အလွမ်းသို့…အသုံးတော်ခံခြင်း(၁)
ဟိုတစ်ဖက်ကိုလှမ်းမယ်ဆိုလဲ
ဒီတစ်ဖက်ကိုတော့
လွှတ်ချခဲ့ပါကွယ်…
ချည်ပြီးတုပ်ပြီးဖြစ်နေမှတော့
သနားပြနေလို့လဲမထူးဘူးမဟုတ်လား..
မတွေဝေစမ်းပါနဲ့ကွယ်
အစကတည်းကနင့်လက်နက်က
သေစေဖို့ပဲရည်ရွယ်တာမဟုတ်လား…။
ဘယ်ရာဇ၀င်မှာမှလဲ
သူရဲကောင်းမဖြစ်ချင်ပါဘူး
နင့်ရှေ့မှာတော့ရင်ဖွင့်ပြီးကြိုရဲပါရဲ.
ပြစ်လိုက်စမ်း…မြှားချက်တွေ
(ဒါပေမယ့်)
ရင်အုံတော့မမှားစေနဲ့ပေါ့…။
အဲဒီလမ်းက
ငါဖောက်ခဲ့တာမှန်ပေမယ့်
နင်လဲလျှောက်ခဲ့တာပဲလေ
တိမ်တွေပေါ်အရုပ်ရေးသလို
ခဏတစ်ဖြုတ်တော့မဟုတ်ဘူး
ငါ့အတွက်တော့
ဘ၀တစ်သက်တာတည်နေမှာပါ…။
ကောင်မလေးရယ်
ကြယ်တွေတောင်ကြွေတတ်သေးတာပဲ
ငါလဲငိုတတ်ခဲ့ပါတယ်
ဒါပေမယ့်….
အဲဒါ…
ငါငိုတာမဟုတ်ဘူး…
မျှော်လင့်ခြင်းတွေအရည်ပျော်သွားတာပါ…။
တောင့်တခွင့်ဆိုတာရှိသေးရင်
….ပြန်လာပါ
ပြန်လာပါငါမပြောပေမယ့်
ပြန်လာပါ….
မငုံ့လျှိုးတတ်တဲ့ငါ့မာနကြောင့်
ပြန်လာပါငါမပြောပေမယ့်
ပြန်လာပါ…။
ငါ့စိတ်တွေက
တစ်လမ်းဝင်တစ်လမ်းထွက်
ခြေလှမ်တွေတိုင်းလဲအလွမ်းပဲပွင့်တယ်…
မောပါစေဦး
ငါဆက်လျှောက်နေဦးမှာ
လိုက်တမ်းပြေးတမ်းမကစားတတ်တော့လဲ
တစ်နေရာမှာ ခွေအိပ်နေတာ
အကောင်းဆုံးမဟုတ်လား….
ဟိုးရှေ့က
အစနဲ့အဆုံး
တစ်ထပ်ထဲကျတဲ့နေရာမှာ
ငါနားမယ်…။
ကျန်နေခဲရ့ရင်တောင်
လွမ်းခွင့်တော့ရှိသေးတယ်မဟုတ်လား။
သောကအပူတွေနဲ့ငါ့ကိုယ်ငါ
ပြန်လောင်ကျွမ်းလို့
ကြယ်မခင်းတဲ့ကောင်းကင်အောက်မှာ
အချိန်တွေသာတရွေ့ရွေ.စားသွားတယ်
ငါ့မျှော်လင့်ခြင်းအနာဂတ်
ငါပြင်သလောက်လဲမသပ်ရပ်ခဲ့ပါဘူး..။
အရိုးစွဲလာတဲ့ငါ့ဗီဇ
ငါကိုယ်တိုင်တောင်ဖျက်မရဘူး
နင်ပွင့်မယ့်မနက်ဖြန်အတွက်
ငါကြိုပြီးရေမလောင်းပေါင်းမသင်ချင်ဘူး
ကျောပေါ်ထမ်းထားတဲ့ဒီအလွမ်း
မခမ်းနားပါစေဦး
ငါဘယ်တော့မှမဖယ်ရှားဘူး..
နင့်ရှေ့မှာမြိုသိပ်လို့
မာကျောပြချင်ပါရဲ.
အခွင့်များရှိခဲ့ရင်
တစ်နေ့နေ့မှာငါလဲမင်းလိုမေ့ပါရစေ…။ ။
နေညို
Comment #3
ဖြစ်ချင်တာတွေ မျိုသိပ် ဒါ အမှန်တရားလား
ပြန်လာပါ မပြောချင်လည်း
သူ ပြန်လာမယ် မင်း ထင်နေသလား
မင်း မေ့နိုင်မယ့် တစ်နေ့နေ့ ဘယ်ချိန်များရောက်လာမလဲ
မေ့နိုင်မယ့် တစ်နေ့
တိုက်ဆိုက်မှုရှိရင် မင်း သတိရနေမလား
အရာရာ မေ့နိုင်ရင်တော့ ကောင်းတာပေါ့ကွယ်……
Comment #4
တကယ်ပါပဲ..စကားလုံးတွေအရမ်းလှတယ်..
ကဗျာလေးအရမ်းနုတယ်..ကြိုက်တယ်ဆိုတာထက်ပိုတဲ့
စကားလုံးမျိုးနဲ့ပြောချင်တယ်…။။။
Comment #6
မြှောက်မနေနဲ့ဦးရှင့် ကိုသက်ထွေးပြောတာက လန်တယ်ပဲ ပြောတာ လန်းတယ် ပြောတာမှမဟုတ်တာ 😛
Comment #11
သံယောဇဉ်ကြိုး
နှောင်တိုးခွေရစ်
မေတ္တာလွန်ပွဲ
နွှဲလဲမနိုင်
မပိုင်မည့်ပန်း
မလှမ်းခွင့်ချင်
ရင်မှာငြိဆွေး….
မျှော်လင့်နေမည် သက်ထားဆီပေါ့
ဟုတ်တယ်ဟုတ် …. 😛
Comment #13
လူတစ်ဖက်သားကို စိတ်ချမ်းသာအောင် ပြောတတ်တာလည်း ကိုသက်ထွေးရဲ့ ပညာပါရမီဖြစ်မယ်။ တော်ပါပေတယ်ရှင်….
Comment #16
တကယ်ကို ထိပါတယ်
ဖတ်ရင်းနဲ့တောင် မြင်ယောင်မိပါတယ်
တကယ် တော် တယ် ။ ပြီးတော့ ဖော်ပြပုံကလည်း အရမ်းကောင်းပါတယ်
Comment #18
ကောင်းတယ်ဗျာ…။ကိုနေညိုကဗျာတွေလာမဖတ်ဖြစ်တာကြာပြီ။အခုမှဝင်ကြည့်
ဖြစ်တယ်။ လာရကျိုးနပ်သွားပါတယ်ဗျာ..။အရမ်းကောင်းပါတယ်။
Comment #20
အရိုးစွဲလာတဲ့ငါ့ဗီဇ
ငါကိုယ်တိုင်တောင်ဖျက်မရဘူး
နင်ပွင့်မယ့်မနက်ဖြန်အတွက်
ငါကြိုပြီးရေမလောင်းပေါင်းမသင်ချင်ဘူး
ကျောပေါ်ထမ်းထားတဲ့ဒီအလွမ်း
မခမ်းနားပါစေဦး
ငါဘယ်တော့မှမဖယ်ရှားဘူး..
နင့်ရှေ့မှာမြိုသိပ်လို့
မာကျောပြချင်ပါရဲ.
အခွင့်များရှိခဲ့ရင်
တစ်နေ့နေ့မှာငါလဲမင်းလိုမေ့ပါရစေ…။ ။
စကားကိုရှာမတွေ့တော့အောင်…အ….သွားတယ်…..တကယ်ကိုတော်ပါတယ်…ဗျာ
Comment #23
အစနဲ့အဆုံး
တစ်ထပ်ထဲကျတဲ့နေရာမှာ
ငါနားမယ်…။
Comment #1
စကားလုံးဖွဲ့တာ အရမ်းကောင်းတယ်