ဒေါသဆိုတာ လျပ်စီးပမာ
ဒေါသဆိုတာ လျပ်စီးပမာ
အဖြူရောင်လား…
အမည်းရောင်လား….
ဝေခွဲမရတဲ့ အသွင်သဏ္ဍာန်တခု
မြင်ကွင်းထဲကို မဖိတ်ခေါ်ပဲ
ဧည့်သည်အဖြစ် ရောက်ခဲ့တယ်…။
စူးရှတဲ့ အတွေ့အထိတွေနဲ့
ပြင်းထန်စွာ ထိရှလို့
အခန့်မသင့်တဲ့ အကြောင်းတွေကို
မေ့သင့်သလောက် မေ့ဖို့ရန်
တိုက်ဆိုင်မှုတိုင်း ရှောင်ထွက်သွားခဲ့တယ်…။
တချို့ အမြင်မကြည်တဲ့ ကိစ္စတွေက
ဘ၀ဇာတ်ခုံထဲမှာ တွေ့ကြုံဖို့ရန်
အကြောင်းဖန်လာပြန်တယ်…။
သို့သော်….
အဖြေရှာ ရှောင်ကွင်းဖို့
ကြိုးစားခဲ့သမျှတွေဟာလည်း
သဲထဲ ရေသွန်းသလိုပါပဲ…။
လပ်တလော တည်ငြိမ် တိတ်ဆိတ်နေတဲ့
ဘ၀ဆိုတဲ့ ပတ်ဝန်းကျင်ထဲကို
မနီးမဝေးက ပေါက်ကွဲသံ ကြားလိုက်တယ်…
နှုတ်ဆက်သံ မဟုတ်တာတော့ သေချာတယ်…
စင်ပေါ်တက်ပြီး ထိုးသတ်နေတဲ့ လက်ဝှေ့ပွဲလား
ဇဝေဇဝါနဲ့ တွေးတောခဲ့သမျှဟာ
ပွဲကြည့် ပရိသတ် တယောက်လိုပါပဲ…။
ဒါပေမဲ့…
တွန်းကန်အား မရှိတဲ့ ပေါက်ကွဲမှုက
ကိုယ်တိုင် ရင်ဆိုင်ရတဲ့
အမှတ်တမဲ့ အတ္တရဲ့ တောင်းဆိုချက်
ကိုယ်တွင်း တနေရာက ဒေါသဖြစ်နေတယ်…။
တကယ်တော့ ဒေါသဆိုတာ….
အားလုံးအတွက် မိတ်ဆွေ မဟုတ်ပေမဲ့…
လိုတာ မရ ရတာ မလို
တင်းတိမ်ခြင်း မရှိသေးတဲ့ ဘဝမှာ
ကိုယ့် မာန် မာန လျပ်စီးပမာလို
ဟန်ဆောင်လို့ မရတာက
အသွေးအသားထဲထိ တစုံတခုကို
အခြေပြုပြီး ပေါက်ကွဲလာတဲ့
အဲဒီ ဒေါသကို မထိန်းသိမ်းနိုင်းရင်တော့
ပျက်စီးခြင်းဆိုတာ…
မဖိတ်ခေါ်ပဲ ရောက်လာတတ်တာပါပဲ…။
တက္ကသိုလ်မြတ်မင်း
Comment #1
Nice …