ကောင်းကင်ပြိုမယ့်နေ့ (မိုးဇက်)
ကျန်ခဲ့ရမယ်ဆိုရင်လည်း သဲသဲကွဲကွဲတော့ပြောခဲ့ပါ မကဗျာ
ချန်ခဲ့မယ်ဆိုချန်ခဲ့ပါ လွမ်းလို့ကျန်ရစ်ခဲ့မယ့်သူကိုတော့ အားမနာပါနဲ့
ရင်နဲ့ရင်းပြီးရေးတဲ့ အသဲကွဲသီချင်းမှာ သံစဉ်တွေခါးနေပါစေ
ထားခဲ့ပါ သနားငဲ့ညှာတာမျိုး ကျွန်တော်တကယ်မလိုလားဘူး မကဗျာ…
ခင်ဗျားရဲ့ဒိုင်ယာရီမှာ ကျွန်တော်ဟာ ဗလာသက်သက် သုညထက်မပိုလည်းနေပါစေ
ကျွန်တော့်ကမ္ဘာမှာ ခင်ဗျားကမာယာတွေရဲ့ ကဝေပျိုအဖြစ် ထင်ကျန်ရစ်ပါစေ
လွမ်းလွန်းလို့သေမယ်ဆိုလည်း သေပါစေ နေပါစေ
လှည့်ကြည့်မနေပါနဲ့ ဘ၀ရဲ့ ကွေ့တစ်ချက်ပဲလို့ မှတ်ယူပေးပါ မကဗျာ…
ခင်ဗျားကျွန်တော့်ကိုမုန်းသွားမှာကို ကောင်းကင်ပြိုမှာထက် ကြောက်ခဲ့တဲ့ကောင်ပါ
ချောင်တစ်ချောင်မှာပဲနေရာကျပါစေတော့ ခင်ဗျားရင်ကော့ပြီးရှေ့ဆက်လျှောက်ပါ
ပန်းခင်းလမ်းဖြစ်ဖို့တော့ကျွန်တော်ဆုတောင်းပေးလိုက်ပါရစေ
ခြေဖ၀ါးနုနုသွေးခြေမဥ စေချင်တာ ကျွန်တော့်ရဲ့ရင်ထဲကဆန္ဒပါ မကဗျာ……..။
ကျောခိုင်းပြီးမခွဲခွါပါရစေနဲ့ တစ်လှမ်းချင်းလှမ်းမယ့်ခြေလှမ်းတိုင်းမှာ ယိုင်လဲမှာသိနေလို့ပါ။
ကျောခိုင်းလျှောက်သွားမယ့် ခင်ဗျားရဲ့ကျောပြင်ထက်ကို ရပ်ကြည့်ရင်းကျန်ခဲ့ပါရစေ
တဖြည်းဖြည်းဝေးကွာသွားတဲ့အရသာက ခါးသက်နေမယ်ဆိုတာတော့ ကျွန်တော်ကြိုသိနေပါတယ် မကဗျာ……။
တစ်ကယ်တော့မကဗျာ…
ကျွန်တော်ဆိုတာ ခင်ဗျားမုန်းသွားမှာကို ကောင်းကင်ပြိုမှာထက်ကြောက်ခဲ့တဲ့ကောင်ပါ
လှည့်မကြည့်ပါနဲ့ ကျန်ခဲ့ရလို့ ခါးသက်နေမယ်ဆိုတာ ကြိုသိနေပါတယ်မကဗျာ…….။
ဝေးရမှာကြောက်တဲ့
မိုးဇက်
Comment #2
ကျန်ခဲ့ရမယ်ဆိုရင်လည်း သဲသဲကွဲကွဲတော့ပြောခဲ့ပါ မကဗျာ
………………..
ဟုတ်တယ် moethetaung18 ပြောတာ မလွန်ဘူး………
Comment #1
တစ်ပုဒ်လုံးကောင်းတယ်လို့ ပြောရင်
ကျွန်တော် မလွန်ဘူးဗျ……