ကျုပ်ကချစ်တယ်မုန်းတယ်ရယ်လို့မရှိဘူး
စစ်ပွဲတွေမရှိတော့ရင်
ကျည်ဆံလုပ်ရောင်းတဲ့
သူတွေထမင်းငတ်မှာမလိုလားဘူး
ငါဟာ မောင်းကိုဆွဲမယ်
အသံထွက်ထွက် မထွက်ထွက်
ရုပ်ရှင်ကားထဲကလို လှလှပပ
သေပေးကြဖို့တော့လိုမယ် …
ပြီးရင် သတင်းစာရှေ့ဆုံးစာမျက်နှာမှာ
မင်းဓါတ်ပုံထည့်ပေးဖို့
လူသားဆန်စွာတောင်းဆိုပေးပါမယ် …။
လဖက်ရေဖန်ချိုတစ်ခွက်နဲ့လည်း
လူသတ်လို့ရတယ်
အဓိကက စိတ်ပဲ
မကြောက်ပါနဲ့
မင်းတို့ဖန်တည်းတဲ့ယဉ်ကျေးမှုက
ထွက်လာတဲ့ အစွန်းထွက်အရိုင်းအစိုင်းပါပဲ
မင်း ဒီဘက်ကိုနည်းနည်းတိုးခဲ့
ဒီလို … ကော်လံစကိုဆွဲရင်း
တိုးတိုးပြောလိုက်မယ် … မင်းနဲ့ ငါနဲ့
တစ်ရပ်တည်းသားပဲ …။
ဟောဒီ့စမတ်ဖုန်းတွေ လိမ္မာလိုက်ပုံက
ထက်မြက်လိုက်ပုံက နောက်ဆို
လူတွေတောင်မလိုတော့ဘူး
သူတို့ချည်းရှင်သန်
လူသားဆန်မှုအတွက်ကတော့
ပြတိုက်တစ်ခုထား
အဲဒီ့နားမှာပေါက်ဖွားခွင့်တော့ပြုမတဲ့ ..။
ဟာ လူသားဆန်လိုက်တာ
ကမ္ဘာကြီးဟာ ကိုယ်လုံးတီးချွတ်
နိုက်ကလပ်မှာလမ်းလျှောက်
လိင်ဖျော်ဖြေမှုအတွက် ငွေကြေးယူ
ဒီလိုပဲ
လူသားဆန်မှုအတွက်တဲ့
အသက်ဆယ့်တစ်နှစ်အရွယ်
မိန်းကလေးက
လက်ခလယ်ထောင်ပြတယ်
ပီယ၀ါစာ ချစ်ဖွယ်သောစကား
ရယ်မောမုန်းတီးစွာ
Fuck တဲ့ ….
ယွန်းဆက်