စီစီဖတ်ရဲ့ ကျောက်တုံးတွေဟာ မီးလောင်ဗုံးတွေကို မနှစ်သက်ဘူး-ရွှေကြယ်မိုး
ဒီကနေ့မှာ ငြင်းဆန်ပစ်လို့မရနိုင်တဲ့ သမိုင်းတစ်ခုကို အမွေရလိုက်တယ်
ဟစ်အော်တောင်းယူခဲ့တဲ့ ငြိမ်းချမ်းရေးမှာ မီးစမီးမှုန်တွေလွင့်စင်ကျခဲ့…ငိုသံ ညည်းသံ
ကမ္ဘာပျက်မတတ် … မလုပ်ကြပါနဲ့…အသံတွေကြားတယ် … သူတို့မရပ်တန့်ခဲ့ဘူး
ငါတို့ဟာ ဒါပဲကွဆိုပြီး ဘုန်းကြီးတွေကို ဆေးလိပ်လို ဖွါရှိုက်ပစ်လိုက်တယ်
သူတို့ဟာ ခါးသက်တဲ့အဓမ္မကို ကျောင်းသားတွေရှေ့ ယူလာခဲ့တယ်
မဲမဲမြင်ရာဟာ ရေနဲ့ထိလေ ပိုလောင်လေမီးတောက်မီးလျှံတွေ…သုဿန်တစ
ကြောက်မက်ဖွယ်ရာ တလင်းပြင်…သမိုင်းဟာ ခါးခါးသီးသီး တစ်ဆစ်ချိုးခဲ့
လူသားတစ်ယောက်ဟာ တောတောင်ရေမြေကို ချစ်ခွင့်မရှိဘူးတဲ့လား
ကျုပ်တို့ဟာ ကစားစရာအရုပ်တွေ မဟုတ်ဘူး…စစ်မြေပြင် မဟုတ်ဘူး
သောက်တလွဲတွေ လုပ်နေသမျှ စီမံကိန်းတွေကို မုန်းနေရဦးမှာပဲ
စွန်းထင်းသွားတဲ့ သစ္စာတရားဟာ တောက်ခတ်ရုံနဲ့ ပြီးသွားမယ်ထင်လား
ဘုန်းကြီးတစ်ပါးက နံပါတ်တုတ်ထက် ပိုခံရခက်တဲ့ဝေဒနာပဲတဲ့
အားသွန်ခွန်စိုက်တွန်းတင်ထားရတဲ့ ရာသီဥတုဟာ မှန်နေသယောင်ယောင်နဲ့
ပြန်လျှောကျလာတယ်…အချိန်မရှိတော့ဘူး…ရယ်ရယ်မောမော မရှိတော့ဘူး
ပေါက်တက်ကရလေးဆယ်နဲ့ လျှာရိုးမရှိသလို တောင်းပန် …လုပ်ထုံးလုပ်နည်းတဲ့
ဘယ်လုပ်ထုံးလုပ်နည်းမှာမှ မီးလောင်ဗုံးအကြောင်းမပါဘူးဆိုတာ ကျုပ်တို့သိတယ်
ဘယ်လိုပဲ ကျောက်တုံးတွေကိုတွန်းတင်တွန်းတင် အချိန်တန်တော့ ပြန်လိမ့်ကျလာ
ခင်ဗျားတို့ဟာ တကယ်တော့ စီစီဖတ်ပဲ…ဒါပေမယ့် ခင်ဗျားတို့ မသိတာ တစ်ခုက
ခင်ဗျားတို့ တွန်းတွန်းတင်တဲ့ ကျောက်တုံးတွေဟာ မီးလောင်ဗုံးကို မနှစ်သက်ဘူးဆိုတာ…။ ။
ရွှေ ကြယ် မိုး
www.shwekyalmoe.blogspot.com
Comment #1
Phat shu arr pay twar par de.