hemlock (ပုံပြင်) – ၂
ဒီလိုနဲ့ တနေ့မှာ ဥယျာဉ်မှုးကြီးဟာ သူ့ရဲ့ ဆန္ဒတွေကို ချိုးနှိမ်ထားရတာကို အားမလိုအားမရ ဖြစ်လာတယ်။ ပန်းလေးကိုလည်း သူ အရမ်း လိုချင်တယ်။ သူဟာ ပင်ပန်းလှပါပြီ။ သူ ကိုယ်တိုင် တယုတယ စိုက်ပျိုးထားတဲ့ နတ်သမီး ပန်းပင်လေးကို ဘယ်လိုလူမျိုးကိုမှလည်း သူ မပေးနိုင်ဘူး။ အဲဒီ ပန်းပွင့်လေးကို သူသာ ပိုင်ဆိုင်လိုတဲ့ အတ္တတွေဟာလည်း ထိန်းမနိုင် သိမ်းမရ ဖြစ်လာတယ်။ ဒါနဲ့ပဲ သူဟာ နောက်ဆုံးမှာ ပန်းပွင့်လေးကို ခူးဖို့ ဆုံးဖြတ်လိုက်တော့တယ်။ ဥယျာဉ်မှုးကြီးဟာ နတ်သမီး ပန်းပွင့်လေးနားကို တဖြည်းဖြည်း တိုးကပ်လိုက်တယ်။ သူဟာ ၀ိဥာဉ် နှုတ်ခံထားရတဲ့ အသိမဲ့ လူတစ်ယောက်လို ပန်းပွင့်လေးနားကို ကပ်လာတယ်။ ကမ္ဘာလောကကြီး တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွား ၊ သူ့ရင်ခုန်သံသာ စည်းချက်မမှန်စွာ ခုန်ပေါက် ပြင်းထန်နေတယ်။ တလောကလုံးမှာ သူရယ် ၊ ပန်းပွင့်လေးရယ် ဒါပဲ ရှိတယ်။ သူ့လက်တွေဟာ အေးစက်တုန်ယင်လို့။ သူဟာ ပန်းပွင့်လေးကို ဖြည်းညင်းစွာ ဖွဖွလေး နမ်းလိုက်တယ်။ ပြီးတော့ သူ ပန်းပွင့်လေးကို ခူးလိုက်တယ်။ လောကတခွင်လုံး ပန်းရနံ့တွေ ထုံလွှမ်း သွားတယ်။ ဥယျာဉ်မှုးကြီးဟာ ပန်းပွင့်လေးရဲ့ ရနံ့ကို အားပါးတရ ရှုရှိုက်လိုက်တယ်။ အဲဒီအချိန်မှာပဲ သူ့လက်ထဲက ပန်းပွင့်လေးထဲကနေ နတ်သမီးလေးရဲ့ ပုံရိပ်ဟာ ညှိုးငယ်တဲ့ မျက်နှာ၊ ရီဝေတဲ့ မျက်ဝန်းဖြူတွေနဲ့ ဥယျာဉ်မှုးကြီး မျက်ဝန်းထဲကို ၀င်လာတယ်။ ဥယျာဉ်မှုးကြီးဟာ နတ်သမီးလေးရဲ့ မျက်ဝန်းတွေကို မြင်လိုက်တာနဲ့ သူ့ အမှားကို နောက်ကျလွန်းစွာ သိလိုက်ရပါပြီ။ သူဟာ နတ်သမီးလေးကို ဘာမှ မပြောလိုက်နိုင်ဘူး။ ဆွံ့အတိတ်ဆိတ်စွာ သူဟာ လောကကြီးထဲကနေ ထွက်ခွာပေးလိုက်ရပါတယ်။ ဥယျာဉ်မှုးကြီးရဲ့ ၀ိဥာဉ်မဲ့ ခန္ဓာဟာ နတ်သမီးပန်းပွင့်လေးဘေးမှာ အေးငြိမ်းသက်သာစွာ လဲလျောင်းလို့။ နတ်သမီးလေးဟာ ပန်းပွင့်လေးထဲက အဆိပ်လွှာတွေကို ရုတ်သိမ်းလိုက်တယ်။ သူမဟာ သေဆုံးသွားတဲ့ ဥယျာဉ်မှုးကြီးရဲ့ မျက်ဝန်းတွေကို အချိန် အတော်ကြာ ငေးစိုက်ကြည့်နေခဲ့တယ်။ အဲဒီနောက်မှာတော့ နတ်သမီးလေးဟာ ဥယျာဉ်မှုးကြီးကို သူသိပ်ချစ်တဲ့ နတ်သမီးပန်းပင်လေး ဘေးနားမှာပဲ မြှပ်နှံသဂြိုလ် ပေးလိုက်တယ်။ နတ်သမီးလေးဟာ လောကကြီးကို အလှဆင်ချင်တဲ့ ဆန္ဒတွေ ပျောက်သွားတယ်။ သူဟာ ဥယျာဉ်မှုးကြီးကို မသေစေချင်ခဲ့ပါဘူး။ သေစေလိုတဲ့ ဆန္ဒလည်း မရှိခဲ့ဘူး။ နတ်သမီးလေးဟာ သူ့ရဲ့ အဆိပ် မွှေးရနံ့တွေ ရှုရှိုက်မိမှာစိုးလို့ ပန်းပွင့်လေးကို မခူးပါနဲ့လို့ တားခဲ့ဖူးပါတယ်။ ဒါပေမဲ့ သူ့ရဲ့ အလှ၊ ရနံ့တွေကြောင့် ဥယျာဉ်မှုးကြီးဟာ သေခဲ့ရပါတယ်။ ဥယျာဉ်မှုး ပန်းမခူးရ ဆိုတဲ့ စကားဟာ အဲဒီ ပန်းတွေရဲ့ အဆိပ်သင့်ခြင်း ခံရမှာစိုးလို့ ပန်းပွင့်လေးတွေက သတိပေးတဲ့ စကားပါ။ ဥယျာဉ်မှုးတွေရဲ့ ပြုစုပျိုးထောင်မှုနဲ့ ကြီးပြင်းလာရတဲ့ ပန်းပွင့်လေးတွေက သူတို့အပေါ် စေတနာထားတဲ့ ဥယျာဉ်မှုးတွေကို မသေစေချင်တဲ့ အတွက် ပန်းမခူးပါနဲ့လို့ တားကြတာပါ။ နတ်သမီးလေးဟာ ဥယျာဉ်မှုးကြီးရဲ့ အုတ်ဂူလေးဘေးမှာ ဆွေးမြေ့နွမ်းမောစွာ ထိုင်ရင်း တီးတိုး ရေရွတ်နေခဲ့တယ်။ သူဟာ ဥယျာဉ်မှုးရဲ့ ရင်ထဲကို အဆုံးထိ မြင်နိုင်ခဲ့ပါပြီ။ အဲဒီနောက်မှာတော့ နတ်သမီးလေးဟာ ဥယျာဉ်မှုးကြီးရဲ့ အုတ်ဂူဘေးမှာပဲ ထာဝရ နေထိုင်သွားဖို့ ဆုံးဖြတ်လိုက်ပါတယ်။ လောကမှာ ရှိတဲ့ ဥယျာဉ်မှုးပေါင်းများစွာ နောက်ထပ် ဆုံးရှုံးရမှာကိုလည်း သူမ မလိုချင်တော့ပါဘူး။ နောင်နှစ်ပေါင်းများစွာ ကြာတဲ့အခါမှ ဥယျာဉ်မှုးကြီးရဲ့ အုတ်ဂူထဲကနေ သစ်ပင်တပင် ရှင်သန်ထမြောက် လာတာကို ကမ္ဘာလောကကြီး ထူးဆန်းစွာ တွေ့လိုက်ရပါတယ်။ အဲဒီသစ်ပင်ကြီးရဲ့ အရွက်ဖားဖားတွေက နတ်သမီးပန်းပင်လေး အပေါ်ကို နွေးထွေးစွာ အုပ်မိုးလို့ ဆောင်း နွေ မိုး ကာလသုံးပွင့်မှာ ရိပ်ဖြာ ကာကွယ်ထားသတဲ့။
Comment #3
aww..aww
Comment #1
ဥယျာဉ်မှူး ပန်းမခူးရ တဲ့လား…
ဒီပန်းကို နှလုံးသွေးနဲ့ ပျိုးထားခဲ့တာပါ…
တစ်ချိန် ခူးယူပန်ဆင်ဖို့ ပျိုးထားတာမှ မဟုတ်တာပဲကွယ်……
ပျိုးယူရင်းနဲ့ ထိတွေ့မွေးမြမှုမှာ သာသာယာယာနှစ်မျှော
ချိုးယူသိမ်းထားလိုမိတဲ့အခါ…
ပြန်တွေးနိုင်အောင် ကြိုးစားတယ်….
“ဥယျာဉ်မှူး ပန်းမခူးရ”တဲ့လား…။
ပန်းဆိုတာ မြေနန်းမှာ တင့်တယ်နိုင်သလို
ဥယျာဉ်မှူးရဲ့ ရင်ထဲမှာလည်း အနဂ္ဃတန်ဖိုးထားထားပါတယ်…။