သော့ကလေး
သော့ကလေး
ငါ တေးသွားတစ်ခုကို ဖန်ဆင်းတဲ့အခါ
အဲဒီ့သံစဉ်ကို အသက်သွင်းမယ့်/ကကြိုးစင်မယ့် သူဟာ
နင် ဖြစ်လိမ့်မယ် ချစ်သူ။
နေဖူးတဲ့ အရပ်မှာ
ကြာတို့ ပွင့်စေ
ပန်းတို့ လန်းစေ
ကောင်းကင်တို့ ငုံ့စေ
မြေကြီးတို့ မော့စေ
မြက်တို့ဟာ လက်စေပေါ့။
ဒီ တစ်ရက်တော့ ပဉ္စလက်ဆန်ပါရစေ ချစ်သူ။
လေ မမြူးဘဲ ဖုန်တွေ ဘယ်ရူးပါ့မလဲ။
အငွေ့တွေတောင် ခဲတယ်။
တောတွေ လဲတယ်။
တောင်တွေလည်း ခဲတယ်။
ရေမစိုဘဲ ရွှဲမှတော့ မိုးရွာနေတာ ဆန်းပါဦးမလား ချစ်သူ။
—–
ငုံ့နေတဲ့ ဦးခေါင်းဟာ
လှောင်ရယ်သံ/သူ ကို သိသလို
ကြိုးတစ်ချောင်းက မိုးသားတွေပြောင်းမှာ ကြောက်မိသလို
ငိုနေတဲ့ မျက်ဝန်းတစ်စုံမှာ
အနစ်နာခံမှုအတွက် ကြည်နူးမှုတွေ ရှိတယ်ချစ်သူ။
ဒီလိုနဲ့ပဲ …
လှိုင်းက လှေကို ဆော့တယ်။
ခိုက ခါကို ဆော့တယ်။
လက ညရဲ့ အလင်းကို ထွေခင်းတယ်။
နံနက်ခင်းကလည်း
ငါ့ကို မျက်လုံးချင်းတောင် တက်နင်းခဲ့သေးတယ် ချစ်သူ။
နူးညံခြင်းနဲ့ အိစက်နေတဲ့ စကြာပန်းတို့ကို ခင်း
ခရေရနံနဲ့ တင်းရင်းနေတဲ့ လေညင်းတို့ကို ခင်း
ငါ၏ ချွေးစက်တို့ ပြည့်ဖူးနေတဲ့ လမ်းတို့ကို ခင်း
ကြည်နူးခြင်းနဲ့ ရာသီတိုင်းဟာ မွှေးပျံလင်းရှင်းနေပါလိမ့်မယ် ချစ်သူ။
—–
ပင်လယ်မှာ ရောင်နီကို မြှပ်တော့
မိုးစုန်းစုန်း ချုပ်သတဲ့။
နေက နေ့ကို ရေးတော့
ကမ္ဘာဟာ လည်သတဲ့။
မျက်နှာငယ်တဲ့ သူအတွက်
ဟင်းဖက်ဆိုတာ ဘယ်ဘက်မှာလည်း ချစ်သူ။
အပူက ပျံလွင်းခြင်းကို ယူတယ်။
အအေးက စုပ်ယူခြင်းကို ယူတယ်။
ငါဆိုတာလည်း မည်ကာမတ္တာ လူရယ်ပါ။
အေးအတူ ပူအမျှကို ခဏထား
စစ်မှန်တဲ့ မူမှန်သမျှဟာ လေးစားစရာကောင်းလှတယ် ချစ်သူ။
အပူမှန်သမျှ ငါ့ကို ပေးပါ။
—–
ရေပေါ်မှာ အရုပ်ရေးခြင်းနဲ့
လှေပေါ်မှာ တွေးခြင်းဟာ
မာလိန်မှူးဆန်တဲ့ ခန့်မှန်းခြင်းပေါ့ ချစ်သူ။
နေရီဖျိုးဖျမှာ
ကောင်းကင်ပေါ်က ကြယ်မျက်ရည်တစ်စက်နဲ့
နင့်အတွက်ပဲ တွက်ချက်နေမိတယ်။
နင် ပျော်ပါစ ချစ်သူ။
ငါ့ မျက်ဝန်းမှာမျက်ရည်စတို့ မြင်ရင်
နင်က ငါ့ကို မပျော်ဘူးထင်မယ်။
နင် ရွှင်ပျမှုကို မြင်သ၍
ငါ့ရဲ့ အဇျတ္တဟာ စင်ကြယ်စွာကြည်လင်နေမှာ
နင် သိပါစ ချစ်သူ။
န င် သိ ပါ စ ။
—–
အသံက အသံကို မကြားသလို
မာန်က မာန်ကို မမြင်သလို
ဗဟိုချက်ဟာ
ငါတို့ရပ်နေတဲ့ နေရာမှာရှိတယ် ချစ်သူ။
မိုးနဲ့ မြေဟာ တူတယ်။
မီးနဲ့ ရေဟာ တူတယ်။
ငါနဲ့ သေတာ တူတယ်။
နင်နဲ့ ရှင်တာ တူတယ်ပေါ့။
—–
ချစ်သူ ရှက်တဲ့ တစ်ရက်မှာ
ရေစီးတို့လည်း တန့်စေ
လျှက်စီးတို့လည်း လက်စေ
ပန်းတို့လည်း ဖူးစေ
လေပြေတို့လည်း ရှစေ။
မိုးတို့လည်း စဲစေ။
နေတို့လည်း အုံစေ။
သက်တန့်တို့လည်း ပုန်းစေ။
ပတ်ဝန်းကျင်တစ်ခုလုံးလည်း
ပကတိ တိတ်ဆိတ်နေပါစေလေ။
ချစ်သူရေ —
မကြားတစ်ချက် ကြားတစ်ချက်နဲ့
နင်ပေးလာမယ့် နင်ကိုယ်တိုင်ရေးတဲ့
စာမျက်နှာအချို့ကို တွက်ချက်ကြည့်တော့ ဟိုး …
တစ်နေရာက
မြို့ရိုးကြီး ငါ့ရင်ထဲမှာ လာလောင်နေတယ်။
အမှောင်ဆိုတာ ရောင်နီရဲ့ တစ်စွန်းတစ်စသာ ဖြစ်တယ်ချစ်သူ။
န င် သိ ပါ စ ။
ထ ပ် တူ ရှိ ပါ စ ။
ကြယ်စစ်သည် (21 Oct 2012) 03:36:38 AM
Comment #2
မိုးနဲ့ မြေဟာ တူတယ်။
မီးနဲ့ ရေဟာ တူတယ်။
ငါနဲ့ သေတာ တူတယ်။
နင်နဲ့ ရှင်တာ တူတယ်ပေါ့။
Comment #1
Wow…wow…
A yann ko nu nyant lun par de.
🙂