ငါ့ပြက္ခဒိန်ထဲ တေးမှတ်ခဲ့ရသော ဓားထစ်ရာများ
တစ်နေကုန် အကိုက်အခဲခံခဲ့ရသမျှ
တစ်ညလုံး ကိုက်ခဲလို့ မဆုံးဘူး
ညှီစို့စို့အဲဒီမြစ်ကို ဖြတ်ကူးဖို့ ကြိုးစားရင်း
စိတ်ကူးတွေ တစ်လှေလုံး ပုပ်တယ်
နှလုံးသားနဲ့ ထမ်းတင်ထားမိတဲ့အရာရာဆီ
မြားဟာ အဓိပ္ပာယ်ရိုင်းမှုတွေ သုတ်လိမ်းစိုက်ဝင်နေ
တကယ်ကို ပိန်းပိတ်အောင် ကြေကွဲခဲ့ရအရှုံးများ
ချစ်ခြင်းနဲ့မေတ္တာတရားလည်း
လင်ကောင်မပေါ်တဲ့ကလေးတွေလို မျက်နှာမွဲ
ငွေကြေးက သွေးဆောင်ဖြားယောင်းသွားတဲ့ငါ့မာနလည်း
မျက်စိသူငယ် နားသူငယ် အပျိုရည်ပျက်တယ်
ခက်ထန်မှုနဲ့ စိတ်တူကိုယ်တူ ကိုယ်လက်နှီးနှောဖို့
မြို့ပြက ၀တ်လစ်စလစ် မြှူဆွယ်
ငွေဖလားထဲ ငွေဒင်္ဂါးတွေ ထည့်ခလောက်နေသလိုလို
အသားချင်းထိခတ်တာနဲ့ လူက ငွေသံထမြည်တော့မလိုလို
ငွေရှိရာအရပ်ဆီ မျက်နှာမူပြီး ငွေရှိရာအရပ်တွေဆီ
လက်နှစ်ဖက်ကို ဆန့်တန်းကြ
အိပ်ယာပေါ် ကျောခင်းမိရင်တောင် စိတ်က ငွေရှိရာ
ဆူးငြိသလို မှောင်ရီဖျိုးဖျ ကျန်ခဲ့
အခုချိန် ကိုယ့်ကိုယ်ကို အာသာပြေဖို့ဆိုရင်
သူများအိတ်ထဲက ပိုက်ဆံကို ကိုယ့်ပိုက်ဆံလို သဘောထားပြီး
အချိန်ရသလောက် တစိမ့်စိမ့် အရသာခံကြည့်လိုက်ဖို့ပဲ
မျက်လုံးနှစ်လုံးတည်း ကင်းထောက်ချထားရုံနဲ့
မလုံခြုံတော့ဘူး
ဦးနှောက်တစ်ခုတည်း တွေးခေါ်မြော်မြင်နေရုံနဲ့
မလုံလောက်တော့ဘူး
လက်နှစ်ဖက်တည်းနဲ့ ဖမ်းဆုပ်နေရင်
ဘာကိုမှ မိမှာမဟုတ်ဘူး
သင်္ဂြီုလ်စက်ခေါင်းတိုင်က မီးခိုးငွေ့တွေလို
သက်ပြင်းမောတွေ ဒဏ်ရာမပေါ်ဘဲ တလူလူ လွင့်
အဆင်မပြေမှုဟာ ပါးစပ်ထဲ လောင်းထည့်ခံရတဲ့ပြည်ပုပ်တွေလို
အသားထဲကထွက်တဲ့လောက်ပဲ
(ထွီ . . . . )
ငါ့စံပယ်ရောင်ညနေခင်းတွေလည်း
ဘယ်တော့မှ မငြိမ်းတော့မယ့်ပုံမျိုးနဲ့ တောက်လောင်
ငါ့အိပ်မက်ကို ဘယ်ကိုင်းပေါ် သွားပွင့်ပြရမလဲ
ခုတ်ချခံလိုက်ရတဲ့လက်ဟာ ကဗျာအသားတွဲကို
သွေးတရွှဲရွှဲ ဆွဲလို့
အူလှိုက်သည်းလှိုက် ရယ်မောစေတဲ့ခလုတ်
ကိုယ်ခန္ဓာရဲ့ဘယ်နေရာမှာမှ ရှာလို့မရ
ငရဲကို ပုံတူကူးထားတဲ့လောင်မြိုက်မှုထဲ
အငွေ့တလူလူ ကိုယ်ဖော့ထားရ
ချစ်ကြည်ရေးလို့ ခေါင်းစဉ်တပ်ပြီး
ကိုယ် ဂိုးရဖို့ပဲ လက်ဆွဲနှုတ်ဆက်
ပြုံးနေတဲ့မျက်လုံးတွေအောက်မှာ
အရှင်လတ်လတ် သေစေနိုင်တဲ့ကပ်ဆိုးတွေကို ၀ှက်ထားတယ်
အနုပညာဆန်တဲ့ငါ့လက်တွေ ထွန်တုံးကိုသာ ကိုင်ခဲ့ရင်
အသားမာတက် ကြမ်းရှဖုထစ်နေတော့မယ်
အနုပညာဆန်တဲ့ငါ့လက်တွေ ကဗျာကို ဆုပ်ကိုင်ခဲ့တော့
သွေးစို့ပေါက်ပြဲ တစ်ဆစ်ချင်း ကြွေကျတယ်
လူမှုရေးနဲ့သာ နာမည်ကိုရေးထိုးနေတဲ့စာမျက်နှာတွေ
အနုပညာကို အားရပါးရ ခြေတော်တင်ကြ
အနုပညာကို အောင်သေအောင်သားစားဖို့ အမဲဖျက်ကြ
ငါ မြတ်နိုးတဲ့ကဗျာ
ငါ တန်ဖိုးထားတဲ့ကဗျာ
မိန်းမပျက်တစ်ယောက်လောက်မှ မထည်ဝါခဲ့ပါလား
မိဝေးဖဝေး ညီဝေးညီမဝေး
သူတို့နဲ့ဝေးတော့ အရာအားလုံးနဲ့ ဝေးတာပဲ
အသက်၀၀ရှုခွင့်နဲ့ လွဲတယ်
လွတ်လပ်စွာ ငိုကြွေးခွင့်နဲ့ လွဲတယ်
ခွင့်သာခိုက်မှာ ချောင်းမြောင်းမတိုက်ခိုက်ချင်လို့
မဟာဒုက္ခ တွင်းဆုံးကျတာလား
ဆင်းရဲမွဲတေမှုဟာ
ဘယ်လိုပြဋ္ဌာန်းချက်အသစ်တွေနဲ့လျှော်လျှော် တောက်ပြောင်မလာဘူး
စောင့်မျှော်ခြင်းမှာသာ အရိုးဆွေး
ဘ၀တစ်ခုလုံး လောင်ကျွမ်းခဲ့ပါတယ်
ဆယ်ပေါင်တူနဲ့ အထုခံထားရသလို ပြားချပ်နေတဲ့ခေါင်းကို
အံကြိတ်ညှစ်ချကြည့်တော့ ဦးနှောက်တစ်ဖတ်ဟာ
ငြီးငွေ့မှုအဖြစ် အရည်ပျော်ကျ
ငါ့မျက်လုံးတွေကို ဖောက်ထုတ်ပစ်မိတော့မယ်
ငါ့နားတွေကို လှီးထုတ်ပစ်မိတော့မယ်
ငါ့ခြေတွေလက်တွေကို ရိုက်ချိုးပစ်မိတော့မယ်
ကြက်ရင်အုပ်ကို ဓားနဲ့ခွဲတာ မြင်ရင်လည်း
ငါ စူးစူးဝါးဝါး ငိုချင်တယ်
ဝက်တစ်ကောင်ကို ပွက်ပွက်ဆူဒယ်ထဲထည့်တာ မြင်ရင်လည်း
ငါ နာနာကျင်ကျင် အော်ချင်တယ်
“ ငါ့ ”ကို မချစ်လိုက်ကြပါနဲ့
“ ငါ့ ”ကို မချစ်လိုက်ပါနဲ့
“ ငါ့ ”ကို မချစ်ပါနဲ့
“ ငါ့ ”ကို မချစ်နဲ့
( ကျေးဇူးပြုပြီး . . .
နောက်တစ်ခေါက် ပြန်ဖတ်ပေးပါ)
မင်း ရှိနေပေမယ့် မင်း ရှိမနေခဲ့ဘူး
ဒီနေရာက ငြိမ်းသွားရင် ဟိုနေရာက ထလောင်တာပဲ
ဆိုးတဲ့လူတွေက ဆိုးမြဲဆိုးပြီး ခိုးတဲ့လူတွေက ခိုးမြဲခိုးတယ်
မ၀ရေစာစားခဲ့ရတဲ့လူတွေ စားရမဲ့မဲ့ သောက်ရမဲ့မဲ့
အက်ဆစ်တွေ ရွာကျမယ့်အတူတူ
ငါ့စပါးပင်တွေ မိုးမမျှော်တာပဲ ကောင်းတယ်
မင်း ရှိမနေမယ့်အတူတူ မင်း ရှိမနေတာပဲ ကောင်းတယ်
ငါ သိတယ်
မျှော်လင့်ခြင်းဆိုတာ တောင်းဆိုလို့ ရတာမဟုတ်ဘူး
မျှော်လင့်ခြင်းဆိုတာ တိုက်ယူမှ ရတာ
အသံကုန်အော်လို့မှ ပဲ့တင်မထပ်ရင်
နံရံတွေကို လက်သီးနဲ့ ထိုးခွဲမယ်
လူပါ
ကြယ်တွေကို ရင်ထဲအပြည့် ထည့်လင်းပစ်ချင်တာချည်းပဲ
ရ,ထားတဲ့လူ့အဖြစ် ကိုယ်စားပြုစရာစကားလုံးမရှိတော့
ကိုယ့်ကိုယ်ကိုတောင် မုန်းတီးမှုတစ်ဝက်နဲ့သာ
ဖျစ်ဖျစ်ညှစ်ညှစ် ချစ်နေရ
ကိုယ့်လျှာကိုယ် ကိုက်ဖြတ်စားသောက်မိတော့မတတ်
အာခေါင်ကို မီးနဲ့ လာလာမြှိုက်တဲ့ညတွေ
အစာအိမ်ဟာ ခြစ်ခြစ်တောက် တုန်ယင်အဖျားတက်
အရှိန်ပြင်းပြင်း ခုတ်မောင်းနေတဲ့ကတိက၀တ်တွေအောက်
ဝမ်းလျားမှောက်ခေါင်းထိုးပေးခဲ့ရပေါင်း များပြီ
ဒီလိုပဲရုန်းရင်းကန်ရင်း ဘ၀ကို ချော့မြှူပွတ်သပ်ခဲ့ရပေါင်း များပြီ
နာကျင်မှုဟာ အနာဂတ်ကို လာလာရှတာ ခါး
နယ်ရုပ်လေးတွေကအစ ဘုရင်မအဆုံး
တစ်တပ်လုံးထိုးကျွေးထားတာတောင်
ချွေးသိပ်စရာ အလင်းတစ်စ လျော်ကြေးပြန်မရဘူး
အပျော်ကြံချင်ရုံသက်သက် ရေလောင်းပေါင်းသင်ပြ
ငါ့နှင်းဆီပွင့်တွေ ရနံ့မွဲကြမ္မာ ငင်
အခု ငါ သီဆိုနေတဲ့သီချင်းဟာ
မနက်ဖြန်အတွက် အာမခံချက်မရှိဘူး
ကိုသျှား
Comment #2
တပုဒ်လုံးပြောစရာမရှိကောင်းတယ်ဗျာတကယ်
Comment #3
နယ်ရုပ်လေးတွေကအစ ဘုရင်မအဆုံး
တစ်တပ်လုံးထိုးကျွေးထားတာတောင်
ချွေးသိပ်စရာ အလင်းတစ်စ လျော်ကြေးပြန်မရဘူး
အပျော်ကြံချင်ရုံသက်သက် ရေလောင်းပေါင်းသင်ပြ
ငါ့နှင်းဆီပွင့်တွေ ရနံ့မွဲကြမ္မာ ငင်
အခု ငါ သီဆိုနေတဲ့သီချင်းဟာ
မနက်ဖြန်အတွက် အာမခံချက်မရှိဘူး
ဘယ်လိုစိတ်ကူးနဲ့ ဘယ်လိုအရေးအသားတွေများလဲဗျာ…..လှလိုက်တာ
Comment #1
ဘာပြောရမှန်းမသိလို့ ဘာမှမပြောခဲ့ဘူးလို့ပဲ ပြောတော့မယ်