တေလေစက်ဝိုင်း
“နင့် အမေ … ” နဲ့ စတဲ့ မနက်ခင်း
အလွန်အမင်းပူပြင်း … ။
ရိုင်းတယ်ဆိုတာ မွေးရာပါမဟုတ်
ပတ်ဝန်းကျင်ရဲ့ အပြုအမူနဲ့ 
ငါတတ်မြောက်ခဲ့တယ် … ။
တေလေပီသစွာပဲ
ပေပေတေတေလမ်းတွေလျှောက်ခဲ့ဖူးတယ် …
တချို့ ကခြေထိုးခံတယ်
တချို့ ကလက်တွဲခေါ်တယ်
တချို့ ကလမ်းတွေဖျက်ဆီး
တချို့ သည် ဒေါသ လောဘမီးတွေလောင်၏ … ။
ဟန်ဆောင်ထားတဲ့ ပြဇာတ်
ပိတ်ကားရဲ့ နောက်ကွယ်မှာ
အတင်းတွေတုတ်ရင်း
သူတို့  စာရင်းတွေရှုပ်နေကြတယ် … ။
ပြုံးတော့ လည်း သူပဲ
ဒါပေမဲ့  အရေခြုံထားတယ်
ကောင်းတော့လည်း သူပဲ
ဒါပေမဲ့ ဟန်ဆောင်ထားတယ်
အခုတော့ကိုယ်ထင်ပြတယ်
ယုတ်မာတော့လည်းသူပဲ … ။
အာဃတ တရားတွေဖုံးနေတဲ့  လောကကြီးကို
ကျွန်တော်ကြောက်လာတယ်
ဒီလိုနဲ့ ပဲ
တစ်စက္ကန့် အတွင်းမှာ ဖြစ်ပေါ်လာတဲ့
ဒေါသကို ထိန်းချုပ်
အလုပ်ရှုပ်နေတုန်း
စာတစ်စောင်ရောက်လာတယ် …
ဒီ
လို
နဲ့ 
ပဲ …
“နင့်အမေ…” နဲ့ စတဲ့မနက်ခင်းပြန်ရောက်လာခဲ့တယ် … ။
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service