ကိုဝဏ္ဏ(သို့မဟုတ်)မစိုက်ဖြစ်သေးတဲ့စက်ရုံ ( ခိုင်မြဲကျော်စွာ)
ဝဏ္ဏရေ
ဘ၀မြေလွတ်မြေရိုင်းအတွက်
ဘာစက်ရုံများဆောက်မှာလဲ
မင်းလက်နဲ့ ချက်လုပ်မယ် ပုံပြင်သစ်တစ်ထပ်
ခုထိ
ငါမဖတ်ရသေးဘူး။
မင်းဗလာစာအုပ်ထဲက သင်တန်းတွေရယ်
မင်းလိုက်ရွှေ့နေတဲ့ ရင်ခုန်သံလိုင်းရယ်
ဘယ်လေတိုက်မှရွေ့မှာလဲ။
ချိန်းလက်စ
တို့ဘ၀စစ်တုရင် အလောင်းအစား
တပ်သားလေးလည်း သေချင်သေမယ်
ဘုရင်ကြီးလည်းသေချင်သေမယ်
အဓိပ္ပာယ်ရှိတဲ့ ရွှေ့ကွက်ပူပူနဲ့လဲယူမှ
မင်း
သရဖူဆိုတာရမှာပေါ့။
ဒါဟာ ရွှံ့စေးဖြူဖြူလို ငယ်ဘ၀ဟောင်း
ဒါဟာ မရိုးနိုင်တဲ့ ဂျင်းဘောင်းဘီအပြာအကြောင်း
ကလေးစိတ်အလောင်းထဲက မထွက်နိုင်ရင်
မင်းညာဘက်လက်
အသုံးမ၀င်ဘူးပေါ့။
မင်းကြောက်တဲ့ ဒုက္ခကျည်ဆန်
ပန်းခြံထဲက ရှဥ့်လေးတွေထက် ပိုမြန်နေလား။
စိတ်ကူးနဲ့ လမ်းတစ်လမ်းခြားတဲ့
လက်တွေ့ ဘဝ
လပြည့်ညဆိုတာ
အမှောင်လိုထစ်အဖို့မလိုဘူး။
ကွန်ပျူတာတစ်လုံးက ကွန်ပျူတာတစ်လုံးကို
မချစ်ဘူး
သူငယ်ချင်းတစ်ယောက်က သူငယ်ချင်းတစ်ယောက်အတွက်
ရှေ့တက်စေချင်တာ
ဝမ်းမြောက်ကြောင်းသ၀ဏ်လွှာအစစ်ပဲ။
ကိုဝဏ္ဏ
မင်းပို့သမယ့် ၀ီရိယတရားထံ
တစ်နေ့
ပြန်စာလာလိမ့်မယ်
ဆက်ဆက်။ ။
ခိုင်မြဲကျော်စွာ
မြားနတ်မောင်မဂ္ဂဇင်း-၂၀၀၃