ပဉ္စမံအနမ်း
ငါ ဖန်ဆင်းလိုက်တဲ့ ၀ိဥာဉ်က
ငါ့ကို ပြန်ခဲတဲ့အဖြစ်
တရိပ်ရိပ်ပြေးနေတဲ့ မိုင်တိုင်တချို့တ၀က်အတွက်
နောက်က လမင်းကို အမှီသတ်ဖို့တော့ လိုတယ်….။
နင်နဲ့ငါကြား
တတိယကမ္ဘာစစ်အငွေ့အသက်တွေ
ပျံ့လွင့်လို့
ပျက်သုန်းသွားတော့မဲ့ အပြစ်မဲ့ရင်ခုန်သံတွေအကြောင်း
တို့နှစ်ယောက်လုံး မတွေးဖြစ်ခဲ့ကြဘူး….။
ယုံကြည်မှုတွေ
ခနွဲပက်ခံလိုက်ရတဲ့နေ့
အလူးအလိမ့်ပါသွားတဲ့ ငါးတကောင်ရဲ့ အထုပ္ပတ္တိကို
ဘယ်သူက တခမ်းတနား ရွတ်ဆိုဖြစ်မှာမို့လဲ….။
သိက္ခာတရားနောက်က ချစ်ခြင်းဟာ
ပုန်းလျှိုးကွယ်လျှိုးနဲ့
တိတိပပ နိုးထဖို့ ကြိုးစားတယ်
တို့အတူဆွဲခဲ့တဲ့ အနက်ရောင် ပန်းချီကားတွေတောင်
ဆေးစက်တွေ ပြိုလဲလို့……။
မုန်တိုင်းထန်ခွင့်ပြုပါတယ်
ကမ္ဘာပျက်ခွင့်ပြုပါတယ်
အပြောင်းအလဲဖြစ်ပျက်သမျှ
ငါကြားချင်တာက အသံတိုးတိုးလေး တခုတည်းပါ…..။
တယောက်နဲ့ တယောက်ဝေးခဲ့ကြမှတော့
လေပြည်တို့ ငါ့ကို ဖြတ်မတိုက်ပါနဲ့တော့
နင်ကလည်း နင့်ဘ၀နဲ့ နင် ရှင်သန်
ငါကလည်း ငါ့ကဗျာနဲ့ငါ ရုန်းကန်
ငါတို့ မတွေ့ကြတော့တာပဲ ကောင်းမယ်…..။
တခန်းရပ်သွားပြီးမှတော့
ဒီကားလိပ်ကို ငါတို့ ဆွဲမဖွင့်ကြတာပဲ ကောင်းမယ်
ကန်လန်ကာ နောက်ကွယ်ဘာဖြစ်နေကြမလဲ
တယောက်နဲ့တယောက်မတွေးကြေး…..။
ငါ့ရဲ့ ပဉ္စမံတပ်သားရေ
အနမ်းမိုးရေတွေ ခမ်းခြောက်ပါစေတော့
ညမီးကျီတွေအောက်မှာ ငါ ပူလောင် တမ်းတ…..
တဖန် ပြန်လည် နိုးထမလာတော့ဘူး…..။
ကျိန်စာအထပ်ထပ်ခင်းထားတဲ့လမ်းမှာ
ငါ့ခြေဖ၀ါးတွေလည်း ကွဲပြဲ
တစက်စက်ကျနေတဲ့ ဒီသွေးစက်တို့ကို ခြေရာခံပြီး
ဓူဝံကြယ်ရှိရာနောက်ကို လိုက်ခဲ့ပါ….
လက်နက်မဲ့တိုင်းပြည်မှာ ငါ စောင့်နေပါ့မယ်
ငါတို့ တဖန်သာ ရှင်သန်ခွင့်ရခဲ့မယ် ဆိုရင်
ငါ့ကောင်းကင် နိုင်ငံတော်မှာ
ငါ့အသွေးအသားတွေကို တည်ခင်း
နင့်ကို သရဖူနှင်းအပ်ပွဲ လုပ်မယ်……..။
Comment #2
အောက်ဆုံးအပိုဒ်ကလေး အရမ်းခိုက်တယ် ရေးတတ်လိုက်တာ 🙂
Comment #1
ကျိန်စာအထပ်ထပ်ခင်းထားတဲ့လမ်းမှာ
ငါ့ခြေဖ၀ါးတွေလည်း ကွဲပြဲ
တစက်စက်ကျနေတဲ့ ဒီသွေးစက်တို့ကို ခြေရာခံပြီး
ဓူဝံကြယ်ရှိရာနောက်ကို လိုက်ခဲ့ပါ….
လက်နက်မဲ့တိုင်းပြည်မှာ ငါ စောင့်နေပါ့မယ်
ငါတို့ တဖန်သာ ရှင်သန်ခွင့်ရခဲ့မယ် ဆိုရင်
ငါ့ကောင်းကင် နိုင်ငံတော်မှာ
ငါ့အသွေးအသားတွေကို တည်ခင်း
နင့်ကို သရဖူနှင်းအပ်ပွဲ လုပ်မယ်……..။
အကြီးကြီး ကြိုက်တယ်ဗျာ