ရွက်လွင့်နေသော ဘဝပုံရိပ်
သာယာမှု အေးချမ်းမှုတွေ
ဝေဝေဆာဆာနဲ့ ပုတ်ခတ်မှု ကင်းစင်သော
သိပ်ရိုးသား သိပ်ပွင့်လင်းလွန်းတဲ့
လစ်ဟာနေတဲ့ မြို့ကြီးကို
မုန်တိုင်းတွေ ဝင်ရောက် တိုက်ခိုက်သွားခဲ့တယ်…။
ဒါပေမဲ့…..
မြို့တစ်မြို့ရဲ့ ရင်ခွင်ကို
တင်းကျပ်ထားတဲ့ ကြယ်သီးကို ဖွင့်ဟကြည့်တော့
တိမ်စိုင်ကင်းတဲ့ ကြယ်တွေကို ကောင်းကောင်းမြင်နိုင်တယ်.. ။
အခုတော့…
အဲဒီမြို့က မထွက်ခွာခင်
လမင်းကြီးဟာ အနောက်သို့ ယွန်းလာပြီ
ကြယ်တွေ အိပ်တန်းဝင်လာပြီ
ခုနှစ်စင်ကြယ်တွေ အမြီးထောင်လာပြီ
နံနက်မိုးလင်း လင်းကြက်တွန်းခါနီးမှာ
နိုးကြားလာတဲ့ ငါ့အသိတွေဟာ
နုံချာချာ တွေဝေနေတုန်းပဲ…။
ဒါပေမဲ့….
မြောက်ပြန်လေမြူးသော ဆောင်းနှင်းတွေ
နှုတ်ဆက်ချိန်ရောက်ပြန်တော့
အချိန်မနှောင်းခင် သမိုင်းတစ်ပုဒ်ကို ပြင်ဆင်ဖို့
စာကြည့်ခန်းထဲ ဝင်လာတော့လည်း
အေးစက်စက် ဘဝရဲ့ သင်္ခန်းစာတွေက
ဘာမဆိုင် ညာမဆိုင် လုယူ ပျက်စီးသွားခဲ့ပြန်တယ်…။
အမှန် တကယ် တည်ရှိနေတဲ့…
ဘဝဆိုတာ ကိန်းပြည့်တဲ့ သချာင်္တစ်ပုဒ်ပါ..
သချာင်္အတွက် ကောင်းခဲ့ပေမဲ့လည်း
တကယ်တော့ မလွယ်ကူခဲ့ဘူး
ကိုယ် ကိုယ်တိုင် ရွက်လွင့်
ကိုယ် ကိုယ်တိုင် ရွက်တိုင် ချိုးပြီး
ကိုယ့်ဘဝ လှိုင်းကြမ်းတွေကို အဖော်ပြု ခရီးဆက်ရင်း
ခမ်းနားတဲ့ ဆက်သွယ်မှုတွေ
အဲဒီနောက်ပိုင်း ပျောက်ဆုံးသွားတာ တော်တော် ကြာခဲ့တယ်..။
နောက်တစ်ကြိမ် ကြုံဆုံလာတဲ့
ဘဝစက်ဝိုင်း တစ်ခုအတွင်းက
လမ်းညွန်ချက်အတိုင်း လွတ်မြောက်ရာ
နေရာတစ်ခုကို မှတ်တိုင်လုပ်ရင်း
သတ်မှတ်ချက်တွေ ထားခဲ့ပါရဲ့
အရေးသား မသေသပ်သေးတဲ့
လူတစ်ယောက်အနေနဲ့တော့
ဝါကျ အထားအသို မှားနေတုန်းပဲ
တကယ်တော့ ဘာမှမဟုတ်ပေမဲ့
အဆက်ဆက်တွေ ပြတ်တောက်သွားပြီ
အနက်ရှိုင်းဆုံး တနေရာဆီ
ဆွဲငင် ခေါ်ဆောင် နစ်မြှုပ်သွားခဲ့လည်း
တနေ့တော့ နေရောင်ခြည် ပြန်လာဦးမယ်သာ…။