ဂျူနို
***
ကမ္ဘာမြေ..
သူမ….ခြေတစ်ဖက် နဲ့ရပ်
တစ်ဖက် က ကကွက်တစ်ခု ဆင်လိုက်တဲ့အခါ…
လုံလောက်စွာ လှသွားနိုင် ရဲ့….
အခု…ဒီကဗျာ…
လက်ငါးချောင်းဆီက
မေတ္တာတရားနဲ့ စီးကျလာသလိုမျိုး….
တုနှိုင်းမဲ့ သော တန်ခိုးတော် တို့နှင့်….လေ..။
……………………………………………
မင်းဘယ်သူ လဲ…… ??
တိတ်တိတ်ကလေး….
တိုးတိုးကလေး……ပဲ
ပန်းမှုန် ၀တ်ဆံတွေကြားက
တိုးထွက်လာရတဲ့ ရနံ့သင်းသင်းကလေးလိုမျိုး
ငါ့တို့အရုဏ်နယ် အခန်းကျဉ်းလေးထဲကို
မင်း…..ထိုးခွင်းရောက်ရှိလာခဲ့တယ်..။
………………………………………………….
နတ်မိမယ်…..ဆိုတာ
ငါတို့စိတ်နဲ့မမီတဲ့ အရပ်ဆီကမို့
တင်စား သုံးနှုံးလိုက်တဲ့နာမ….
မင်းရဲ့ အမှန်ဘ၀ကို ငါတို့မသိရသေးဘူး…။
…………………………………………..
ဒဏ္ဍာရီတစ်ပုဒ်လိုမျိုး….
ဒါမှမဟုတ်
နှုတ်နဲ့ ရွတ်ပြလို့မရတဲ့
အလင်းတော် အထပ်ထပ်…ရဲ့ တန်ဖိုးလိုမျိုး
ကြေတွေကြွေ မြေသက်သွားမယ့် တန်ခိုးဟာ
ငါတို့ လက်တွေထဲ တဟုန်ထိုး စီးဝင် လာခဲ့ပြီ…။
……………………………………………………
အလင်းရဲ့ အလျင် နဲ့လား……
ဒါမှမဟုတ်
အလင်းထက်ဆယ်ဆ ပို နှုန်းမြင့်မားတဲ့
(၃၀၀၀ မီဂါ မီတာ ပါစက်ကန့်) နဲ့လား……
အဲဒီ အရှိန်အဟုန်..နဲ့
မင်းရဲ့ သိမ်းပိုက်နိင်စွမ်း တွေအားလုံး အောက်
ငါတို့ အတုန်းအရုန်း ကျဆုံးလိုက်ကြတယ် နတ်မိမယ်။
………………………………………………………..
အဟုန်ပြင်းထန်တဲ့ ဂီတရိုက်ချက်တွေ ဟာ
ငါတို့ နှလုံးအိမ်တွေဆီက
စည်းချက်ကျ စွာလျံကျ လာပြီ…..
ညီညာ စွာ ရူးသွပ်…
မင်းရဲ့ ဂီတကို ခူးဆွတ်ခွင့်ရခဲ့ တဲ့ငါတို့တွေပေါ့…
နှလုံးသားရဲ့ အဖြုဆွတ်ဆွတ် ဒေသ တွေကို
မင်းကဗျာတွေကြားမှာ ပြန်ရှာဖွေရခဲ့တယ်….။
…………………………………………………….
ကြယ်သီချင်း……
မင်းရဲ့ ကကွက် ကဟန် စည်းချက်တိုင်းမှာ
လမင်းရဲ့ သံစဉ်တွေ ငြိယှဉ် ပါဝင်နေသလို ငါတို့ထင်မိတယ်….
ဘယ်လို ခွန်အားလဲ
တိမ်စိုင်တွေ ပြိုလဲသွားတဲ့အထိ
မင်းဆံနွယ်စတွေ ၀ဲခါပစ်လိုက်တာ……
ဘယ်လို ခွန်အားလဲ
မှောင်မဲ ညနက် ကို ဖျက်ဆီးဖြိုခွင်း
ခြေကြွ.. ခေါင်းမော့ ..
ခါးဆစ်ကိုသွယ်ကိုင်းညွှတ်ဆင်း
အဲဒီကကွက်တွေနဲ့ လင်းပစ်ခဲ့တာ…….
ဘယ်လို ခွန်အားမျိုးလဲ….နတ်မိမယ်….။
…………………………………………………..
ငါတို့…..လေ
Live Show တွေကြည့်ခဲ့ဖူးတယ်….
တေလေလမ်းမတွေထက်မှာ
သီချင်းတွေ အော်ဟစ်ဆိုခဲ့ကြဖူးးတယ်…
ဂီတ ဆိုတာဘာလဲ မသိခဲ့ကြဘူး…..။
မိုးကုပ်စက်ဝိုင်းနဲ့ လွင်ပြင်ကျယ်ကို ငေးကြည့်ခဲ့ကြဖူးတယ်…
အစိမ်းရောင်ပြတင်းပေါက်တံခါးကနေ
လေထုလွှာပါးပါးကို ခိုးပြီးနမ်းရှိုက်ခဲ့ကြဖူးတယ်…
အလှတရားဆိုတာ ဘာလဲ မသိခဲ့ကြဘူး…။
ရေပြင်ထက်မှာ ဂယက်တွေထသွားအောင်
ခဲလုံးတွေနဲ့ပစ်ပေါက်ခဲ့ဘူးတယ်
ပြီးတော့…
တေလေလို့ သမုတ်ခံ..
လူတွေထံက ပစ်ပယ်ခံနလုံးသားနဲ့
သွေ့ခြောက်စွာ စီးဆင်းပြန်ခဲ့ရ…..တယ်
ဘ၀ အကြောင်းကို မသိခဲ့ရဘူး…..။
အခုတော့….ဖန်ဆင်းရှင်
သင်ဟာ လှပတဲ့ သိမ်မွေ့မှုနဲ့ ထုဆစ် ဖန်ဆင်း
မသိခြင်းတွေကို ပုန်ကန် စစ်ခင်းသွားခဲ့ပြီ….
သင်….အောင်..နိုင်ခဲ့ပါပြီ..နတ်မိမယ်..။
………………………………………………………..
လူငယ်ရဲ့ တေလေပြက္ခဒိန်ကို
တစစီ ဆွဲဆုပ်…
အသစ်ပြန်လုပ် ပေးပါ….
ရှုတ်ထွေးနေတဲ့ ရင်ခတ်ကြိုးများသော်လည်းကောင်း
ရာဇ၀င် ဟောင်းကို ပြန်ပြောင်းပြောသူ
ဒဏ္ဍာရီ ပညာရှင်များသော်လည်းကောင်း…
သူမအကြောင်း မှတ်တမ်းမှာ ငါတို့နာမည်ကို ပေါင်းထည့်ပါ
တောက်ကြွားသော သူမ နိုင်ငံမှာ
နှင်းမှုန် တစ်စက် မြူတစ်ရွက် မျှနဲ့ပဲဖြစ်ပါစေဦး…..။
………………………………………………………………….
ရှင်သန်ရာ တစ်ခဏမှာ
လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်ထားခဲ့ရဖူးပြီ..
အရူးတစ်ယောက်လို အဓိပ္ပါယ်မဲ့ခဲ့ရဖူးပြီ..
တေလေဘ၀နဲ့ လေလွင့်ခဲ့ရဖူးပြီ..
အခုတော့…အားလုံးကို ရုတ်သိမ်း….
ငါ့ကြယ်စင်တွေ သူမဂီတနဲ့ယိမ်းကတော့မယ်….
ဂီတနဲ့ ထုတ်ပိုး.. ရှင်သန်နေတဲ့ ဘ၀..
အသက်နဲ့ ထပ်ပြီး ထုတ်ထားတဲ့ ဂီတ..
သူမသာလျင်..ငါ
ငါ….သာလျင်….သူမ
ထပ်တူ ကျရပါစေသား……..။
…………………………………………………………….
အဖြူလွဆုံး…..နဲ့
ဖမ်းစားနိုင်တဲ့ အပြင်းထန်ဆုံး အဆိပ်
စာရွက်ဖြူတွေပေါ် မင်း ဖိတ်စဉ်ကျစေခဲ့ပြီလား…..
ငါချစ်သော ကဗျာဆရာမလေးရယ်….
မင်းကဗျာရဲ့ အစွမ်းဟာ
ငါ့ ခွန်အားတွေ ကို နမ်းရှုံ့ အားပေး…
အဝေးကြီးကို ပြေးလို့ အမြင့်ကြီးကိုပျံ…
မနက်ဖြန်တွေမှာ မင်္ဂလာတွေ ဖြာကျလာတယ်..
ကောင်းကင်က မိုးတွေရွာချသလိုမျိုး…..။
……………………………………………………………………
စကားလုံးများရဲ့ ဖမ်းစားမှု
အတုမဲ့ နေတဲ့ ညှို့ငင်အား….
အဲဒီစာသားတွေနဲ့ မတွေ့ထိရတဲ့တစ်နေ့
ငါ့ရင်ထဲမှာ ပတ်ကြားအက်တွေနက်သွားစမြဲ…
အဲဒါကြောင့်…
ငါ = လူငယ်
ချွင်းချက် မရှိလက်နက်ချလိုက်ပါတယ်…..။
…………………………………………………………
ဖဲဝါ ကြိုးကလေး လား….
သံသာ ငှက်ကလေးတစ်ကောင်လား…..
တကယ်ပဲ နတ်မိမယ်လေး တစ်ပါးလား
တခဏလေးပဲ ပွင့်သွားပေမဲ့
မင်းရဲ့ ဂုဏ်သတင်း သင်းရနံ့ဟာ
ငါ့ဥယျာဉ်တစ်ခွင်မှာ သင်းမြ ကျန်ရစ်ခဲ့ပြီ……
လင်း….ပ….ကျန်….ရစ်….ခဲ့….ပြီ
ကဗျာမမီသော သက်ရှိ ပန်းချီကားလေးရယ်….။
…………………………………………………………….
မင်းဟာ ဒဏ္ဍာရီထဲက ဂျူနိုလား…..
ဧဒင်ရဲ့ ကချေသည်လား
ပန်းခေတ်ရဲ့ လမင်း တစ်စင်းလား
ပန်းလက်ဖ၀ါး ကလေး တစ်ဖက်လား….
သေချာတာကတော့
အားလုံးနှင့်ထပ်တူ ငါ့အသည်းကို ခြွေယူသွားခဲ့ပြီ…
မင်းဟာ ငါ့ရဲ့ ခရမ်းပြာရောင် စင်္ကြာဝဠာ..လေးပေါ့…။
……………………………………………………………………
လူငယ်တစ်ယောက်ရဲ့ ကျောက်မထွင်းဖြစ်ခဲ့တဲ့ ရာဇ၀င်မှာ
ကဗျာည တွေ နဲ့ယဉ်ပါး
ဒိုင်ယာရီထဲကိုသာ
မင်းရဲ့ အမည်စစ်ကို ပစ်ချ ရှင်သန်စေခဲ့ရတယ်……
မင်းဟာ
နှင်းဆီရောင် စာမျက်နှာထက်က
အလတ်ဆတ်ဆုံးနှလုံးသွေးနဲ့ ရေးထားတဲ့ ကဗျာ
မင်းဟာ အနုပညာရဲ့ သတို့သမီး…..။
………………………………………………………
မင်းကို…..ငါ လေးစားတယ်
မင်းကို…..ငါ မြတ်နိုးတယ်..
မင်းကို…..ငါတန်ဖိုးထားတယ်..
ဒါပေမဲ့
မင်းကို ငါချစ်တယ်ဆိုတာ..
တစ်သက်စာ..ငါနှုတ်ဆိတ်သွားတော့မယ်….။
……………………………………………………………..
ပန်းကလေး တစ်ပွင့်
ငါ့တစ်ယောက်တည်းငေးကြည့်ခွင့်မရှိဘူး….မဟုတ်လား…
မင်းရွာကျပေးတဲ့ မိုးစက်များကြား
အညတရလူငယ်ဘ၀နဲ့ ပါဝင်ခွင့်ရခဲ့ရုံ….
ဒီခေတ်မှာလူဖြစ်ရကျိုး နပ်ခဲ့ပြီ….လေ….
……………………………………………………..
မင်း…သီချင်းဆိုနေသလား ..
စန္ဒရား တီးနေ သလား …
ဘဲလေး အက ပုံဖော်နေသလား….
ကဗျာတစ်ပုဒ်ပဲ ရေးနေသလား….
ဘာပဲဖြစ်ဖြစ် ယုံပါ….
မင်းနဲ့ အနုပညာ ဟာ
လူငယ်တစ်ယောက်ရင်မှာ..
မှတ်ကျောက်တစ်ခု ဖြစ်သွားခဲ့ပြီ… လို့…ပေါ့….။
……………………………………………………
အခုငါ…..
ကိုယ် ကိုဖော့ထားလိုက်ပါရဲ့….
စည်းချက် တစ်ခုအကြားမှာတင်
ငါ နဲ့ ၀ိညာဉ် လွင့်ပျံ လာခဲ့တော့မယ်…..။
…………………………………………………..
ဖန်တီးမှု အနုပညာ…..
ငါ့နှလုံးသားနှင့် ငါ့ခန္ဓာကို…
သူ မ ဆီ ခေါ် ငင် ဆောင် ယူ သွား ပါ တော့ …..
ခေါ်…..ငင်….ယူ…..ဆောင်…….သွား…….ပါ……..လော့………။
နိုးဆက် နေ့
(၁၃.၃.၂၀၁၃)
ညး ၁၁း ၄၈
Comment #2
ကြိုက်တယ်ကွ ဒီကဗျာကို
Comment #3
တစ်ပုဒ်လုံး ကြိုက်တယ်။ ဘာမှထုတ်မပြတော့ဘူး။ မာစတာပိစ်လို့တော့ မခံယူထားပါဘူး။ ဒီထက်ကောင်းတဲ့ ကဗျာတွေ ဖန်တီးနိုင်ဦးမယ်လို့ ယုံကြည်ထားတယ်။
Comment #4
like bro…..
Comment #6
နူးညံ့ နေပါလား….
Comment #7
ကဗျာကောင်းတယ်…..
Comment #1
hna lone tar hnit khan sarr twar par de.
🙂