သံယောဇဉ်ပန်းတွေရဲ့ ကိလေသာဥယျာဉ်
တဖွဲဖွဲနေ့ရက်တွေဟာ
ထွက်ရပ်လမ်းပျောက်ရှနေသောဝင်္ကပါမှော်ရုံတောမှာ
ကိလေသာတွေက မိုးသည်းညလိုတဝေါဝေါ
လူးလူးလွန့်လွန့် လက်ရှိဘ၀က
မိုက်မဲလို့မကုန်တဲ့ တစ်ဖက်ကမ်းခပ်အ၀ိဇ္ဇာနဲ့
သံသရာမှာ ဟာလာဟင်းလင်းပွင့်ရင်း
တစ်ကိုယ်ကောင်းဆန်လွန်းတဲ့ ရှင်သန်ခြင်းအရသာကို
တဖွဖွစားမြုံ့ပြန်ရင်း မှားယွင်းမှုမှာ
ဗို့အားပြည့်ထွန်းလင်းပြီးတောက်ပနေခဲ့
လူဆိုတာက အတ္တတွေစုပြုံအုံခဲနေတဲ့
စိတ်ညှို့ ခြင်းကိုအလိုလိုက်ရင်း
မိုက်မဲတတ်သောသတ္တ၀ါဆိုတော့လဲ
စွဲမက်ချင်စရာမကောင်းတဲ့
သောက်လက်စလက်ရှိဘ၀က
ဆန္ဒလက်တွေဆန့်တန်းလိုက်တိုင်း
တစ်နံတစ်လျှားရှည်ထွက်လာတဲ့
မျက်နှာထားအသေနဲ့ အလိုရမ္မက်ဇောဟာ
အရူးသရဲဖမ်းသလို သွက်ချာပါဒလိုက်နေခဲ့
ခံစားချက်အစွဲကပ် စိတ်အခြေအနေအရ
ဆယ်ယူလို့မရနှိုင်တော့တဲ့ ကိလေသာနွံအိုင်ထဲက
ဘ၀ကိုခွဲစိတ်သန့်စင်ရန်ပစ္စုပ္ပန်ကိုရွရွလေးကိုင်လိုက်တိုင်း
ဆုတောင်းများဟာ ဆပ်ပြာပူဖေါင်းလို
ပေါက်လွယ်
ပျက်လွယ်
ကွဲလွယ်
အမှန်တစ်ကယ်တော့
သွေးအားကောင်းလွန်းတဲ့ ကိလေသာမီးဟာ
အသိတရားနဲ့ တစ်ခြားစီလွဲသွားပြီး
ဝင်္ကပါဥယျာဉ်မှာ အမြစ်တွယ်လွယ်လွန်းတဲ့
သံယောဇာဉ် မကျွတ်မလွတ်ပန်းတွေ
တစ်နေကုန်တစ်နေခမ်း ခြေပစ်လက်ပစ်ပွင့်တော့
အသက်ဝိညာဉ်ဟာ သံသရာခြေချင်းတန်းလန်းနဲ့
အသံတိတ်လောကဓံလမ်းထဲ
တရှဲရှဲတချွမ်းချွမ်း
တ ချွမ်း ချွမ်း တ ရှဲ ရှဲ
ဝဲပါတ်ချာလည် .. .။