ဂစ်တာအိုလေးသို့ တမ်းချင်း………….
သူမမှာ တချပ်မှောက် ၀ှက်ဖဲတွေအများကြီးနဲ့
ကျွမ်းကျင်မှုကို အားကိုးတဲ့ ကစားသမားတစ်ယောက်လို
ဘယ်သူမှမရိပ်မိခင်……..သူလိုချင်တာကို ရအောင်ယူတတ်တယ်။
သူမကို ချစ်မိပြီးတော့မှ ငါ့ရင်ဖက်တခြမ်း
ခဏခဏအောင့်တယ်။
တောင့်တမိသမျှအိပ်မက်တွေလဲ
အခိုးအငွေ့တွေအဖြစ်ကွယ်ပျောက်
မှတ်လောက်သားလောက်တဲ့ ပညာတွေပြ
ရီလျှက်နဲ့ မျက်ရည်ကျနေရတဲ့အဖြစ်ပေါ့။
ပြည်ဖုံးကားချတယ်ဆိုတာ ဇာတ်သိမ်းခန်းရောက်မှလုပ်လို့ရတာမျိုး
ဇာတ်သိမ်းခန်းမရောက်ခင် ပြည်ဖုံးကားချရင်လည်း
အလိုလို ဇာသိမ်းသွားတတ်တာမျိုး………..။
မောင်ရင်စစ်ပြောသလို………….
“ ဇာတ်ကတော့အလွမ်းဇာတ်ပဲ တခါတခါ မျက်နှာငယ်လေးနဲ့ ထွက်ထွက်ကြမ်းတာကလွဲလို့ပေါ့”
ဒီလို နာနာကျင်ကျင်အသက်ရှင်ရတာမျိုး ငါမုန်းတယ်
အဆီတ၀င်းဝင်းနဲ့မို့ စားမိတဲ့အသားမှာလည်း သဲတရှပ်ရှပ်
မပစ်ရက်မှတော့ ……… ကျိန်စာသင့်သလို
နာနာကျင်ကျင်အသက်ရှင်လေဦးပေါ့ကွယ်။
မှန်းချက်နဲ့ နှမ်းထွက်မကိုက်တာ
အညာဒေသမှာမှမဟုတ်ပါဘူး
ငါ့တကိုယ်စာ နေရာလေးမှာလဲ မင်းတို့မြင်တွေ့နိုင်ပါလိမ့်မယ်။
ချစ်ခဲ့ရပါသော ဂစ်တာအိုလေးရေ….
ငါ့အိပ်မက်တွေချိုသလောက်
လက်တွေ့မှာ ဘာလို့ ခါးရတာလဲ။
အနုပညာနဲ့ မိဘကလွဲရင် ငါသူ့ကို ပုံအပ်ထားခဲ့တာလေ
ငါ့ဘ၀ဧည့်သည်တော်စာရင်းမှာ
မင်းကိုတောင် ထည့်သွင်းမထားဖြစ်ခဲ့ဘူး။
အိပ်မရတဲ့ညတွေမှာ မက်ခဲ့တဲ့အိပ်မက်တွေကို
အိပ်မက်အသေတွေလို့ မင်းပြောမလား
ငါဟာ…………..
တာရာမင်းဝေရဲ့ …… အိပ်မက်အသေတွေမွေးဖွားခဲ့ရသော
မိခင်ကောင်းတစ်ယောက်ပါ ချစ်သောဂစ်တာအိုလေးရယ်။
ဗီဇ (၅.၁၁.၂၀၁၂)