မှန်ကန်တဲ့ တန်ဖိုး
နီဇီဗန်ဟာ ညစာစားဖို့ ဖိတ်ခေါ်ထားတဲ့ သူငယ်ချင်းတွေအတွက် သူကိုယ်တိုင် ချက်ပြုတ်နေတယ်။ အသားဟင်းတခွက်ကို ချက်ဖို့ စီစဉ်နေတုန်း ဆားဝယ်ဖို့မေ့လာတာကို သတိရသွားတယ်။ ဗန်က သားလေးကို ခေါ်ပြီး ပြောတယ်။
ရွာထဲမှာ သွားပြီး ဆားနည်းနည်း ၀ယ်စမ်း။ ၀ယ်တဲ့အခါ မှန်မှန်ကန်ကန်ဈေးပေးဝယ်၊ များလည်း မများစေနဲ့၊ နည်းလည်း မနည်းစေနဲ့
ဒီတော့ သားလုပ်တဲ့သူက ပြန်ပြောတယ်
ကျွန်တော်နားလည်ပါတယ် ဈေးမများစေရပါဘူး ဒါပေမဲ့ ကျွန်တော်က ဈေးဆစ်လို့ သူက လျှော့ပေးတယ်ဆိုရင် ပိုက်ဆံ အကုန်မသက်သာဘူးလား
စဉ်းစားချင့်ချိန်တတ်တဲ့မြို့ကြီးတွေမှာတော့ ကိစ္စမရှိဘူး။ ဒါပေမဲ့ ဒို့လို ရွာလေးတွေမှာတော့ ဒီကိစ္စဟာ ရွာကို ပျက်စီးသွားစေနိုင်တယ်
ဒီလိုနဲ့ သူ့မိတ်ဆွေတွေ ရောက်လာတယ်။ ညစာစားပြီးတော့ စကားစမြည်ပြောဆိုကြတယ်။သူတို့ကလည်း ဈေးဆစ်လို့ရလျက်နဲ့ ဘာကြောင့်ဈေးချိုချိုပေါပေါနဲ့ မ၀ယ်သင့်ဘူးဆိုတာကို သဘောမပေါက်ကြဘူး ။ ဒီတော့ ဗန်က ရှင်းပြတယ်။
ဆားရောင်းတဲ့လူဟာ တန်ရာတန်ဖိုးထက် လျှော့ရောင်းရတယ်ဆိုရင် သူ့မှာ အကြောင်းပြချက် တခုပဲရှိမယ်။ အဲဒါကတော့ ဒီလူဟာ ပိုက်ဆံ အရေးတကြီးလိုနေလို့ ဖြစ်ရမယ်။ အဲဒီအခြေအနေကို အခွင့်ကောင်းယူသူဆိုတာ ညှာတာမှုမရှိတဲ့သူ၊ ဒီကုန်ပစ္စည်းကို ထုတ်လုပ်တဲ့နေရာမှာ တဖက်လူအသုံးပြုခဲ့ရတဲ့ လုပ်အား ရုန်းကန်မှု ပင်ပန်းမှု စတာတွေကို စာနာထောက်ထားမှု မရှိတဲ့သူ ဖြစ်တယ်။
ဒီကိစ္စလေးလောက်က ရွာကို ပျက်စီးဖို့ ဖြစ်နိုင်ပါ့မလား
အဲဒါက စတာပါပဲ။ မဖြစ်စလောက် ပမာဏဆိုတဲ့ ဒီတရားမမျှတမှုဟာ ကမ္ဘာကို ပြန့်ကားသွားပါလိမ့်မယ်။ လူတိုင်းလူတိုင်း ကိုယ့်ရပိုင်ခွင့်၊ ကိုယ့်ကိုယ်ကျိုးကိုပဲ ရှေးရှုလာကြလိမ့်မယ်။ ဒီကိစ္စလေးဟာ အသေးအဖွဲပါ။ အရေးမကြီးပါဘူးလို့ အမြဲတွေးကြလိမ့်မယ်။ အဲ့သလိုဆို ကမ္ဘာကြီးကို ကယ်တင်ဖို့ ကျွန်တော်တို့ နောက်ကျသွားလိမ့်မယ်။