COMA
တိတ်ဆိတ်နေလိုက်တာ
ငါ့အော်သံကို ငါကိုယ်တိုင်ကြားနေရ
ဒီအချိန်..
ငါ့ကို ရေတစ်ခွက် ခပ်တိုက်မဲ့သူဟာ
ဘယ်သူဖြစ်မလဲ..။
ဟောဒီအခန်းပေါ့
အတိတ်ရဲ့ဆေးစက်တချို့ ပြယ်လွင့်နေတာ…
ဟောဒီမျက်နှာကျက်ပေါ့
သံယောဇဉ်ကြိုးတချောင်း ပုန်းခိုနေတာ…
နောက်ပြီး
ဟောဒီလမ်းမှာပဲ ငါစောင့်နေခဲ့တဲ့သူက
“ဘယ်တော့မှ ပြန်မလာတော့ပါဘူး”…တဲ့
လူကြုံပါးလိုက်ပြန်တယ်…။
ဟော…ခေါ်သံတခုကြားရတယ်
ဘယ်အရပ်ဆီကလဲ…
ရနေကျ စကားပန်းနံ့လေး
ကြားနေကျ ခြေသံဖွဖွလေး
တခုခုများ ပြောလိုက်သလား…
ငါ့နှလုံးသွေး စတင်ခုတ်မောင်း
ဦးနှောက်ကို တဂျုံးဂျုံး ပြန်မောင်းတယ်…။
0%…
1%…
2%…
3%…
4%…
.
.
.
2%…
1%…
0%…
ပင့်သက်တချက် ချတယ်
သူဟာ ငါနဲ့….
ကောင်းကင်ကဗျာကို အတူတူ ရေးခဲ့ဖူးသူလား..
ဆောင်းရာသီမှာ အတူတူ မီးဖိုခဲ့ဖူးသူလား..
ငါနဲ့အတူ စိုက်ပျိုးခဲ့ဖူးသူလား…
ဒါမှမဟုတ် ရိတ်သိမ်းခဲ့ဖူးသူလား…
ယောင်ယမ်းပြီး စမ်းမိတယ်
ငါ့နံရိုးတချောင်း ဘယ်ရောက်သွားပါလိမ့်…။
Comment #1
ခင်ဗျား ကဗျာတွေချည်း ထိုင်ဖတ်နေတဲ့ ထိ ……. 😀