မြူ – ဒီရေလှိုင်း
နယ်ရှစ်ခွင် ရစ်ကာသိုင်းပါလို့
မြူမှိုင်းတို့ လှပန်းချီ
သန္တာရည် နီအဆင်းတွေက
တစ်တောလုံးဖြန့်ကျက်စီ ။
ချိန်ခါညီ ၊ သရဖီရွှေအဆင်းတွေနဲ့
ကြူကြူသင်းမွှေရနံ့
သင်းပျံ့လှိုင်ပြီ
မိန်ရာသီ လတပေါင်းပေမို့
ရှုလေတိုင်း လှစုံညီ ။
သည်ရာသီ
လေမှာခလို့
မြူလွှာကျရင်
ကမ္ဘာမဟီ လှတယ်လို့
အများကအချစ်ပိုကာ
ဖွင့်ဆိုကြပေမဲ့
မြူဆင်းတဲ့ မြင်ကွင်းဟာ
မထင်လင်းပဲ ပိတ်ကာဆီး
ခရီးသွားအားလုံးအတွက်
တားထားတဲ့ စည်းတစ်ခုပေါ့
အမြင်တွေ ယိုးမှားအောင်
ဝိုးတ၀ါးနဲ့ ပါးပါးလေးကာလို့ထား
မာယာများလည်းအပြည့်ပေါ့ ။
အော် ဒီမြူတွေလို
မြှူနေတဲ့
ကလူနေတဲ့
မောဟမြူတွေ လူတွေမှာပွားရင်
လောဘအယူတွေ များ
ဒေါသအဆူတွေ ပွားပေါ့
လောကမှာ ဘယ်တော့မှ မလှ
ဒါဏ်ရာတွေသာ ဗရပွနဲ့
ကံကြမ္မာတွေလှကျတော့မလား
အဖန်ဖန်သေရမဲ့ သံသရာကမ်းခြေမှာ
လမ်းတွေပျောက်လို့ စခန်းမြေမရောက်
ခြောက်ခြောက်ခြားခြား
ဘ၀ခရီးတွေမမှားရအောင်
အလင်းကမ္ဘာအောက်မှာ
တို့လမ်းတူဖောက် ၊ တို့တူလျှောက်ကာ
ဘယ်ခါမပမ်း တို့ဆက်လှမ်းမယ်
မြူတွေဖယ်ရှင်း
ချစ်ခြင်းများဖြင့် ——