ပြောရဦးမယ် မိုးသိုရေ..
(၁)
ပြောရဦးမယ် မိုးသို ရေ
နင်မပျော်လို့ စောစောနုတ်ဆက်သွားတဲ့လောကကတော့
ငါတို့အတွက် ကွပ်လပ်ကြီးတစ်ခု ဖြစ်လာပြီ
ငါတို့မှာ လက်ဖ၀ါးတွေရှိတယ်..
ငါတို့မှာ မင်တံရှိတယ်..
ဒါပေမဲ့ ငါတို့မှာ စကားလုံးတွေမရှိကြဘူး..
နင်အတွက် ဖောက်ထုတ်ခဲ့ကြတဲ့
ငါတို့သူငယ်ချင်း ၈ ယောက်ရဲ့ မျက်လုံးတွေကတော့
အခုအချိန်မှာ နင်နဲ့ မနက် တွေကိုပြန်ငတ်နေကြတယ်..
အဲလိုဘဲလေ
ငါတို့ တိုင်းပြည်ကြီးကလည်း ငတ်တစ်လှည့် ပြတ်တစ်လှည့်ပေါ့
နင်ပြောသွားတဲ့ မျက်ရည်တစ်စက် ထမင်းတလုတ်မျိုး
ထမင်းရည်တစ်ခွက် ကြိမ်တစ်ချက် ဘ၀မျိုး
အခုတော့ ငါတို့ယုံတတ်သွားပြီဟာ…။
(၂)
ပြောရဦးမယ် မိုးသိုရေ
ကျောင်းလာတက်တဲ့ရည်ရွယ်ချက်ဟာ
ကျောင်းတက်ခေါင်းလောင်းသံလေးကြောင့် ဆိုတဲ့
နင်ချစ်တဲ့ကျောင်းခေါင်းလောင်းကြီး နန်းချခံလိုက်ရပြီ..
အခုဆို လျပ်စစ်စုန်းကောင်ရဲ့ အော်သံတဂီးဂီးနဲ့
မီးထဲကို အဖြူအစိမ်းတွေနဲ့စတိုးကြ…
သိပ်လှခဲ့တဲ့ ငါတို့ကျောင်းကြီးမှာ
အခုဆို ဆေးမင်ကြောင်ပရပွကျောင်းသားနဲ့..
မိပ်ကပ်ထူထူ ကျောင်းသူနဲ့
ဆေးလိပ်မီးခိုးထုတ်လုပ် တဲ့ ကျောင်းသားနဲ့..
Dior ရနံ့ထုတ်တဲ့ကျောင်းသူနဲ့
တူတာတစ်ခုကတော့..
ကျဆုံးလေပြီးသော…ခေါင်းဆောင်ကြီးများအားအလေးပြုဆိုတဲ့စာသားမှာ
ဗိုလ်ချုပ်နာမည်ပါမှန်း မသိကြတော့ဘူး..
ပြည်ထောင်စုမြန်မာနိုင်ငံတော် အလံအား အလေးပြု ရဲ့နောက်မှာ
စိတ်ဓါတ်တွေမပါကြတော့ဘူး….။
(၃)
ပြောရဦးမယ် မိုးသိုရေ…
နင့်ကို မှတ်မိလားလို့ ငါတို့လိုက်မေးကြတော့
ဆရာမတစ်ယောက်ကဖြေတယ်
ဟို..အိမ်စာဘယ်တော့မှ မလုပ်တဲ့ကောင်မလေး မဟုတ်လား..တဲ့
ကျောင်းသူတစ်ယောက်ကဖြေတယ်
ဟို..အခန်းထဲမှာ နှာခေါင်းသွေးခဏခဏလျံတဲ့ကောင်မလေးလေတဲ့
နင့် အိမ်နီးချင်းတစ်ယောက်ကဖြေတယ်
မိဘအစွန့်ပစ်ခံ ကလေးမလေး ပေါ့တဲ့….
ကဲ
အဲဒီ လက်စဖျောက်တဲ့ပညာရပ်ဟာ
လောကရဲ့ အမှတ်တရာနဲ့ ဂုဏ်ထူးရဘာသာဘဲဖြစ်လိမ့်မယ်ထင်ရဲ့..။
အိမ်နီးချင်းမသိပေမဲ့
ရင်နီးချင်းငါတို့တွေ သိတယ်..
တစ်နေ့ တစ်ရက်..ငါတို့ရဲ့ အောင်မြင်ခြင်းပရပိုက်မှာ
စိတ်ရှိလက်ရှိဆွဲဖြဲခံထားရတဲ့ နင့်ရာဇ၀င်
မာတိကာမှာ ပြန်တင်နိုင်ပါစေလို့ ငါတို့ဆုတောင်းနေတယ်သူငယ်ချင်း..။
(၄)
ပြောရဦးမယ် မိုးသို ရေ
မာယာနဲ့လှည့်စားဖို့ကျင်းသားရနေတဲ့ လောကမှာ
မိန်းမတွေရဲ့ စကတ်တွေတော်တော်တိုလာကြတယ်..
ဘန်းစကားတွေ စန်းထလာကြတယ်..
Educated စစ်စစ်ဖြစ်ဖို့ ၁၀၀ရာခိုင်နှုန်းမသေချာတော့တဲ့ခေတ်မှာ
စာရိတ္တ ပျက်ပြားဖို့တော့ လွယ်ကူလွန်းလာခဲ့တယ်
သေးငယ်လှတဲ့ ငါတို့မြို့ကလေးမှာတောင်
နိုက်ကလက်တွေဆောက်
ဇိမ်ခန်းတွေမှိုလိုပေါက်လာခဲ့
တည်းခိုခန်း တစ်ချို့ဆို
စုံတွဲလာမှ တံခါးဖွင့်ပေးသတဲ့….။
(၅)
ပြောရဦးမယ် မိုးသို ရယ်
နင် ထွက်ခွာသွားတဲ့ ရှစ်တန်းနှစ်က ကတည်းကပြောချင်တာပါဘဲ
ငါတို့တွေအခုထိ အသိမကြွယ်ကြသေးဘူး မိုးသို
ရှစ်တန်းအရွယ်ကလေးတစ်ယောက်
လူကြီးတစ်ယောက်ရဲ့ အသိနဲ့ လောကကိုတောက်ခေါက်ခဲ့ပုံ
သူငယ်ချင်းတွေနဲ့အတူဆို
နူးညံ့သိမ်မွေ့လွန်းတဲ့မိန်းကလေးတစ်ယောက်..
အစွန့်ပစ်ခံ ဘ၀ကစတဲ့နာကျည်းမှုနဲ့
မျက်ရည်တတောက်တောက် ကျတတ်ခဲ့ပုံ..
အဲဒီတုန်းက ငါတို့
ကုန်စင်အောင် နားမလည်နိုင်ခဲ့ကြဘူး..
အရောင်များတဲ့ လောကရဲ့ လှည့်ကွက်တွေအကြောင်း
အခုထိတောင် ငါတို့ အသိတွေခေါင်းပါးဆဲ…
(၆)
ပြောရဦးမယ် မိုးသို ရေ..
နင့်ကျောကို စိုက်ချလိုက်တဲ့
အဲဒီခေတ်ရဲ့ ဓါးချက်ကို ငါတို့ရှာတွေ့ခဲ့တယ်..
နင်က သိပ် ထက် မြတ် တဲ့ ကျောင်း သူ တစ် ယောက် လေ..
ပြီးတော့ နာကျည်းပြီးသား နှလုံးသားတစ်ခု လေ
ဖြောင့်တန်းရှည်လျားတဲ့ သစ်ပင်တစ်ပင်
အမြစ်ကလှဲချ သုတ်သင်ခံခဲ့ရတာ
ငါတို့ မြက်ပင်ဘ၀နဲ့သာ လေယူရာယိမ်းနေခဲ့ရ
နာကျည်းစရာပါဘဲ..သူငယ်ချင်း
အဲဒီ မင်းသိတဲ့ အလှတရားတွေအကြောင်း…
ငါတို့ပျံသန်းမဲ့ကောင်းကင်.. ငါတို့ကိုပေးမြင်စမ်းပါ
ဝင့်ကြွားတဲ့ဦးခေါင်းတွေနဲ့ ဓါးတောင်းတတ်ဖို့
ငါတို့နောက်ကျောတွေကို သင်ပေးတော့မယ်။။။
(၇)
ပြောရဦးမယ် မိုးသို..
ဒီတစ်ခုကတော့ နင်ဝမ်းသာစရာဖြစ်လိမ့်မယ်
သိမ့်မြတ်အိ (အိသိမ့်)နဲ့ ငါနဲ့ ချစ်သူတွေဖြစ်ခဲ့ကြတယ်..
ဝေယံက စီးပွားရေးသမားတစ်ယောက်တောင်ဖြစ်သွားတယ်
သွဲ့သွဲ့ က ငါချစ်တဲ့ကဗျာလေးတွေရေးနေတယ်..
ကွန်ထရာက သွားဆရာဝန် လောင်းလျာ
ခင်ပြည့်စုံက ကျောင်း ဆရာမလေး..အဖြစ်
နင့်လိုအစွန့်ပစ်ခံ မိုးထက်နဲ့ လင်းဆက်ကလည်း
သာယာတဲ့ အမွှာညီအကို ဘ၀လေး..နဲ့
ဘာမှမဟုတ်ခဲ့ကြတဲ့ ငါတို့တောင်
နေရာတစ်ခုရှိနေခဲ့ကြတော့
ကိုယ်စီ ကိုယ်စီ နင့်ကို စိတ်ကူးထဲမှာ ပုံဖော်ရင်း
ငါတို့ သန်းခေါင်တွေ လင်းနေကြသေးရဲ့…။
(၈)
ပြောရဦးမယ် မိုးသို ရေ
ခေတ်ကိုမေ့ဖို့
ထီးနန်းကိုမေ့ဖို့
တော်လှန်ရေးကိုမေ့ဖို့
သင်ခန်းစာကိုမေ့ဖို့
စာသင်ခန်းကိုမေ့ဖို့
သူရဲကောင်းရွေးပွဲမှာ DOTA ဟာ အမှတ်ပြည့်ခဲ့တယ်..
အဲဒီလိုဘဲ
နီကိုးကစ်မင်းကို သတိရဖို့
မိန်းမတစ်ယောက်ရဲ့ ခန္ဓာကို သတိရဖို့
လိင်ဆက်ဆက်မှု ကိုသတိရဖို့
ကုတ်ကင်းကို သတိရဖို့
ဒေါ်လာ သန်းတစ်ထောင်ကိုသတိရဖို့…
ဝါးလုံးတစ်ခင်းပေါ် အလုံးအရင်းတက်နေကြ..
ဘ……..၀……..တွေ…။
(၉)
ပြောရဦးမယ် မိုးသိုရေ
လောကက တရားခံလုပ်လိုက်တဲ့ Lukaemia ဟာ
နင့်အတွက် တစ်ခဏ
ငါတို့အတွက် တစ်ဘ၀စာဖျားနာမှုပါဘဲ..
မျှော်လင့်ခြင်းတွေ အားလုံးဟာ
တူညီဝတ်စုံဝတ် လူပြိန်းများကို မျက်နှာချိုသွေးနေရတဲ့
အဲဒီလောကရဲ့ ငါတို့အပေါ်ရယ်သံတွေအောက်
သွေ့ခြောက်အက်ကွဲပြီး မြုပ်နှံခဲ့ရပြီ…
ငါတို့ဆီ နင်ပြန်မလာတော့ဘူးလား…..
ငါတို့ဆီ နင်ပြန်မလာတော့ဘူးလား….
ငါတို့ဆီ နင်ပြန်မလာတော့ဘူးလား……မိုးသို…
th$ + n$n
Comment #2
အိမ်နီးချင်းမသိပေမဲ့
ရင်နီးချင်းငါတို့တွေ သိတယ်..
တစ်နေ့ တစ်ရက်..ငါတို့ရဲ့ အောင်မြင်ခြင်းပရပိုက်မှာ
စိတ်ရှိလက်ရှိဆွဲဖြဲခံထားရတဲ့ နင့်ရာဇ၀င်
မာတိကာမှာ ပြန်တင်နိုင်ပါစေလို့ ငါတို့ဆုတောင်းနေတယ်သူငယ်ချင်း..။
အဲဒီ မင်းသိတဲ့ အလှတရားတွေအကြောင်း…
ငါတို့ပျံသန်းမဲ့ကောင်းကင်.. ငါတို့ကိုပေးမြင်စမ်းပါ
ဝင့်ကြွားတဲ့ဦးခေါင်းတွေနဲ့ ဓါးတောင်းတတ်ဖို့
ငါတို့နောက်ကျောတွေကို သင်ပေးတော့မယ်။။။
ရင်ထဲမှာနင့်သွားတယ် သူငယ်ချင်းရယ်.. ငါကူးထားလိုက်ပြီ.။ ထပ်ခါထပ်ခါ ဖတ်ဖြစ်ဦးမယ်ထင်ပါတယ်..။ ကျေးဇူးကွာ…အားလုံးကို ငါပြောလိုက်မယ်
Comment #3
သူငယ်ချင်းအချစ်ကို မှတ်ကျောက်တင်မိတယ်ရှင်
Comment #4
အေး ကျေးဇူးကွာ ကွန်ထရာ
ဒီကဗျာကို ရေးမယ်ရေးမယ်နဲ့ အခုမှဘဲရေးဖြစ်တယ်..။ မင်းတို့သတိရကြသေးတယ်မဟုတ်လား .. ငါတို့ချစ်တဲ့ခွေးမလေး ကို မနေ့ညကတောင် ငါအိပ်မက်သေးတယ်..အဲဒါကြောင့် ၄နာရီလောက်မှာ နိုးသွားတာနဲ့ ဒီကဗျာထိုင်ရေးတာ မနက် ခုနှစ်နာရီမှပြီးတယ်..။ ပြောလိုက်ပါဦး.. သိပ်မကောင်းပေမဲ့ ငါ့ဘာသာပြန်ဖတ်ပြီးရင်တောင် ရင်ထဲမှာဆို့ဆို့နင့်နင့်ကြီး ကျန်နေရစ်တယ်..လို့..
.
Comment #5
အားပေးသွားတဲ့ ကိုzawhtike နဲ့ မမေပျို အထူးကျေးဇူးပါ
လေးစားလျက်
Comment #9
တကယ်ဝင်ရောက်ခံစားနိုင်အောင်လို့ ရေးသားထားတဲ့ စကားလုံးရွေးချယ်မှု။
စာအရေးအသား။ခံစားချက်ကို ညှစ်ထုတ်နိုင်မှု။မျက်ရည်တွေကို ချူချနိုင်မှု တွေက
ဒီကဗျာရဲ့ ရသ တချို့ ဖြစ်လိမ့်မယ်လို့ ထင်ပါတယ်။။
Comment #10
တစ်ခုခု ကျန်ခဲ့တယ်
လေးစားပါတယ် ( လမင်းဇော် )
Comment #11
လူစိမ်းဆိုတာ ကိုလမင်းဇော်လား…
ကျေးဇူးတင်ပါတယ်ဗျာ…ကဗျာလေးကိုဝင်ခံစားပေးတဲ့အတွက်ရော..အားပေးသွားတဲ့အတွက်ရောပါ.. ကဗျာတွေ မျှော်နေတယ်….
လေးစားလျက်
နိုးဆက် နေ့
Comment #12
ကိုလူစိမ်းက သက်သက်ပါ
လမင်းဇော် မဟုတ်ပါဘူး
ကျွန်တော့် နာမည်နဲ့ ပဲ ကျွန်တော် ၀င်ရောက် ခံစားပါတယ် 🙂
Comment #1
ပြောရဦးမယ်မိုးသိုရေ….