Professional Authors

နိဂုံးဟာ……..ဗလာ

သိက္ခာဟာ
သားရေကြိုးချောင်နေတဲ့ဘောင်းဘီတစ်ထည်လိုပဲ
သူ့အလိုလိုကျကျလာတယ်

မာနဟာ
ကုန်ဈေးနှုန်းလိုပဲ
ထိန်းမနိုင်သိမ်းမနိင်မြင့်တက်လာတယ်

အချစ်ဟာ
ဖန်ခွက်တစ်ခုလိုပဲ
မတော်တဆကျကွဲနိုင်တယ်

ကိုယ့်ဟာကိုယ်နေပေမယ့်
အာရုံနောက်ခံရတယ်ဆိုတာ
မင်းတစ်ယောက်တည်းဖြစ်ဖူးတာမဟုတ်ပါဘူး
လိုတာထက်ပိုငိုပြနေရင်
မင်းနေတဲ့အရပ်
ဘယ်သူမှဖြတ်သွားချင်မှာတောင်မဟုတ်ဘူးး

လမင်းရဲ့အလင်းထက်မလင်းချင်နေပါ
ကိုယ့်ကိုယ်ကိုလောင်ကျွမ်းခံဝံတဲ့ဖယောင်းတိုင်လိုရဲဝံ့ချင်တယ်

မင်းဘာသာမင်း
အော်စကာအထိမှန်းနေလို့ရပေမယ့်
အကယ်ဒမီတောင်ရချင်မှရလိမ့်မယ်
ဘာလို့လဲဆိုတော့
ဒါဟာအစစ်အမှန်ပြဇာတ်တစ်ခုဖြစ်တယ်လေ

မပိမရိလိမ်ပြောမယ်ကြံတိုင်း
ရေးထားတဲ့ဇာတ်ညွှန်းကိုပြန်စစ်ပါ
အချို့သောပရိသတ်တွေဟာ
အကျိုးနဲ့အကြောင်းကိုအရေးထားတတ်ကြလေရဲ့

“အများစု”ဆိုတဲ့အကြောင်းပြချက်ဟာ
အစဉ်အလာတွေကိုဖန်တီးနိုင်တယ်
ယဉ်ကျေးမှုတွေကိုရိုက်ချိုးနိုင်တယ်
အတွေးအခေါ်တွေကိုဖျက်ဆီးနိုင်တယ်
အကြောင်းတရားတွေကိုကွယ်ဝှက်နိုင်တယ်
ဒါပေမယ့်
အမှန်တရားကတော့
အမှန်တရားနေရာမှာအမြဲရှိနေတယ်

လောကဓံလှိုင်းတွေကြား
ဇနကထုံးနှလုံးမူထားပေမယ့်
မေခလာကတော့ပေါ်မလာဇာတ်ကားရိုက်နေတုန်းပဲ

ကြက်ခြေခတ်
အတိတ်မှာဘယ်လောက်ပဲထပ်ထပ်
အနာဂတ်မှာတော့
ကြက်ခြေခတ်ကိုကြက်ခြေခတ်ပစ်ချင်တယ်

ပက်သက်သက်မသက်သက်
ဒါဟာ….
အဆက်အစပ်မဲ့တဲ့မော်ဒန်တစ်ရွက်ဖြစ်ပြီး
နိဂုံးအပိုဒ်ရောက်တိုင်း
ဗလာတွေချည်းပြည့်နှက်နေလေရဲ့

In: ကဗျာ Posted By: Date: Dec 28, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment