နှလုံးသား မြို့ပြလမ်းမ
နှလုံးသား မြို့ပြလမ်းမ
ရွှေအိုရောင်အနုအရင့်ချယ်
ပန်းသွေးရောင်အနုအရင့်ချယ် တိမ်တွေလွင့်နေတဲ့
ခရေပွင့်တွေတစ်ဖွဲဖွဲကြွေတဲ့ ညနေခင်းအရိပ်မှာ
ညီမလေးနဲ့ကိုယ်ရဲ့စိတ်တွေ
ကဗျာတစ်ပုဒ်နဲ့ ခရေရနံ့တွေကြား
လွင့်မြောနေကြ
နောက်ပြန်လှည့်မရတဲ့လမ်းက
အလွမ်းအဆွေးတွေ တစ်ပွေ့ကြီးခေါ်လာမှာစိုးတယ်
ညီမလေးရေ မင်းနဲ့ငါ
နေမမြင် လမမြင် ကမ်းမမြင် လမ်းမမြင်
နှလုံးသားမြစ်တစ်စင်းပေါ်
အချစ်တံတားနဲ့အတူလျှောက်နေခဲ့ကြ
ကိုယ့်ရဲ့လမ်းအဆုံးက
ညီမလေးရဲ့ရင်ခွင် ကိုယ့်ရင်ခွင်ကတော့
ညီမလေးရဲ့ထာဝရရဲတိုက်ပဲပေါ့
ဒါပေမဲ့
ကိုယ်တို့နှစ်ယောက်ရဲ့
နှလုံးသားမြို့ပြလမ်းမတွေက မီးနီတွေရဲလို့
ကိုယ်တို့နှစ်ယောက်ရဲ့
ရင်ခုန်စရာနှစ်ကိုယ်တူညတွေကလဲ မျက်ရည်တွေဝဲလို့
ကိုယ်တို့နှစ်ယောက်ကြားက
လောကဓံတရားက အချိုးအစားမပြေပြစ်လွန်းတဲ့
မြစ်ကမ်းပါးနှစ်ဖက်လိုမျိုး
မျက်နှာချင်းဆိုင်ပြီး အလွမ်းတွေပြိုနေတာ
ဝေးကွာမှုက တစ်စတစ်စ
ညီမလေးရဲ့
ကြယ်မျက်ဝန်းလေးပျောက်ရှသွားတဲ့
ကိုယ်ရင်ခုန်သံတွေမွန်းကြပ်စေတဲ့
အထီးကျန်ညတွေမှာ ကိုယ်နှလုံးသားဟာ
အသံတိတ်ကြွေတဲ့ ဆောင်းသစ်ရွက်လို
အသက်ဓါတ်ရယ်က
ခပ်
ပါး
ပါး .. .။