မှန်ကြည့်ခြင်း
ဖန်ခွက်ဖြူလေးတစ်ခွက်
ရေကြည်ကြည်လေးထည့်
မြင့်မြတ်တဲ့နေရာမှာ ပူဇော်ထားချင်ပါရဲ့…၊
ခုပုံစံခွက်မှာတော့
ဟိုးအခြေဆီမှာ
အဖတ်ဆည်လို့ မရတော့တဲ့
အောက်ကျနောက်ကျ ဆန္ဒတစ်ချို့တစ်ဝက်နဲ့
ဘောင်ဘင်ခတ် အိပ်မက် အသေတွေ…၊
အသက်ကြီးလာတာနဲ့ အမျှရယ်သံတွေက ကျယ်ကျယ်လောင်လောင်
နှစ်သက်မိတဲ့ ကဗျာတစ်ပိုဒ်လိုပေါ့
(ဒဏ်ရာတွေကို ပုံကြီးချဲ့ဖို့ဆိုတာ
အရှုံးအပေါ်သိပ်လေးနက်လွန်းရာများကျနေမလား)
ဒီလိုနဲ့ သခါင်္ရတရားကိုရယ်
လက်ခုပ်လက်ဝါးတီးပြီးရယ်
မျက်ရည်ထွက်အောင်ရယ်…၊
ခေါင်းနဲ့ပန်းဟာ ကျောခြင်းကပ်လျက်
တစ်ယောက်ကို တစ်ယောက်ဘယ်တော့မှ မတွေ့နိုင်ဘူး
ဝမ်းစာ နဲ့ ခေါင်းမညွတ်လိုမှုဟာလည်း
ရေသောက်ဖြစ် တစ်ခုတည်းပေမဲ့
ပေါင်းကူးလို့ မရနိုင်ဘူး…
(ခင်မြဇင်ကတော့ ထမင်းဇလုံထဲ ပြုတ်ကျသွားတဲ့ မာနတရားတွေတဲ့)
ကိုယ်ကျင့်တရားလေး ချွေးတိတ်နေရင်
တော်သေးရဲ့ပေါ့…၊
လူ အဖြစ်ရှင်သန်ခြင်းကလည်း အန္တရာယ် သွယ်သွယ်
ရပ်နေတဲ့ မြေကြီးတောင် အက်မှာ ကြောက်ရသေးတယ်…၊
ဒါပေမဲ့လည်း
ခူးဆွတ်ချိန်ရှိခဲ့လို့သာ
စိုက်ပျိုးသူတွေ
စိတ်ပါလက်ပါ ထွန်ယက်နိုင်ကြတာပေါ့…၊
တစ်လှည့်မှာ နေသာဦးမယ်ဆိုတာ တော့
သေချာပါတယ်…၊
အဲဒီအခါကျမှပဲ
ဖန်ခွက်ဖြူလေးထဲ
ရေကြည်ကြည်လေးထည့်
မြင့်မြတ်တဲ့ နေရာမှာ
ပူဇော်ထားလိုက်တော့မယ်…။
Comment #1
အားပေးသွားပါတယ် …/
တစ်လှည့်မှာ နေသာဦးမယ်ဆိုတာ တော့
သေချာပါတယ်…၊