“နယ်နိမိတ် …”
တိမ်ငွေ့တွေလို ကောင်းကင်အနှံ့ …
ရာဇဝင်ဆန့်ချင်တယ် …
ဒီမိုးကုပ်စက်ဝိုင်းထောင့်ချောင်လေးထဲမှာ
တစ်ယောက်တည်းနေပြီး
ဆည်းဆာတွေကိုပဲ အချိန်တန်သဘောနဲ့
နိစ္စဓူဝမနောကြီးပိုက်ပြီး
ရှုရှိုက်သွင်းနေရတာ အီသွားပြီ …
အရုံဦး …ဆိုတာ …
ဘာလဲ သိရဖို့ ငါ့ခြေလှမ်းတွေ
ကောင်းကင်ကြီးတစ်လျှောက် …
အပြတ်ကျူးချင်မိပါရဲ့ …။…။…
လေပြည်ခရီးကြောင်းတစ်လျှောက်
ရနံ့တစ်ခုလို …
နှုတ်ခမ်းတစ်စုံနဲ့ ပါးပြင်အကုန်
လိုက်လှည့်ကာ …
ခိုးနမ်းချင်မိတယ် …
အခန်းကျဉ်းလေးထဲမှာပဲ
လွတ်လွတ်လပ်လပ်ကဲပွင့်နေတဲ့ ငါ့ဝတ်မှုန်တွေ …
နံရံတွေကို ခဏခဏထိုးဖောက်ရတာ
ငါ့ဆူးတွေ နာတယ် …
နှင်းဆီဖြစ်သော်ငြားလည်း
ဥယျာဉ်ထဲ ပွင့်ခွင့်မရတဲ့ ဘဝ …
နယ်နိမိတ်တွေကို ဖဲ့ချိုးပြီး
ငါ့အတွက် အသစ်အဆန်း ဝတ်မှုန်ပျိုးရှာမယ် …။…
ရေတဆုံး …
မြေအဆုံး …
လိုက်လံကူးခတ်ပြီး အသစ်အဆန်း
အကောင်းအထွေ မှန်သမျှ …
ရာဇဝင်ကြီးကို ဗန်းပြ …
တူးဆွသင့်ရင်လည်း တူးဆွရမှာပဲ …။…
လက်ရှိနယ်နိမိတ်ထဲကနေ ရုန်းထွက်ဖို့ အဓိက …
ဖားတစ်ကောင်လို မျက်စိကျယ်ကျယ်ပြူးထားမှ …
နွားခြေရာခွက်ထဲက
ဖားကလေးလိုအသိစိတ်တွေကို ဖဲ့ခွင်းဖြို …
ရေအဆုံး …
မြေအဆုံး …
ရှေ့မှာ …
နယ်မြေသစ်တွေ …
ငါ့ကို စောင့်ကြိုနေတယ် …
ကြိုဆိုနေတယ် …
လက်တွေ ယက်ကမ်းခေါ်ငင်နေတယ် …
နယ်နိမိတ်ကြီးထဲက ရုန်းထွက်လိုက် …
ရုန်းထွက်လိုက် …
ရုန်းထွက်လိုက် …
ရုန်းထွက်လိုက် …
ရှေ့ဆက် အတောင်ပံအသစ်တွေသာ ဖြန့်ထားလိုက် …