညာပေးဆောင်းပါးတွေမှာ မှတ်သားခဲ့ရဘူးသည်။ သို့သော်…ကျနော်ကောင်းစွာ နားမလည်ခဲ့ပါ။

ဝမ်းနည်းစရာ ဖြစ်ရပ်တစ်ခုဟုသာ သတိထားမိခဲ့သည်။ ဤကား အိပ်ယာဝင်ပုံပြင်တစ်ပုဒ် မဟုတ်

ခဲ့ပါ။ ကျနော် နိုင်ငံရပ်ခြားရောက်လာတော့ လူကုန်ကူးခံရသူများကို မျက်ဝါးထင်ထင်ပင် မြင်တွေ့ရ

ကြားရသောအခါ ကျနော်တုန်လှုပ်ခြောက်ခြားမိသည်။ ရင်နဲ့အမျှ အူလှိုက်၊သည်းလှိုက် ဝမ်းနည်း

ကြေကွဲမိသည်။ “နောင်တ” ဟူသော စကားလုံးနောက်တွင် ပြင်ဆင်ခွင့်မရှိတော့သော ဆိုးကျိုး

ပါရှိတတ်ပါသည်။ သို့ပါ၍ မွေးရပ်မြေအား စွန့်ခွာကာ စွန့်လွတ်၊စွန့်စား ပြည်ပထွက်ခွာလိုသူများ

သတိထားမိကြစေရန် ဒီစာစုလေးကို ကျနော်ကြိုးစားရေးသားလိုက်ပါသည်ခင်ဗျား။

 

အခက်အခဲအမျိုးမျိုးကြောင့်၊ အကြောင်းအမျိုးမျိုးကြောင့် ပြည်ပသို့ထွက်ခွာ အလုပ်လုပ်လိုကြသူများ

မိတ်ဆွေ၊ ဆွေမျိုး အရင်းခံမရှိပါက ကျနော့်အနေဖြင့် သွားရောက်ရန် မတိုက်တွန်းလိုပါ။ အကယ်၍

သွားရောက်ရန် ဆန္ဒပြင်းပြပါက ယခင်သွားရောက်ဖူးသူများနဲ့ လေ့လာ၊မေးမြန်း၊ တိုင်ပင်ကြစေလိုပါသည်။

ကျနော်အထူးသတိပေးလိုတာက အလုပ်အကိုင်ရှာဖွေရေး အေးဂျင့်များနဲ့ ယုံကြည်ကာ ပုံမအပ်မိကြဖို့ပါ။

အေးဂျင့်တိုင်းဟာ လူလိမ်များဟု ကျနော်မစွပ်စွဲပါ။ သို့သော်…အေးဂျင့်တိုင်းဟာ

“အကျိုးလို၍ ညောင်ရေလောင်းကြသူများ” ဆိုတာ သတိချပ်ကြစေချင်ပါတယ်။ ဂျပိုးကို လိပ်ဖြစ်အောင်

ပုံပြောတတ်သောထိုသူများအား ယုံကြည်မှုပိုမိပါက မှားမည်ဟု ကျနော်သတိပေးလိုပါတယ်။ ဘာဆု

တံဆိပ်၊ ညာထောက်ခံချက် စသည်များအား ယုံကြည်ကာပုံအပ်မိမည်ဆိုပါက လိုအပ်သည်ထက်

ပိုကုန်မည်ဆိုတာ သတိချပ်ကြပါ။ တစ်ကယ်တမ်း သင်ပြည်ပထွက်ခွာချိန်မှာမူ ကြက်ကလေး၊

ငှက်ကလေးရောင်းသကဲ့သို့ ရောင်းဝယ်ခံကြရတတ်သည်ကို သိမှတ်ကြစေလိုပါတယ်။

 

ပြောကြစတမ်းဆို ကျနော်ကိုယ်တိုင်လဲ ဘာထူးလို့တုန်း။ တောင်ပေါ်ဒေသမှာကြီးပြင်းတော့ ရိုးရိုး၊အအ။

ဗဟုသတကနည်းဆိုတော့ ဘာမှမသိ၊ ဘာမှနားမလည်တော့ အေးဂျင့်များကိုသာ အားကိုးအားထားကာ

ဘုရားတစ်ဆူ၊ ဂူတစ်လုံးအသွင် ကိုးကွယ်ခဲ့ရဖူးပါ့။ ပြည်ပရောက်လာတော့ အေးဂျင့်များ ရိုက်စားအကွက်

ထင်းထင်းရှင်းရှင်းပင် မြင်ရတော့ စိတ်ထဲကြိတ်မနိုင်ခဲမရ။ သို့ပေသော်…ဘာတတ်နိုင်တော့မည်နည်း။

အံကြိတ်၊ ပါးစပ်ပိတ်ကာ တိတ်တိတ်ပဲ နေရပါတော့တယ်။ (အိမ်က မိဘဆွေမျိုးတွေ စိတ်မညစ်စေချင်

တာလဲပါသပေါ့) ရှိစေတော့ ဒီတစ်ခါ။ အိမ်က မိဘဆွေမျိုးတွေတွက် ဒီလိုလေးသာ စာရေးပို့လိုက်ရတော့တယ်။

“အရပ်ထဲ ရွာထဲ အေးဂျင့်ကြီးများ အလှုအတန်းပေးလို့ ကုသိုလ်လုပ်ကြရင် တစ်မျိုးလုံး ရောယောင်ပြီးသာ

ခေါင်းလောင်းထိုး၊ ရေစက်ချ၊ အမျှဝေကုသိုလ်ယူကြပေတော့” ။ ဟုတ်တယ်လေ.. ကျနော်တို့ ငွေနဲ့ကုသိုလ်လဲ

ပါနေတာကိုး။ 😀

ထားပါတော့ ဒါလေးတွေ။ ဒါတွေပြောနေရင် ပြောမဆုံးပေါင် တောသုံးထောင်မို့ ဒီလောက်နဲ့ပဲ ရပ်ပါတော့မယ်။

ဆက်ချင်တာက လူကုန်ကူးခံခဲ့ရတဲ့ ဘဝလေးတွေထဲက ရင်နင့်စရာ ဘဝလေးများအကြောင်း။ဆက်ရှုပါ မိတ်ဆွေ။

 

အေးငယ်၊ ဖြူလေးတို့ကိုစတွေ့တော့ ရန်ကုန်မှာ။ အညာသူတွေဆိုပေမဲ့ အသားကခပ်ဖြူဖြူ၊ အတော်အသင့်တော့

ကြည့်ကောင်းသည်ဆိုရမည်ပင်။ ရိုးရိုး၊အအ ပညာမဲ့ဘဝတွေဆိုတော့ ခပ်အေးအေး၊ ခပ်ရှင်းရှင်းသာ ပြောတတ်ပါ၏။

အေးဂျင့်အိမ်မှာ နေထိုင်ကြရင်း သူမတို့ မသိ၊နားမလည်တာလေးတွေ လာမေးကြတော့ ကျနော်သိသလောက်လေး

စိတ်ရှည်လက်ရှည် ပြန်ရှင်းပြရင်းခင်မင်သွားခဲ့ကြပါတယ်။ သူတို့မလေးရှားကို ကျနော့်အရင်ရောက်သွားကြတော့

ဖုန်းတစ်ခါတော့ ဆက်လာပါသေးတယ်။သူမတို့ စားသောက်ဆိုင်အလုပ်ရကြောင်း၊ အားလုံးအဆင်ပြေကြောင်းကြား

ရတော့ ကျနော်ဝမ်းသာမိပါတယ်။ ထို့နောက်ကျနော်နဲ့ အဆက်အသွယ် မရတော့ပါ။ ပြန်လည်ဆုံဆည်းမည်ဟုလဲ

ကျနော် မမျှော်လင့်ခဲ့မိပါ။ သို့သော်.. ကံဇာတ်ဆရာ၏လှည့်ကွက်များသည် ထူးဆန်းလှပါတယ်။

ကမ္ဘာကြီးက အမှန်တစ်ကယ်ပင် ကျဉ်းပါတယ်။

 

ကျနော့်သူဌေးက Genting Highland အပန်းဖြေခရီးထွက်ရာတွင် လိုက်ချင်လိုက်ပါဆို၍ ကျနော်ရောယောင်ကာ

ပါသွားခဲ့ပါတယ်။ Mr.Datuk Lin Goh Tong ၏ချုံကြားမှ ဘုံဖျားအိမ်မက်နန်းတော်သည်ကား အံ့မခန်းပါပေ။

မြင့်မားလှသော တောင်တန်းပေါ်တွင် ခမ်းနားဝင့်ထည်လှသည်။ Indoor Park ထဲရောက်တော့ ခေါင်းပင်မူးချင်ချင်။

Roller သံတွေဆူညံသည်ကတစ်ကြောင်း၊ လည်ပတ်သူတွေများတော့ အသံတွေဆူညံနေတော့ ခေါင်းမူးချင်သလို

ဖြစ်လာ၍ သန့်စင်ခန်းဝင်ကာ မျက်နှာသစ်ပြီးပြန်အထွက်တွင် မထင်မှတ်စွာ သူမတို့နဲ့ပြန်လည်ဆုံတွေ့ခဲ့ရပါတယ်။

သို့ပေမဲ့…ပျော်ရွှင်စရာ တွေ့ဆုံခြင်းတော့ မဟုတ်ခဲ့ပါ။ သန့်ရှင်းရေးအလုပ်သမားဝတ်စုံနဲ့ အေးငယ်ကိုဆုံတွေ့လိုက်ရ

ချိန်မှာတော့ ကျနော်ရော သူမပါ တစ်အံ့တစ်သြ။ အတန်ကြာ မှင်သက်မိနေရင်းမှ အေးငယ်က

“ခဏလေးနော် အကိုအောင်…ညီမပြန်လာမယ်” ဟုဆိုကာ သန့်စင်ခန်းထဲပြန်ဝင်သွားတယ်။ သူမအလုပ်သမား

ခေါင်းဆောင်အား ခွင့်တောင်းဟန် တူပါ၏။ သူမပြန်ထွက်လာတော့ အဝါရောင် သန့်ရှင်းရေးဝတ်စုံအားဖုံးမိစေရန်

ရည်ရွယ်ဟန်တူသော ဂျင်းအကျီလက်ရှည်လေး ဝတ်လာရှာပါတယ်။ နီးစပ်ရာဆိုင်ထဲ ဝင်လိုက်တယ်ဆိုရင်ပဲ

သူမမှာ အားငယ်စိတ်ကို ထိန်းနိုင်ဟန်မတူရှာတော့ မျက်ရည်များကျကာ ငိုရှာပါတော့တယ်။

 

“ဘယ်လိုဖြစ်ရတာလဲ အေးငယ်ရယ်… ညီမတို့ပြောတော့ စားသောက်ဆိုင်မှာ အလုပ်ရတာဆို”

“အလုပ်စဝင်ဝင်ချင်းတော့ ဟုတ်ပါတယ်အကိုအောင်ရယ်..၆လလောက်အကြာမှာတော့ ညီမတို့သူဌေးက ညီမတို့

နေထိုင်ခွင့်က အတုဖြစ်နေသလိုလို၊ ကျန်းမာရေးစစ်ဆေးတာပဲ ဆေးကျတာလိုပြောပြီး ပြန်ပို့မယ်လုပ်လို့ ညီမတို့

သူငယ်ချင်းရှိတဲ့ ဒီနေရာကို ပြေးလာခဲ့ရတာပါ”

 

ကျနော်မျက်မှောင်ကုတ်ကာ စဉ်းစားလိုက်မိပါတယ်။ ဒါဟာ လုံးဝယုတ္တိမရှိပါ။ လုံးဝ အဓိပ္ပါယ်မရှိပါ။

 

“အဓိပ္ပါယ်မရှိလိုက်တာ..အဲလိုလုပ်လို့ ဘယ်ရမလဲ..ညီမတို့ အေးဂျင့်ဆီပြန်မဆက်သွယ်ဘူးလား”

“ဆက်သွယ်တာပေါ့ အကိုအောင်ရယ်.. အေးဂျင့်ဆီဖုန်းဆက်တော့လဲ ရှောင်နေကြတာ.. မရမကဆက်သွယ်

တော့လဲ အဲဒီအလုပ်မှာမလုပ်တော့ရင် နေထိုင်ခွင့်အသစ်တင်ရမယ်တဲ့.. RM 3000(ထိုစဉ်ငွေလဲနူန်းထားဖြင့် 

၁၂သိန်းခန့်) ပေးမှ အသစ်လုပ်ပေးမယ်ပြောတယ်…ညီမတို့လဲ အဲလောက်ငွေမတတ်နိုင်တော့ ဒီကိုပဲ

ပြေးလာခဲ့ရတာပါ..ညီမဒီမှာ ဘယ်လိုမှမပျော်ဘူးအကိုအောင်ရယ်.. ရှက်လဲရှက်တယ်.. လုပ်လဲမလုပ်ချင်ဘူး

လာလည်ကြသူတွေထဲမှာ မြန်မာတစ်ယောက်မြင်ရင်ကို ညီမရှက်လွန်းလို့ နူတ်မဆက်ရဲဘူး.. ယူလာတဲ့

အရင်းငွေလေးကြေရင်တော့ အိမ်ကိုပဲပြန်တော့မယ်.. အိမ်ကိုတော့ စိတ်ဆင်းရဲမှာစိုးလို့ အဖြစ်မှန်ကို

ပြောပြမထားရဲဘူးအကိုအောင်ရယ်”

 

တောက်….ယုတ်မာလိုက်ကြတဲ့လူတွေ ဒင်းတို့တွေ သားသမီးချင်းကိုယ်ချင်းမစာနာ လုပ်ရက်ကြတာ။

လူတွေကို ကြက်ကလေး၊ငှက်ကလေးလိုသဘောထားပြီး ရောင်းစားကြတာ။ တစ်ကိုယ်ကောင်းသမားတွေကို

ကျနော် အော့နှလုံးနာ ရွံရှာတယ်။ ခဏအကြာမှာတော့ ဖြူလေးရောက်လာပါတယ်။ ဖြူလေးကို မြင်လိုက်

ရတော့ ကျနော့်မျက်လုံးကိုပင် မယုံချင်။ ခါးသေး၍ ရင်ချီ အလှသွေးကြွယ်ခဲ့သော ညီမငယ်ဖြူလေးမှာ

ဗိုက်ဖုံးအကျီကြီးနဲ့ အလှပျက်နေရှာပြီ။ နေ့စေ့လစေ့ကိုယ်ဝန်ကြီးနဲ့သူမကတော့ ကျနော့်ကိုမြင်တော့

ခပ်ယဲ့ယဲ့ပင် ပြုံးပြရှာပါတယ်။

 

“လာ ဖြူလေး ထိုင်.. နင်ဒီမှာ အိမ်ထောင်ကျနေပြီပေါ့”

ကျနော်နူတ်ဆက်ရင်းမေးတော့ ဖြူလေးမဖြေခင်မှာပင် အေးငယ်က ဝင်ဖြေပေးရှာတယ်။

“သူ့အဖြစ်က ပိုဆိုးပါတယ်အကိုအောင်ရယ်.. အားကိုးရာမဲ့လို့ မြန်မာအခြင်းခြင်းယုံကြည်မိရာကနေ ခုလို

မဖုံးနိုင်မဖိနိုင်ဖြစ်လာတော့ အဲဒီလူယုတ်မာ ရှောင်ပြေးသွားတယ်လေ..ခုတော့ ဖြူလေးမှာ ကိုယ်ဝန်ကြီး

နဲ့ကျန်ခဲ့ရတာ”

 

ကြားလိုက်ရတဲ့စကား နားကိုပင်မယုံချင်။ မြန်မာအချင်းချင်းကတဲ့။ အေးဂျင်းများ လူမဆန်မှုကြောင့်

ဒုက္ခတွေတစ်လှေကြီးနဲ့သူမအဖြစ် ရေနစ်သူအဖို့ နွယ်လေးတစ်ပင်က အသက်ကယ်တင်ကောင်းရဲ့

အားကိုးတစ်ကြီး ဖမ်းဆုပ်ကာမှ လိုချင်တာယူပြီး တက်နဲ့ရိုက်နှစ်သတ်ခံရသလိုမျိုး။ လူမဆန်သူ

ထိုတိရိစ္ဆာန်ကြောင့် သူမဘဝလေး ရေစုန်မျှောချေပြီ။ ဘယ်မှာအဖတ်ဆည်၍ ရတော့မည်နည်း။

လှိုက်ကနဲ့နင့်သွားသော သောကကြောင့် ကျနော် အသံပင်တုန်ခါကုန်ပါတော့တယ်။

 

“တောက်…ခွေးမသား ယုတ်မာရိုင်းစိုင်းလိုက်တာ.. နှမချင်းကိုယ်ချင်းမစာနာ ယုတ်မာရိုင်းစိုင်းတဲ့ကောင်

လူကမွေးတာမှ ဟုတ်ရဲ့လားမသိဘူး…မိုက်လိုက်တာ ဖြူလေးရယ်…နင်ဘဝဆုံးအောင် ယုံပစ်ရတယ်လို့”

 

လူမဆန်သူကို ဒေါသထွက်တာရော ဖြူလေးကိုပါ ဂရုဏာဒေါသောနဲ့ပင် အပြစ်တင်မိပါတော့တယ်။

ဖြူလေးကတော့ ဖြစ်သမျှအကြောင်း အကောင်းလို့သာ အားလျှော့လိုက်ဟန်ပါပဲ။ မချိပြုံးပြုံးကာ

 

“ညီမမိုက်ပြစ်နဲ့သာ ရှိပါစေတော့အကိုရယ်.. တာဝန်မယူချင်လို့ ရှောင်ထွက်သွားတဲ့သူလဲ လိုက်ရှာမနေချင်တော့ဘူး

ညီမအိမ်ကိုလဲ အကြောင်းစုံပြောပြပြီးပြီ.. မီးဖွားပြီးရင် အိမ်ကိုပဲပြန်တော့မယ်အကို”

 

အားတင်းကာ သူမခံစားရသမျှ ကြိုးစားဖုံးဖိရှာသော်လည်း သူမမျက်လုံးများထဲမှာတော့ ဝမ်းနည်းအားငယ်ရိပ်တွေ

အတိုင်းသားမြင်နေရသည်။ တစ်ဒင်္ဂအမှားအတွက် သူမပေးဆပ်ရသောအရင်းအနှီးသည် မည်မျှများပြားမည်နည်း။

လူသားခြင်းမစာနာ၊မထောက်ထားတတ်သူတို့၏ မေးငေါ့လှောင်ပြောင်၊ကဲ့ရဲ့ခြင်းတွေလဲ သူမအံကြိတ်ကာ

ကြိတ်ရှိုက်ရနိုင်သည်။ ဖခင်မဲ့သွားသော ရင်သွေးငယ်နဲ့သူမ လောကအလယ် မည်သို့ဘဝဆက်ကြမည်နည်း။

နင့်သွားသော ကျနော့်ရင်ဘတ်က “ဆွံ့အ” သွားပါတော့တယ်။ နှစ်သိမ့်စရာ စကားလုံးရှာပေမဲ့ သူမတို့နစ်နာ

ဆုံးရှုံးခဲ့ရတာတွေတွက် ထပ်တူကျသော နှစ်သိမ့်စရာစကားပင် ရှာ၍မတတ်တော့ပါ။ သူမတို့အား နူတ်ဆက်ကာ

ပြန်လာခဲ့ရသော ကျနော့််အပန်းဖြေခရီးမှာ ရင်မောစရာ တစ်ပွေ့တစ်ပိုက်ဖြင့်သာ ပြန်လာခဲ့ရပါတယ်။

လမ်းဘေးဝဲ၊ယာက ရှုခင်းတွေလဲ ကျနော်မခံစားနိုင်ပါ။ ကျနော့်မျက်လုံးထဲမှာ အေးငယ်နဲ့ဖြူလေးတို့မျက်နှာလေး

တွေသာ ငိုတစ်ဝက်၊ရှိုက်တစ်ဝက်။ အော်….ရင်ဝေးငှက်ကလေးတွေ လောကအလယ်မှာ မောပန်း၊ငိုရှိုက်

ခဲ့ရသမျှ အမေ့ရင်ငွေ့ ပြန်ခိုလှုံချင်ကြပေမဲ့ အလွမ်းနဲ့ဖြေသိမ့် အခန်းလေးထဲကြိတ်ရှိုက် လူမသိ၊သူမသိ တိတ်တိတ်ငို

အပြန်ခက်နေကြတဲ့ အတောင်ရေစိုတဲ့ ငှက်လေးတွေဘယ်လောက်များရှိနေပြီလဲ။ ကျနော့်မှာ ရင်မောစွာ သက်ပြင်း

အရှည်ကြီးသာ တစ်မေ့တစ်မော ချနေရပါတော့သည်။

 

(စာရေးသူမှ ဝန်ခံချက်။ ။ ဤစာစုပါ အဖြစ်အပျက်လေးများမှာ ဖြစ်ရပ်မှန်တစ်ခုသာ ဖြစ်ပါတယ်။ ကျနော့်အနေဖြင့်

သက်ဆိုင်သူများအား မထိခိုက်စေလိုပါ၍ မူရင်းနာမည်များ၊ နေရာများလွဲပြောင်းကာ ကျနော်ညဏ်စွမ်းရှိသ၍သာ

ကြိုးစား၍ရေးထားခြင်းသာ ဖြစ်ပါသည်။ ကျနော်နေထိုင်ရာ မလေးရှားမြေတွင် ဤဖြစ်ရပ်များနဲ့ ခပ်ဆင်ဆင်တူသော

ဖြစ်ရပ်များလဲ ရှိနေနိုင်ပါသည်။ ကျနော့်အနေဖြင့် ဤစာစုအတွက် တာဝန်အပြည့်အဝ ယူမည်ဖြစ်သော်လည်း

အကြောင်းတစ်စုံတစ်ရာ တိုက်ဆိုင်မှုရှိပါက သည်းခံ၊ခွင့်လွတ်ကြပါရန် တောင်းပန်အပ်ပါသည်။)

 

အတ္တာဟိ အတ္တနော နာထော (မိမိကိုယ်ကို ထိန်းသိမ်းစောင့်ရှောက်၍ ဘဝလမ်းသာယာဖြောင့်ဖြူးနိုင်ကြပါစေ)

စေတနာများစွာဖြင့်……

စိုင်းအိုက်ပီး (ကျောက်မဲ)

In: ဆောင်းပါး Posted By: Date: Jan 20, 2012
Comment #1

ခံစား ဖတ်ရှုသွားပါတယ် ခင်ဗျာ

commentinfo By: အသဲကွဲမိုး at Jan 20, 2012
Comment #2

ဒီလို ယောက်ျားမျိုးတွေ များများလာပီ…
သူတို့ လုပ်ရပ်အတွက် ရှက်ရမှန်း.. ကိုယ်ချင်းစာရမှန်းမသိ
ယောက်ျားလေးအချင်းချင်းကရော လူ့ ဝန်းကျင်ကရော မသိချင်ယောင်ဆောင်မနေသင့် ပါဘူး
ဥပဒေအရ ထောင်ချလို့ မရတောင်…. ၀ိုင်းပယ်ထားသင့် တယ်…
အားမကျသင့်တာကို စွန်တယ် ဆိုတဲ့ ခေါင်းစဉ်တပ် ပြီး
နောက်မျိုးဆက် က အတုယူယင်……….

commentinfo By: NC at Jan 20, 2012
Comment #3

ဝင်းကျင်တိုင်းမှာ စုန်းပြူးဆိုတာ ပါလာတတ်စမြဲပါ NC ရေ။ ဘုမသိ၊ဘမသိနဲ့ စွန့်စားလိုကြသူများအတွက်
ကျနော်ဒီစာစုလေးရေးဖြစ်ခဲ့တာပါဗျာ။ အချို့တစ်ဝက်ဆို အိမ်ရောင်း၊ခြံရောင်းနဲ့ စွန့်စားကြတာ ဘဝပျက်သူတွေ
ဒုနဲ့ဒေးဗျာ။ ဒီလိုအဖြစ်တွေ မြင်ပါများလာတော့ ဥပေက္ခာမပြုရက်နိုင်တော့လို့ ဒီမက်ဆေ့ခ်ျလေးကို မိတ်ဆွေတို့ဆီ
ပို့ပေးခဲ့တာပါ။ ဝေးတစ်မြေရောက် ညီအကိုမောင်နှမတွေ အေးချမ်းကြပါစေ။

commentinfo By: saiaipee shanland at Jan 20, 2012
Comment #4

oh,,god

commentinfo By: ei lay at Jan 29, 2012
Comment #5

ကြားရတာ စိတ်မကောင်းစရာပဲဗျာ.. အရာရာကို သေချာလေ့လာပြီးမှ လုပ်သင့်တယ်ဗျာ.. အထူးသဖြင့် မိန်းမပျိုလေးတွေပေါ့…

commentinfo By: EA NI MIN at Feb 17, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment