Professional Authors

ရန်ကုန်စတိုင်(လ်) ခေတ်လည်းမီ အချိုးစားလည်းကျတဲ့စိတ်ပျက်လက်ပျက်အရသာ

ရိုက်ခတ်လိုက်သမျှစီးဆင်းမှုက အရှိန်အဟုန်ပြင်းတယ်
ထိလွယ်ရှလွယ်ဆိုရင် ပြတင်းပေါက်အပြင်ဘက် နားနဲ့မျက်လုံးတွေ ခုန်မထွက်စေနဲ့
စိတ်မခိုင်ရင် သွေးရူးသွေးတန်း ဂယောင်သွားမယ်

ခေါင်းတစ်လုံးက ထိုင်တွေးနေတုန်း ထိုင်တွေးနေတဲ့ခေါင်းကို စနက်တံဖြုတ်သွား
ပါးစပ်ထဲက မီးခိုးထောင်းထောင်းထအောင် စကားတွေ လောက်တဖွားဖွားကျနေတဲ့အဲဒီချာတိတ်
၃၈လမ်းထဲ သူ့အိမ်သူ့ယာလို ၀င်လိုက်ထွက်လိုက်၊လမ်းဖြတ်ကူးဖို့ ဘယ်ကြည့်လိုက် ညာကြည့်လိုက်
သူ့အသိဥာဏ်က မောင်ချောနွယ်ကို ပလက်ဖောင်းလို ခေါင်းအုံးထားတယ်

ဒီအရေးအကြောင်းလောက်နဲ့ ရန်ကုန်ကို လှည့်ဖွင့်ဖို့ သော့ဝိဇ္ဖာတစ်ချောင်း ကောက်ရသလို
လူနေရင် လွင့်သွားမှာပေါ့
မကုန်နိုင်မခမ်းနိုင်မြို့ကြီးပြကြီးဆိုပေမယ့် ရန်ကုန်ကို မင်းထင်သလို သုံးလို့မရဘူး

ငွေက စကားပြောတယ်
အဲဒီငွေက ကိုယ့်လက်ထဲမှာမရှိရင် အသံပိုကျယ်တယ်
ငွေမရှိရင် ရန်ကုန်ဆိုတာ ရုပ်ဖျက်ထားတဲ့ကိုကိုးကျွန်း
ရန်ကုန်မှာ ငွေမရှိရင် ၀တ်မှုံရွှေရည်လည်း ရင်ခုန်စရာမကောင်းဘူး

လက်ဘက်ရည်ဆိုင်ထဲ အရုပ်ကြိုးပြတ်ထိုင်နေတဲ့နားကို
ကားဟွန်းသံက တက်ကြိတ်သွားသေးတယ်
လမ်းမထဲစူးဝင်နေတဲ့နောက်ကျောမလုံမှုကို ဘယ်လိုမှ မ,ရွှေ့လို့မဖြစ်ဘူး
အကြမ်းပန်းကန်ထဲ ရေနွေးပူတွေ ငှဲ့ထည့်
ရေနွေးပူတွေထဲ ကိုယ့်ကိုယ်ကို ငှဲ့ထည့်
ဟောဒီလူအဖြစ်ရဲ့ငြင်းပယ်ခွင့်မရှိတဲ့အတင်းအဓမ္မတွေကို ကြိတ်မှိတ်မြိုချနေကြတာချည်းပဲ

လွန်တယ်မထင်ပါနဲ့ကလေးရယ်
တကယ်ကို မတတ်သာလို့  မျက်နှာလွှဲပစ်လိုက်တာပါ
ဖြစ်နိုင်ရင် အစာအိမ်ကိုတောင် အန်ထုတ်ကျွေးပစ်လိုက်ချင်တာပေါ့

ငါတို့သေနတ်တွေ ကျည်အနေလို့ ငါတို့ဘ၀တွေ အကျအရှုံးများခဲ့ရတာလား
ညီလေးရေ . . .
ကိုသျှားရေ . . .
ငါ့သားလေးပါးပြင်ကို အလင်းဆုံးပြန်မွှေးခွင့်ရဖို့
ငါ့ကို ပစ်ပယ်ထားတဲ့အသိုင်းဝိုင်းထဲ တိုးဝင် ငါ့မိန်းမနဲ့ ပြန်ပေါင်းခွင့်ရဖို့
ရန်ကုန်ကို ရတဲ့ဈေးနဲ့ ပေါင်ချင်တယ်

ရန်ကုန်သောက်နေတဲ့ကော်ဖီကို ကျွန်တော်တို့သွေးတွေနဲ့ ဖျော်ထားတာ
ရန်ကုန်စားနေတဲ့ထမင်းကို ကျွန်တော်တို့ချွေးတွေနဲ့ ချက်ထားတာ
ရန်ကုန်စီးနေတဲ့ကားကို ကျွန်တော်တို့အသက်တွေနဲ့ အရောင်တင်ထားတာ
ရန်ကုန် အပျင်းပြေ ဘီယာနဲ့မြည်းဖို့ ကျွန်တော်တို့အသားတွေကို လှီးပေးနေရတော့တာပဲ

လူတစ်စုက ဘုန်းကြီးပွဲကို အချိုတည်းသလိုစားပြီး လျှာသပ်နေချိန်မှာ
လူအများကြီးက ငါးရာတန်နေ့လည်စာထမင်းစားဖို့ သူတို့မျက်နှာ မော့ကြည့်နေရတယ်

နတ်မယ်တမျှတ္ထိယတွေ သူတို့အဖူးသူတို့အပွင့်တွေကို အစွမ်းကုန်ပွင့်အာပြနေလည်း
တုန်ခါမလာဘူး
ခန္ဓာကိုယ်မှာ ညွှတ်ကျအောင် သီးနေတဲ့ရမ္မက်ကို ဘယ်လိုတင်သားတွေနဲ့ လှုပ်ချချ
ကြွေကျမလာဘူး

ရန်ကုန်ဆိုတာ မြန်မာနိုင်ငံရဲ့အော့(ဇ်)၀စ်အကျဉ်းစခန်း
ကျွန်တော်တို့ဟာ အလင်းရောင်နဲ့ကိုယ်လက်နှီးနှောခွင့်မရှိတော့တဲ့ဂျူးတွေ
ကျွန်တော်တို့အသိဥာဏ်ဟာ အစိမ်းသက်သက် လက်သည်းခွံခွာခံရတယ်
ကျွန်တော်တို့လိင်အင်္ဂါဟာ အရှင်လတ်လတ် ရေနွေးဖျောခံရတယ်
ကျွန်တော်တို့ဆင်ခြင်တုံတရားပေါ် သစ်ရွက်လေးတစ်ရွက် ကြွေကျလာရုံနဲ့
ကျွန်တော်တို့ဟာ ဆောက်တည်ရာမဲ့လို့

လရောင်ကို ကောင်းကင်ကနေ လှီးထုတ်ထားတဲ့ညတွေထဲမှာ
ချစ်သူကို သားမယားစိတ်နဲ့ ပွေ့ဖက်နမ်းရှုံ့တတ်တဲ့လူလုပ်ယဉ်ကျေးမှုတွေထဲမှာ
လူ့အရေပြားမှာ ရောဂါဘယတွေ ညှော်နံ့ထွက်အောင် လောင်နေတဲ့အရပ်မှာ
ကိုယ်ယောင်ဖျောက်ထားတဲ့ကျည်ဆံတွေ တရစပ်ထွက်ကျနေတဲ့နာနာဘာဝနေ့စွဲတွေထဲမှာ
အနာဂတ်ထဲကနေ မနက်ဖြန်ကို ဖဲ့ယူခံထားရတဲ့ရှင်သန်မှုထဲမှာ
တစ်နေ့ပြီးတစ်နေ့ လင်စိတ်သားစိတ်ကုန်ခမ်းလာတဲ့လမ်းမပေါ်
တစ်နေ့ပြီးတစ်နေ့ စိတ်ခံအားကျဆင်းလာတဲ့ခြေလှမ်းတွေ

                                                                                                    ကိုသျှား

In: ကဗျာ Posted By: Date: Nov 21, 2012
Comment #1

ဖတ်သွားပါတယ်ရှင်

commentinfo By: maypyo22889 at Nov 21, 2012
Comment #2

ရန်ကုန်ဆိုတာ မြန်မာနိုင်ငံရဲ့အော့(ဇ်)၀စ်အကျဉ်းစခန်း
ကျွန်တော်တို့ဟာ အလင်းရောင်နဲ့ကိုယ်လက်နှီးနှောခွင့်မရှိတော့တဲ့ဂျူးတွေ…..

ခင်ဗျားရဲ့ စိတ်ပျက်လက်ပျက်အရသာ ကို သဘောကျလွန်းလို့ စိတ်ပျက်လက်ပျက်ဖြစ်ရပါတယ်

commentinfo By: kyawsanoo at Nov 22, 2012
Comment #3

ငါ့ကို ပစ်ပယ်ထားတဲ့အသိုင်းဝိုင်းထဲ တိုးဝင် ငါ့မိန်းမနဲ့ ပြန်ပေါင်းခွင့်ရဖို့
ရန်ကုန်ကို ရတဲ့ဈေးနဲ့ ပေါင်ချင်တယ်

commentinfo By: May Kha at Dec 17, 2012
Comment #4

Like it xoo much

commentinfo By: KC at Dec 19, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment