မြောက်ပြန်လေ
တိတ်ဆိတ်ခြင်းဟာအမှောင်ကိုချုပ်နှောင်လို့
ကောင်းကင်ချည်တိုင်မှာ မလှုပ်မယှက်
သုံးလွန်းတင် တိမ်သားပုခက်နဲ့
ဝေဒနာခေါင်းအုံးအိပ်စက်ခြင်း
သူတော်စင်တို့ ခေါင်းလောင်းသံကြားလျှင်
. . . ငါ့အားနှိုးလှည့်
မှော်ဝင်ဆောင်းမှာ သာတဲ့လမို့
မဟော်ဂနီ သွေးရောင်လွှမ်းခြုံ
အတ္တကို ပုံတူကူးရင်း
နက်သထက်နက်ခဲ့ ဒဏ်ရာ
စိတ်ဆိုတာလဲ . . . အမာရွတ်ပရပွနဲ့ ။
အံလွဲနိမိတ်တွေနဲ့ ချည်နှောင်
ဒါဟာ သင်းကွဲယဇ်တိုင်ကွဲ့
သြော် . . . ညတွေ ညတွေ
ကိုယ့်အမြီးကိုယ် ပြန်မြိုရတဲ့
ညတွေ . . .
ကိုယ့်ပါးစပ်ကိုယ် ဖန်ရည်ဆိုးတဲ့
ညတွေ . . .
ကိုယ့်လျှာနဲ့ကိုယ် ခလုတ်တိုက်တဲ့
ညတွေ . . .
. . . ညတွေ . . . ညတွေ ။
မျက်လုံးတွေနဲ့စကားမပြောလိုလို့
မှုန်မှိုင်းထားပါတယ်ဆိုမှ
မလွယ်ပေါက်က ချောင်းကြည့်ချင်ကြသေးတယ်
ခရားရေလွှတ် စကားသေတွေတလဟော
ဆာလောင်လွန်းတဲ့ မနက်ဖြန်ကိုလဲ
မျက်မှန်တပ်ပေးရတော့မယ် ။
ဝေဖန်ပါ ပုတ်ခတ်ပါ ပြောပါ ဆိုပါ
ပွင့်ပြီးသားပန်းတို့ ပြန်လည်မဖူးငုံသလို
နောက်ပြန်လျှောက်ဖို့စဉ်းစားတိုင်း
စီးခဲ့တဲ့ဖိနပ်ကိုအားနာ
ဆူးပန်းတို့ပွင့်စေ . . . လန်းစေ ။
လှဲကျင်းဖယ်ရှားလိုစိတ်တခုတည်းနှင့်
အမှိုက်ဟုခေါင်းစဉ်တပ်သူများ
ဖက်လှဲတကင်း မရှိလိုတော့ပါ
အစွယ်ဝှက်တတ်တဲ့ ဟော့ဒီအညတရကောင်က
မာန်ဖီရုံ သက်သက်တော့
ဘယ်တော့မှ ပါးစပ်မဖြဲဘူး ။
ကောက်နှုတ်ချက်ကြမ်းကြမ်းတွေနဲ့
အနမ်းခံရတဲ့ပါးတဖက်
ကြေးမုံပေါ်က ပုံရိပ်ယောင်တွေလို
အရာရာ မှား . . . ယွင်း
အမှန်တရားဟာ ကိုယ်ကလွဲလို့
ကိန်းအောင်းတယ် . . . ။
ကျူးကျူးကျော်ကျော်
အိပ်မက်တွေကိုမှ အပိုင်သိမ်းလိုတဲ့
ဝတ်ကျောင်းသူရေ . . .
မနက်ဖြန်အားလုံးထည့်ပေးလိုက်သည်
ဆောင်းနှောင်းလေ အလျင်နဲ့
လာရာလမ်းကို ခြုံပြီးပြန်
မနက်ဖြန်မှာ မနက်ဖြန်မရှိတော့ဘူး . . . ။
စီးကရက်မီးခိုးတွေလို မှုန်ဝါးတိုးသက်
အနက်ရောင်များများ ဆံပင်ဖားလျားည
လမ်းနဲ့လူ တသားတည်းစီးမျော
အချစ်က မှော်ဆရာလက်ဖ၀ါးတွေလိုပဲဆိုတော့
ပင့်သက်ရှိုက်ပြီး ရယ်တယ်
အဲ့ဒီည ပေါ့ . . . အနက်ရောင်များများ ည ။
နာရီလက်တံလိုလူများသာခံစားနိုင်တဲ့
ကြယ်စင်တသိန်း ကပွဲ
အိပ်ကပ်ဟောင်းလောင်းကို ပုတ်နေပုံများ
မသာကား ဖြတ်သွားသလိုလို
ဒီလိုပါပဲ . . . ခပ်လှမ်းလှမ်းကရပ်ကြည့်
ဘယ်သူစိုက်သွားတယ်မသိဘူး
အိမ်ပြန်ရောက်တော့
ရင်ဝမှာ ပေါက်ဓါး တလက် ။
လွဲချော်ခြင်းဟာ ၀တ်ကောင်းစားလှတွေနဲ့
အိမ်ဦးခန်းမှာခြေချိတ်
ယဉ်ကျေးမှုဆိုတာကြီးသာမထွန်းကားခဲ့ရင်
ရိုင်းစိုင်းခြင်းခေါင်းစဉ်အောက်မှာ(ခုလို)
နေရမှာမဟုတ်ဘူး ။
ချပ်ဝတ်ဆင်လေညှင်းနဲ့ ကိုယ့်ဇက်ကြိုးကိုယ်ဆွဲ
တိုက်ပွဲ ပြင်းပြင်းဝင်နေရသူမို့
အချိန်မှန်မရောက်နိုင်လဲ စောင့်နေစေချင်တယ်
တိုအရာ . . . တိုအရာအားလုံး
မြောက်လေအပြန်မှာ သဂြိုဟ်မှာမို့ . . . ။
Comment #1
🙂