စိမ့်ဝင်ပြီးဖောက်ထွက်ခဲ့သော အတွေးတစ်စ
သေသွားမှ မေ့တာမဟုတ်ပါဘူး စတည်းက ဆုံးခဲ့တာ
ကဗျာမှာ သံယောဇဉ်ကိုလာရှာရင် ခင်ဗျားလွန်တာပေါ့
တစ်ခါတစ်လေနဲ့ မေ့လျော့မိခြင်းတွေဟာ အကောင်းဆုံးအကြောင်းပြချက်
ကိုယ့်ကိုယ်ကိုယ် ပြန်တက်နင်းသွားတယ်
ရှေ့နားက စက်မှုဇုန်မှာ ကာဘွန်ဒိုင်အောက်ဆိုဒ်တွေ ထွက်နေတယ်
မီးခိုးဖြစ်ရတာချင်းအတူတူဆိုရင် ငါ ဒီအချိန်ရောက်တော့ အားလုံးကကံကြမ္မာဖြစ်သွားကြပြန်ရော သံခင်းတမန်ခင်း စကားလုံးတွေကို ငြင်းကြတယ်
ပျောက်ဆုံးသွားတာ ကြာလာတော့လည်း မေ့ချင်ချင်မုသားတွေအတွက်
နှုတ်ဖျားတွေကို ပြန်တောင့်တနေမိ ကျွန်တော့်ထံရောက်လာတဲ့ ခင်ဗျားရဲ့ ကျိန်စာသင့်စကားလုံးတွေ သူတို့က
ထပ်ခါထပ်ခါသုံးကြတယ် ဦးတည်ချက်မဲ့/ကာရန်မဲ့/ဥစ္စာမဲ့/သိက္ခာမဲ့/ရိုးသာမှုမဲ့/ပညာမဲ့/
သစ္စာမဲ့/မဲ့ မဲ့ မဲ့ နောက်ဆုံး ဒါပေမယ့်တွေအထိ ခင်ဗျားတို့လည်း အငြိုးကြီးလွန်းသူတွေ
ဘာကျန်သေးလဲ ပြော အဲဒီ့လိုတွေနဲ့ ခွန်းတုန့်ပြန်နေမိ
ဥသြနဲ့ ပိတောက်နဲ့ ပူပြင်းခြောက်သွေ့မှုတွေနဲ့ အဆိပ်သင့်ကြွေကျမှုနဲ့ အသဲကွဲမှုတွေလိုလို
လွမ်းစရာတေးသံတွေပဲဆိုဆို ကဗျာတစ်ပုဒ်နဲ့ သံစဉ်တစ်ခုနဲ့ ကူးလူးနေတဲ့ယဉ်ကျေးမှုတွေနဲ့
နှလုံးသားထဲအထိစိမ့်ဝင်ပျံနှံလာအောင် နှစ်သစ်ကူးရနံ့က ဘာလို့ဒီလောက်စွမ်းနေရတာလဲ
အဲဒီ့ရာသီကို မနေချင်ပါဘူးဆိုလည်း မ နေလို့မှမရပဲ
ဒါ စိမ့်ဝင်ပြီးဖောက်ထွက်သွားတဲ့ အတွေးတစ်စရယ်ပါ
ဘာမှကြီးကြီးမားမား မရလိုက်ရင်တောင် ဒါနှလုံးသားရဲ့ပဲ့တင်သံစစ်စစ်ပါ
အခုတော့ အိမ်ပြန်ချိန်တွေက တစ်ဆိတ် စောလွန်းတယ်
Comment #2
အားပေးသွားပါတယ်နော်.
Comment #6
ကိုစစ်သည်….အားပေးနေပါတယ်ဗျာ.။
Comment #1
ကောင်းပါသည်