တဖန်ပြန်၍ မရနိုင်သော
ကျွန်တော် ဒီနေ့ ကျောင်းမတက်ချင်။ ဒါကြောင့် ခါတိုင်းလိုပဲ ဈေးဘက်ကို ထွက်လာခဲ့တယ်။ ဈေးထိပ်က ဒေါ်အေးကုန်စုံဆိုင်မှာ လွယ်အိတ်ထား၊ အပေါ်အင်္ကျီ ချွတ်၊ ကျောင်းစိမ်းပုဆိုးပါချွတ်ပြီး စွပ်ကျယ်အင်္ကျီလေးနဲ့ ဘောင်းဘီတိုလေးနဲ့ ဈေးထိပ်က အုတ်ခုံမှာ ခဏထိုင်မိတယ်။ သိပ်မကြာပါဘူး မငယ်တို့ကုန်ခြောက်ဆိုင်က လှမ်းခေါ်တယ်။ ငါးခြောက်အိတ်တွေနဲ့ အားလူးအိတ်တွေ သွားပို့ခိုင်းတာပါ။
ပို့စရာရှိတဲ့ကုန်တွေပို့ပြီး ဈေးကိုပြန်ရောက်တော့ နောက်သုံးလေးဆိုင်လောက်က ခိုင်းတာလေးတွေလုပ်ပေးပြီး သူတို့ပေးတဲ့ ပိုက်ဆံနဲ့ အမေ့အတွက် ဆေးဝယ်လိုက်တယ်။ နေ့လည်မုန့်စားဆင်းချိန်ရောက်ပြီ၊ ကျွန်တော်လည်း ဒီအချိန်ထိ ဘာမှမစားရသေးတော့ အိမ်ကိုပြန်လာခဲ့တယ်။
အိမ်ပြန်ရောက်တော့ အိမ်မှာ အမေမရှိဘူး။ ကျွန်တော်တို့က သားအမိ(၂)ယောက်ထဲရှိတာဆိုတော့ အိမ်ကတံခါးပိတ်လျက်နဲ့ပေါ့။ အမေ့ကို ဘယ်လိုက်ရှာရမှန်းမသိတာနဲ့ အိမ်ပေါက်ဝမှာပဲ ခဏထိုင်စောင့်နေလိုက်တယ်။ ၀မ်းထဲက တဂွီဂွီအော်နေပြီ။ တော်တော်လေးကြာမှ အမေပြန်ရောက်လာတယ်။ အမေ့ထမီအောက်အနားစတွေ ရေစိုနေတယ်။
“အမေ အ၀တ်သွားလျှော်တာလား။ နေမကောင်းဘဲနဲ့ အမေရယ် အိမ်မှာပဲနေတာ မဟုတ်ဘူး”
“ကောင်းသွားပါပြီကွယ်။ သားကျောင်းမတက်ဘူးလား”
ကျွန်တော်မညာချင်ပါ “ဟုတ်ကဲ့….”
“ကျောင်းမှန်မှန်တက်ပါသားရယ်…အမေမှာ သားကိုပေးစရာဆိုလို့ ပညာပဲရှိတာ …. ပညာမတက်တော့ စားဝတ်နေရေးအတွက် အလုပ်လုပ်ရတာ ပင်ပန်းတယ်”
“အမေရယ်.. ပညာတက်ပြီး ပင်ပင်ပန်းပန်း အလုပ်လုပ်နေရတဲ့ လူတွေလည်းအများကြီး၊ ဘာပညာမှ မတက်ဘဲ သူဌေးလုပ်နေတဲ့ သူတွေလည်းအများကြီးပါ…. သားတော့ ကျောင်းမတက်ချင်တော့ဘူး”
“ဘယ်တူမှာလည်းသားရယ်… အရင်းအနှီးမတဲ့သူက ပညာမတတ်ရင် ကာယအားကိုးအလုပ်လုပ်ရတော့ ပင်ပန်းတာပေါ့… သားကျောင်းတွေပျက်တာ များလှပြီ”
အမေဘာပြောပြော ကျွန်တော်ကတော့ ညနေစာအတွက် အလုပ်တစ်ခုခု လုပ်ဖို့သာ စိတ်ကူးမိတယ်။ ထမင်းစားပြီးတော့ ဈေးဘက်ကို နောက်တစ်ခေါက် ထပ်ထွက်လာခဲ့တယ်။
…………………..………………………………………………………………………………..
ကျွန်တော်နဲ့အမေက ဒီလိုပါပဲ။ ကျွန်တော်ကလည်း ကျန်းမာရေးမကောင်းတဲ့ အမေ့ကို နားနားနေနေပဲ နေစေချင်ပါတယ်။ ကျွန်တော်(၁၀)တန်းကျောင်းသား ဖြစ်နေပြီ။ အလုပ်လုပ်နိုင်ပါပြီ။ အမေကလည်း ကျွန်တော်ကို ကျောင်းမှန်မှန်တက်ပြီး ပညာတတ်တစ်ယောက် ဖြစ်စေချင်ပါတယ်။ သူသာ အပင်ပန်းခံပြီး အလုပ်လုပ်မယ် ကျွန်တော်ကိုတော့ စာပဲကြိုးကြိုးစားစား သင်စေချင်ပါတယ်။
ကျွန်တော်က အတန်းထဲမှာ တော်လှတယ်မဟုတ်ပေမယ့် ညံ့တဲ့အထဲတော့ မပါပါဘူး။ ဒါပေမယ့် ကျွန်တော်(၁၀)တန်းအောင်ခဲ့ရင်တောင် တက္ကသိုလ်ဆက်တက်ဖို့ ဆိုတာ မလွယ်ပါဘူး။ ကျွန်တော့် ကျောင်းစရိတ်၊ အမေ့ဆေးဖိုး၊ စားရေးသောက်ရေး စရိတ်စကတွေ အတွက် အမေတစ်ယောက်တည်း အိမ်တကာလည်ပြီး အ၀တ်လျှော် နေလို့ ဘယ်လုံလောက်မှာတုံး။ အမေပင်ပင်ပန်းပန်းရှာထားတဲ့ ငွေကို ကျွန်တော်က တက္ကသိုလ်ကျောင်းသား ဘ၀နဲ့ အခန့်သား မသုံးစွဲရက်ပါဘူး။ တက္ကသိုလ်ကျောင်းကို တက်ပြီး ဘွဲ့ရတစ်ယောက်၊ အရာရှိတစ်ယောက်တော့ ဖြစ်ချင်တာပေါ့ဗျာ။ ဒါပေမယ့် အမေ့ကို ကျွန်တော် သနားတယ်။ အမေကလည်း သူ့လို ပင်ပင်ပန်းပန်း အလုပ်လုပ်ရမှာစိုးလို့ ကျွန်တော်ကို ပညာတတ် ဖြစ်စေချင်မှန်းလည်း ကျွန်တော်သိပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် ကျောင်းပညာရေးကိုတော့ ကျွန်တော် စိတ်မ၀င်စားတော့ဘူးဗျာ။ လက်ငင်းချက်ချင်း ပိုက်ဆံရှာနိုင်မယ့် ပညာတစ်ခုခုကိုပဲ သင်ယူဖို့ စိတ်ဝင်စားတော့တယ်။
…………………..………………………………………………………………………………….
နောက်ထပ်(၄)ရက်တိတိ ကျွန်တော်ကျောင်းမတက်ဖြစ်ဘူး။ ခါတိုင်းလိုလည်း ကုန်သွားထမ်းမနေတော့ဘူး။ ကုန်ထမ်းနေရုံနဲ့တော့ သည်တစ်သက် ကြီးပွားတိုးတက်လာမှာ မဟုတ်ဘူးလေ။ ကျွန်တော်ကုန်သွားသွားပို့နေကျ တောကားဂိတ်နားက ကားဝပ်ရှော့တစ်ခုမှာ ပညာသွားသင်နေတယ်။ အမေကတော့သိမယ်မထင်ဘူး။ သူက ရိုးရိုးအေးအေးကြီးဗျ။ ဘာမှလည်းမလုပ်တတ် မကိုင်တတ်။ ရုတ်တရက် သိန်းတစ်ထောင်ထီကြီး ထပေါက်ရင်တောင် သိမ်းထားပြီး အ၀တ်ဆက်လျှော်မယ့် အစားမျိုး။ အဲဒါကြောင့်မို့လည်း ကျွန်တော်က အမေ့ကို အလုပ်လုပ်ကိုင်ကျွေးဖို့ပဲ စိတ်ကူးနေတာပေါ့။
…………………….………………………………………………………………………………….
ညနေအိမ်ပြန်ရောက်တော့ အမေ့မျက်နှာသိပ်မကောင်းဘူး။ ကျွန်တော့်ကိုမေးတယ်
“သား…မင်းကျောင်းမတက်ဘူးဆို”
“ ဟုတ်ကဲ့…သားအလုပ်လုပ်တော့မယ်… ၀ပ်ရှော့သင်နေတယ်… နောက်ဆို အမေအလုပ် မလုပ်နဲ့တော့ သားရှာကျွေးမယ်….”
“သားမောင်ကျော်… အမေမင်းကိုမွေးထားခဲ့တာ… မင်းကို ဆုံးခမ်းတိုင်အောင် ပညာသင်ပေးမယ်…. မင်းကျောင်းမပြီးခင်မှာ လုံးဝ အလုပ်မလုပ်ရဘူး…. နောင်ဘယ်တော့မှ ကျောင်းမပျက်စေနဲ့… မင်းကငါ့ကို မိဘ၀တ်မကျေတဲ့ မိခင်တစ်ယောက် ဖြစ်စေချင်လို့လား… အမေတို့ နွမ်းပါးပေမယ့် ငတ်မနေပါဘူး…. မင်းကျောင်းစရတ်လောက်တော့ ငါတတ်နိုင်ပါတယ်…. ငါသေသွားရင်တောင် မင်းကျောင်းပြီးအောင် တက်ရမယ်…. ဘွဲ့တစ်ခုရအောင်ယူရမယ်…. နေပူစပ်ခါး လမ်းပေါ်မှာ အလုပ်မလုပ်ရဘူး…. ငြိမ်းငြိမ်းချမ်းချမ်းနဲ့ စားပွဲမှာထိုင်ပြီး လူတကာကို ခိုင်းစေတဲ့ အလုပ်ပဲလုပ်ရမယ်ကွ… ငါ့ဘ၀မှာ မင်းတစ်သက်လုံးစာ သူများအခိုင်းအစေလုပ်ခဲ့ရတာ… မင်းအလှည့်မှာ သူများပြန်ပြီး ခိုင်းစေနိုင်ဖို့…. အခုမင်း(၁၀)တန်းရောက်လာပြီ…. ပန်းဝင်ခါနီးမှ ခြေခေါက်လဲတာမျိုးတော့ အဖြစ်မခံနိုင်ဘူး… ဒါပဲ မနက်ဖြန်မှာ ကျောင်းအုပ်ဆရာကြီးနဲ့ ငါလိုက်တွေ့မယ်…. မင်းကောင်းကောင်းမွန်မွန်ကျောင်းပြန်တက်ပါ….”
အမေ့မှာ သည်လောက်ပြင်းထန်တဲ့ မျှော်မှန်းချက်ရှိနေမှန်း ကျွန်တော်မသိခဲ့ပါ။ ကျွန်တော်စာကြိုးစားမှ သူ့ဘ၀ အမောပြေနိုင်မယ်ဆိုတာကို ကျွန်တော် သဘောပေါက်သွားပါပြီ။
………………………………………………………………………………………………………….
ဒီနေ့ အမေနေမကောင်းဘူး။ ဒါပေမယ့် အမေက ကျောင်းကိုပဲ အတင်း သွားခိုင်းနေတော့ ခေါင်းရင်းအိမ်က တရားသူကြီး ဆိုတဲ့ ဘဘကြီးမိသားစုကို အပ်ပြီး ကျောင်းကိုထွက်လာခဲ့ရတယ်။ အဲသည့်ဘဘကြီး မိသားစုက ကျွန်တော်တို့အပေါ်မှာ အတော်ကောင်းရှာတယ်။
စိတ်မပါလက်မပါနဲ့ ကျွန်တော်ကျောင်းကို ထွက်လာခဲ့ပါတယ်။ ကျောင်းနားရောက်တော့ အတန်းထဲက ငပွကြီးအုပ်စုကိုတွေ့တယ်။ ဒီအုပ်စုက အတန်းထဲမှာ ကျွန်တော်ကို အစေခံမသားဆိုပြီး အမြဲနှိမ်နေတဲ့ အဖွဲ့ပေါ့။ သူတို့ကို တတ်နိုင်သမျ ရှောင်ပါတယ်။ အဲသည်နားကဖြတ်တော့ သူတို့က မကြားတကြား လှမ်းဆတယ်။ နကိုထဲက စိတ်ကမကြည်တော့ ကျွန်တော် ပေါက်ကွဲသွားတယ်ဗျာ။ ဘေးမှာတွေ့တဲ့ သစ်သားချောင်းနဲ့ ဘယ်နှယောက်ကို ဘယ်နှချက် ရိုက်လိုက်မိမှန်းတောင် မသိတော့ဘူး ဆရာမတွေ လာမှပဲ ကျွန်တော်တုတ်ကိုချပြီး အိမ်ပြန်ပြေးလာမိတယ်။ အိမ်နားရောက်တယ်ဆိုရင်ပဲ တရားသူကြီးရဲ့သား အစ်ကိုကြီးက
“ကောင်လေး လာလာ … မင်းအမေ အမောဖောက်နေလို့… အငယ်ကောင်က ကားနဲ့ ဆေးရုံခေါ်သွားတယ်…. တို့ အခု ဆေးရုံကို လိုက်သွားကြမယ်.”
အမေ့မျက်နှာက အပြာရောင်သန်းနေပြီး နုတ်ခမ်းတွေက ဖြူလျော်လျော်နဲ့ ။ ကျွန်တော့်ကို မြင်တော့ အမေက ကြိုးစားပြီးပြုံးတယ်….ပြီးတော့မှ ဖျော့တော့တော့ လေသံနဲ့
“သား…. ဘယ်လို အခြေအနေရောက်ရောက် ပညာရေးကို ဆုံးခန်းတိုင်အောင်သင်ပါ….. တတ်တဲ့ပညာကို အရင်းတည်ပြီး လုပ်ကိုင်စားသောက်ပါ… သူတပါး အခိုင်းခံ ဘ၀ မရောက်အောင် ကိုယ့်ဘ၀ကိုယ် မြှင့်……” အမေ အသံ ဆက်ထွက်မလာနိုင်တော့ပါ။ ဘယ်တော့မှလည်း သည်အသံ ပြန်ထွက်လာတော့မှာ မဟုတ်ပါ။ အမေကျွန်တော့်ကို ထားခဲ့ပါပြီ။ အမေ့ စကားတွေကို ပြန်လည်ကြားယောင်နေရင်း ဘယ်လို အခြေအနေရောက်ရောက် အမေ့စကားကို လိုက်နာပြီး ဖြစ်အောင်နေဖို့ ခိုင်ခိုင်မာမာ ဆုံးဖြတ်ချက်ချလိုက်ပါတယ်…..
………………………..…………………………………………………………………………………
အမေ့ကိစ္စ ရက်လည်ပြီးလို့ နောက်တစ်နေ့ မနက်စောစောမှာ တရားသူကြီး ဘဘကြီးက ကျွန်တော်ကို လှမ်းခေါ်တယ်….. သူ့ရှေ့မှာ ၀င်ထိုင်ပြီးတာနဲ့ သူကစပြောတယ်…
“ကောင်လေး မင်းအမေကတော့ တကယ့် အာဂအမျိုးသမီးပဲကွာ… မင်းရဲ့ပညာရေးကို သူ့အသက်နဲ့လဲသွားတာကွ….” သူဘာကို ဆိုလိုမှန်း ကျွန်တော်နားမလည်ပါ။ ဘဘကြီးက သူ့လက်ထဲက စာအုပ်ကို ကျွန်တော့်ဆီ ကမ်းလိုက်ရင်း “မင်းအမေက သူ့ရဲ့မိဘအမွေကို မင်းကိုမွေးကတည်းက မင်းအတွက်ဆိုပြီး ဘဏ်မှာစုပေးထားတာ၊ သူ့ကျန်းမာရေး အတွက်တောင် ထုတ်မသုံးဘူး…ငါတို့လည်း ဘယ်လောက်ရှိတယ်ဆိုတာတောင် သူဆုံးမှသိတယ်.. မင်းဘာသာမင်း ဖွင့်ကြည့်တော့…..” ကျွန်တော် မငိုမိအောင် ထိန်းထားတဲ့ကြားမှ မျက်ရည်တွေဝိုင်းလာပါတယ်….. အမေရယ် ဖြစ်ရလေ….. “ဒီစာက မင်းအမေဆုံးတဲ့ညက ကျောင်းသားလေးတစ်ယောက် လာပေးသွားတာ မင်းအိမ်ရောက်မှသာ ဖတ်တော့… ဘဘကြီးတို့ လမ်းလျှောက်ထွက်လိုက်ဦးမယ်….”
အိမ်ရောက်ရောက်ချင်း အမေ့ရဲ့ ဘဏ်စာရင်းစာအုပ်ကို ဖွင့်ကြည့်မိတော့ ကျွန်တော် ကိုယ့်မျက်စေ့ကို ကိုယ်မယုံနိုင်…. ဒီလောက်များတဲ့ ငွေနဲ့ဆိုရင် အမေ့ရောဂါကို နိုင်ငံခြားမဟုတ်တောင် ရန်ကုန်က အထူးကုဆေးခန်းတွေ လောက်နဲ့တော့ အချိန် အတော်ကြာကြာ ကုလို့ရနိုင်တယ်….. ဒါနဲ့များ အမေရယ်….. ကျွန်တော့်ကို စောစောစီးစီး ပြောမပြဘဲ ကြိတ်မှိတ်နေခဲ့တယ်….
ကျွန်တော့်ရင်ထဲက လှိုက်တက်လာပြီး အားရပါးရငိုချလိုက်မိပါတော့တယ်…. ပြီးတော့ အမေ့ရဲ့သား ပညာတတ်တစ်ယောက် ဖြစ်ကိုဖြစ်ရမယ်ဆိုတဲ့ ဆုံးဖြတ်ချက်က ပိုပြီးခိုင်မာသွားပါတယ်……
ကျောင်းကလာပေးတယ်ဆိုတဲ့စာ ကို ဖောက်ဖတ်လိုက်မိတော့ ကျွန်တော် ဘယ်လိုမှ တင်းထားလို့မရတော့အောင် ပြင်းထန်လွန်းတဲ့ ခံစားချက်တစ်ခုကြောင့် ကြမ်းပြင်ပေါ်ကို ၀ုန်းကနဲ လဲကျသွားတယ်….. စာကတော့ (၁) ကြောင်းထဲပါ…
@@လူကြီးမင်း၏ သားဖြစ်သူ ဒဿမတန်း(က)မှ မောင်ကျော်မင်းခိုင် အား ယနေ့မှစ၍ ကျောင်းမှ အပြီးအပိုင် ထုတ်ပယ်လိုက်ပြီဖြစ်ကြောင်း အသိပေး အကြောင်းကြားအပ်ပါသည်။ ။
အခုတော့ ဘာတတ်နိုင်မှာလဲ… အားလုံးသေဆုံးသွားခဲ့ပြီ… အမေရော… အမေ့မျှော်လင့်ချက်ရောပေါ့………
Comment #1
myat yae tway kya mi par de
:'(