ကာရံများသော အနာဂတ်
အတ္တရယ် မာန်မာနရယ်
ကိုယ်အကျိုးရယ် လှောင်ပိတ်လို့
မာယာညွတ်ဖူး တလူလူနဲ့
ဇောချွေးတွေ စီးမျောပါရဲ့
အလင်းရောင်မဲ့သော အိပ်ယာထက်မှာ
မှေးစက်ဖို့ ကြိုးစား စစ်တိုက်ခဲ့လည်း
ညဥ့်တစ် ညဥ့်တာ ဆုံးသွားလိမ့်မယ်
အိပ်ပျော်ဖို့တာ မဖြစ်လာခဲ့ဘူး…။
လောဘရယ် ဒေါသရယ်
မောဟရယ် လှောင်ပိတ်လို့
အတွေးရယ် တလူလူနဲ့
အိပ်ယာထက်မှာ မှေးစက်နေပါရဲ့
အိပ်ပျော်ခြင်းကို စစ်တိုက်ယူဖို့
ကြိုးစားခဲ့ပေမဲ့ ဘဝတစ်ခုတာ
ဆုံးသွားလိမ့်မယ် အနိုင်ဆိုတာ
ဖြစ်လာတော့မည် မဟုတ်ပါဘူး…။
အမျက်ထွက်သော နှုတ်ခမ်းဖျားထက်
အနာတရဖြစ်ခဲ့ တစက်စက် တုန်ခါနေတဲ့
အတ္တရဲ့ သက်ရောက်မှုက
ခန္ဓာကိုယ်ပေါ် လွှမ်းခြုံလို့
မကြည်သာတဲ့ မျက်နှာပြင်ထက်
အပြုံးတစ်ပွင့် ပွင့်ဖို့ဆိုတာ..။
မွေးဖွားခြင်း သေဆုံးခြင်းရဲ့
ဘဝနိယာမ လွင်ပြင်တွေထဲ
ခရီးသွားတစ်ယောက်လို လှမ်းလျှောက်နေရင်း
တွန်းအားတစ်ချက် လောဘရမက်နဲ့
ပန်းတိုင်းဝင်ဖို့ဆိုတာ အစဉ်အလာမဲ့တဲ့
ကာရံတစ်ချက် ဆေးပန်းချီကားချက်ပါ
ပျက်ချင်ရင်လည်း ပျက်လို့နေမှာပေါ့..။
အရှေ့သို့ လှမ်းတက်ခဲ့တဲ့
ခြေလှမ်းများစွားလည်း နောက်တွန့်မိတာတွေ
ရှိခဲ့ဖူးတယ် ကြုံတွေ့ဖူးမယ်
အခြေမခိုင်လို့ ယိုင်တိုင်တိုင်လည်း
ဖြစ်ခဲ့ဖူးမယ် ကြုံခဲ့ဖူးမယ်
လောကဓံမှာ ရင်ဆိုင်ရတဲ့
အဖြစ်အပျက် ချွေးစက်များကြား
ကြုံတွေ့ဖူးတဲ့ ငါ့ခြေလှမ်းများ
ကြိုးစားလို့ ဆက်လျှောက်လှမ်းနေဆဲ…။
မဆီမဆိုင် ဘဝစာမျက်နှာပြင်မှာ
မရှိတဲ့ ပါဝါကို ထုတ်လို့
အလှပဆုံး ခဲသွားထက်မှာ
မညီညာ လက်ချောင်းများ လှုပ်ရှားလို့
စီကုံးမိတဲ့ အနုအလှ စာအလင်္ကာတွေလည်း
ပရိတ်သတ်ရှေ့ ရွတ်ဖတ်ပြဖို့ဆိုတာ
ဖြစ်နိုင်သော်လည်း ပြန်ရလိုက်တဲ့
သူတို့ဆီက ကရုဏာတွေက
ပျားရည်စက်နဲ့ ဓားသွားတစ်ချက်
ပေါင်းစပ်ထားသလို ငြင်းဆိုဖို့ ခက်ခဲ့
ဒါပေမဲ့.. အတိတ်မှာ ပြန်ပေးဆွဲထားတဲ့
အိပ်မက်တစိတ်က အနာဂတ်ကို
ခါးသက်သက်နဲ့ ခရီးဆက်ခဲ့
ရည်ရွယ်ချက်က ကြိုးစားထားတဲ့ ပန်းတိုင်းပေါ့…။
တက္ကသိုလ်မြတ်မင်း