အနှစ်သာရ ရှိတဲ့ပွဲ
ကိုယ်စားပြု ရှေ့ထွက်ရဲသူတို့ရဲ့
ကိုယ်ကျိုးမဖက် အနစ်နာခံတဲ့ပွဲ
အဆီအငေါ်မတည့်တဲ့ ချွေးစက်တွေနဲ့
စိတ်ပါ လက်ပါ အပြိုင်ကြဲတဲ့ အဲ့ဒီပွဲမှာ
မဆီမဆိုင်…
ချွေးမထွက်သူ
ဘေးထွက်နေသူတို့
သူတော်ကောင်းဘွဲ့တွေရ
ရယ်ကြမောကြ ပျော်ရွှင်ကြချိန်
ချွေးစက်ရှင်တို့ မောဟိုက်ကြရင်း
မျက်နှာသာ မရရှာတဲ့…
ရှိန်းမြမြ ချွေးစက်တို့ခမျာ
ရွာချင်ရက် လက်တို့မို့…
မဆွေပါနဲ့ကွယ်.. မင်းတို့မှာ အပြစ်မှ မရှိတာလို့
အသာအယာ နှစ်သိမ့်
ဆိုသာ ဆိုရတာ…
ကိုယ်တိုင်တော့
စိတ်ပျက်လက်ပျက်နဲ့
ခေါင်းငိုက်စိုက်ကျ
ခါးသက်မှုက တကယ့်ကို ပြင်းရှရှ
ဖြစ်ပုံက…..
ငှက်ခါးပျံသလို နိမ့်ချည်မြင့်ချည် မဟုတ်ဘဲ
အဆင်းအတက် မလှရတဲ့ထဲ
မမျှတမှုတွေနဲ့ ဒီဘဝ
အလွဲတွေနဲ့ပွဲက
ခနော်ခနဲ့ နိုင်လှချည်လား
တကယ်ဆို…
မျက်မှန်စိမ်းတပ်ရင်တောင် တစ်ရောင်တည်းမြင်မှာ
ခုတော့…ပိုဆိုးတာက
အထင်ကြီးအောင် ဟန်တွေလုပ်
အရောင်နှစ်မျိုးနဲ့ 3D မျက်မှန်ကြီးတပ်
မက်လောက်စရာမရှိတဲ့
ဘက်လိုက် ကြည့်တဲ့လူတွေကြား
တကယ်ကွာ!
ကိုယ့်လိပ်ပြာ ကိုယ်သန့်ဖို့အရေး
ကိုယ့်လမ်းကိုယ် မယိုင်မလဲလျှောက်လို့
ကိုယ့်ယုံကြည်ချက် စွဲမြဲဖို့ ကြိုးစားရတာ
ခနော်ခနဲ့တွေများတဲ့ အလွဲတွေနဲ့ပေမယ့် …
တကယ့်ကို အနှစ်သာရ ရှိတဲ့ပွဲ !
Comment #1
ကဗျာကနေဘာကိုပြောချင်တယ်ဆိုတာတော့ ကျွန်တော်မသိဘူး
ဒါပေမယ့် ဒီကဗျာအရေးအသားကတော့ တကယ်ကိုအနှစ်သာရရှိတယ် ~~
With respect,
RAY