ကောင်းကင်ရဲ့ ခရီး (၁)
ကျွန်မက နေတ၀တ် လတ၀တ်နဲ့ ကောင်းကင်ပါ မောင်
မောင် အမြဲတမ်း ငုံ့ကြည့်နေကျ ကောင်းကင်ပေါ့
မောင်က ကျွန်မပါးပြင်ပေါ်က စံပယ်တင်မှဲ့လေး ဖြစ်ချင်တယ်
ကျွန်မက မောင့်ကဗျာတွေရဲ့ အပြုစားခံ နတ်ဆိုးတပါး ဖြစ်ချင်တယ်
ကျွန်မတို့ ဆန္ဒတွေ မပြည့်ဝခဲ့ကြဘူးနော်
မောင်မြတ်နိုးတဲ့ မှဲ့လေး အပိုင်းပိုင်းခုတ်ဖြတ်ခံလိုက်ရတာ အဲ့ဒီ နေကြတ်တဲ့နေ့ကပေါ့
ကျွန်မက မောင့်အတွက် မနက်ခင်းတခုစာတောင် မထွန်းလင်းနိုင်ခဲ့ဘူး မို့လား မောင်
အဲ့ဒါကို အရုဏ်ဦးလို့တော့ ကျွန်မ နာမည် မတပ်ချင်ပါဘူး
ကျွန်မတို့ အချစ်ကို အဓိပ္ပာယ်ဖွဲ့ဆိုပုံခြင်း မတူခဲ့ကြဘူးနော်
အခုတော့
ဒဏ်ရာပြဿနာ ရင်ဆိုင်နေရတဲ့ ကစားသမားလို
အချစ်ကို ထမင်းရေပူစည်းအပြင်ကနေပဲ ထိုင်ကြည့်နေချင်တော့တယ်
ကျွန်မ ကိုယ့်အသံကိုယ်တောင် ပြန်မကြားနိုင်တော့ဘူး မောင်
အလုံပိတ်နေတဲ့တောအုပ်မှာ ကိုယ့်နားရွက်ကို ပြန်ကိုက်ဖို့ကြိုးစားတဲ့ မြေခွေးလို
မမှီမကမ်းနဲ့ လှမ်းဖို့လည်း မတတ်နိုင်ဘူး
မောင့်လက် ကျွန်မဆီ ခဏကမ်းပေးပါနော်
ကျွန်မကလည်း သွေးစိမ်းရှင်ရှင်ထွက်နေတာတောင် ဒီကန္တာရကို မောင်နဲ့အတူ ဖြတ်ချင်နေတုန်းပဲ
အဲဒီလကို မြင်သလား မောင်
ကိန်းမျဉ်းတခုမှာ မောင်က အပေါင်းဘက်က ကျွန်မက အနှုတ်ဘက်က
ကြားထဲက လမင်းကိုတော့ ကျွန်မတို့ ခဏမေ့ထားလိုက်ကြရအောင်
အပေါင်းတန်ဖိုးတက်လာဖို့ ရှေ့ကိုတိုးတိုးသွားရင်း ကျွန်မဘ၀ထဲက ဆန္ဒအသေတွေ
နှုတ်နှုတ်သွားလိုက်တာ ဆုံမှတ်ကိုတောင် မမှတ်မိတော့အထိပဲ
မောင်က ကျွန်မရဲ့ ကံ့ကော်ပွင့်လေးပါ မောင်
ရနံ့ချိုချိုတွေနဲ့ ပွင့်ဝေခဲ့သမျှ
တလွှာချင်းကြွေကျခဲ့တာ အခုဆို
ကျွန်မရဲ့ကံ့ကော်ပင်လေး ၀ိဥာဉ်ပျောက်ဆုံးခဲ့ပြီ…
မိုးရာသီ ရောက်လာတာ စောလွန်းတယ် မောင်
လပြည့်ညပေါင်းများစွာကို မိုးရေစက်တွေထဲ ပစ်ထည့်ထားရတာ
တခါတခါတော့ ကြေကွဲစရာ ကောင်းလွန်းတယ်
မောင့်မွေးနေ့တိုင်း မိုးရွာတာ ကျွန်မ မှတ်မိသေးတယ်
ထီးမဆောင်းတတ်တဲ့ကောင်မလေးအကြောင်းကော မောင်သတိရပါသေးလား
ကျွန်မတို့အတူ မိုးဥတုပေါင်းများစွာကို စုတ်ဖြဲခဲ့ကြဖူးတယ်နော်
မောင့်ရဲ့ မျက်ခုံးနက်နက်နဲ့ကောင်မလေးကြောင့် ကဗျာတွေ စိတ်ရှိလက်ရှိ ရေးနိုင်သေးရဲ့လား
ကျွန်မပေးတဲ့ oxygen နဲ့ မောင် လုံလုံလောက်လောက် အသက်ရှင်သန်ခွင့် ရမှာပါ
ကျွန်မကတော့ အခုထိ ဖန်လုံအိမ်ထဲမှာ အသားကျနေတုန်းပဲ
ကျွန်မတို့ အတူဆိုဖူးတဲ့ ချစ်ခြင်းသံစဉ်တွေ မောင် တခါတခါများ ညည်းဖြစ်ပါသေးလား
ကျွန်မ ရိုးရိုးသားသား သိချင်ရုံလေးပါ
ကျွန်မက ကျွန်မကိုယ်ပိုင်အလင်းနဲ့ ထွန်းလင်းတောက်ပချင်တယ်
မောင်က မောင့်အလင်းနဲ့ ကျွန်မကို ထွန်းညှိချင်ခဲ့သလား (ကျွန်မ မသိဘူး)….
ကျွန်မက မောင့်ရဲ့ ဂြိုဟ်သိမ်ဂြိုဟ်မွှားတခုပါ မောင်
ကျွန်မကြွေကျတဲ့လမ်းမှာ လူတချို့တောင်းဆုပြည့်စေချင်တာ တခုတည်းပါ
မောင့်ကမ္ဘာမှာ ကျွန်မ လုံလောက်တဲ့ အလင်းကို မရခဲ့ဘူးလေ
မောင်မကြားလိုက်တဲ့စကားတွေ အခု ကျွန်မ အော်ပြောနေတယ်
မောင်နာဖို့တောင် စိတ်ရှိပါတော့မလား
မောင့်ရဲ့သံလိုက်အိမ်မြောင်က ကျွန်မနဲ့ ဆန့်ကျင်ဘက်အရပ်ကိုချည်း ပျံသန်းနေတယ်
ဆော်လမွန်ငါးတို့ အိမ်ပြန်ချိန်ကျပြီ မောင်
ကျွန်မဒိုင်ယာရီစာအုပ်ကို မီးရှို့ပစ်လိုက်တယ်မောင်
နှင်းတွေ ကောင်းချီးပေးနေလိုက်ကြတာ စုန်းတကောင် ပြာကျသွားသလိုမျိုး
တကယ်ဆို ကျိန်စာသင့်ခဲ့တာ ကျွန်မပါ
ရေတွက်ဖို့ မတတ်နိုင်ခဲ့တဲ့ ခပ်နက်နက်ဒဏ်ရာတွေ
ကျွန်မတော့ အလွမ်းလို့ အဓိပ္ပာယ်သက်ရောက်ခွင့်ပြုလိုက်တယ်
မောင် မဲ့ပြုံးမပြုံးလိုက်ပါနဲ့နော်
အရင်ကလိုပဲ မြေနီလမ်းက ကွေ့ကောက်ရှည်လျားတုန်းပဲ မောင်
လိပ်ပြာတွေလည်း သူတို့ကိုယ်တိုင် ခမ်းနားကြီးကျယ်လို့
သောက်သုံးခွင့်ပြုခဲ့တဲ့ ၀တ်ရည်တို့ကတော့ ခြေကုန်လက်ပန်းနဲ့
နောက်ဆုံးသော ဇာတ်ထုတ်ကို မိုးမလင်းခင် အပြီးကဖို့ ပြင်နေကြတယ်
မြူတွေဆိုင်းနေပြီ မောင်
မောင်ထွက်သွားတဲ့ အရပ်ကို ကျွန်မ မမှတ်မိတော့ဘူး
အခုတော့ အိမ်ပြန်လမ်းမှာ ကျွန်မတယောက်တည်း မိုးချုပ်နေခဲ့ပြီ….။