ရင်ကွဲဝတ်မှုန်
ငါတို့အကြောင်း တခမ်းတနားဖွင့်ဆို
ငါတို့မရှိရင်ပဲ စစ်ဖြစ်တော့မလို
ငြိမ်းချမ်းရေးပန်းတွေ ရဲခနဲတောက်လိုက်စမ်း….
အိမ်ပြန်လမ်းမဲ့နေတဲ့ ဘဝ
ဘုရင်မတို့အတွက် ခစားရုံသက်သက်
ရှင်သန်နေရပြန်တယ်
ငါတို့တိုင်းပြည်က ပြုစုပျိုးထောင်ပေးခြင်းဟာ
ငါတို့ဘ၀ကို မြင့်မြင့်မားမားနဲ့စတေးပစ်ဖို့မဟုတ်ဘူး
ကြယ်တစ်လက်မရှိလို့ ပိုမှိန်မသွားပေမယ့်
လင်းလက်ပြရမှာက ငါတို့တာဝန်
ကြွေပါစေလို့ ဆုတောင်းနေမယ့်
ပြီးပြည့်စုံမှုတွေထဲ
ငါတို့…ခံချနေရမယ်
အသက်ရှိနေတာချင်းတူတူ
သိမ်ငယ်မှုတွေ လူမသိဘူး
ရှင်ရတာထက်
သေရတာက ပိုခက်နေတယ်
တကယ်တော့….
ငါတို့ဟာ…..သူရဲကောင်းတွေလေ
ဖြစ်ပြီးရင် ပျက်ရမယ်ဆိုပေမယ့်
ဂုဏ်သိက္ခာတော့ ရှိချင်တာပေါ့
မြိုးမြိုးမြက်မြက်ကလေး တွေးပြီးမှ
အာသာပြေလိုက်ရတဲအပြုံးက
ငါအထင်တော့….မဲ့ပြုံး
ရင်ချင်းဆက်အမြွာတို့ရဲ့ခွဲခွာခြင်းက
အောင်မြင်စွာခွဲစိတ်ကုသပြီးစီးခြင်းတဲ့
ပန်းကလေးရေ…
ဝတ်ရည်တွေ ပွက်ပွက်အန်သွားပါစေ
ငါတို့…ဘာလို့ မဝေးရဲရမှာလဲ…။
ဇင်သော့