လူပျိုကြီး ဖီလင်
ဟေး ကိုချီရွန် ၀ါကျွတ်တော့မယ်နော်
ကိုချီရွန်ကြီး ဘယ်တော့ စားရမှာလဲဗျ
ကိုချီရွန်ရေ အကို့ မင်္ဂလာဆောင်မှာ ပန်းကြဲဖို့ဆိုပြီး ၀ယ်ထားတဲ့ ၀တ်စုံတောင် သမီးနဲ့ မတော်တော့ဘူး
“ အခါတော် ပေး …တာက ”
တောက် … … … …. မကြားချင်ပါဘူးဆိုမှ ဒီ လော်စပီကာသံက နားထဲကို မီးတုတ်ရမ်းပြီး ၀င်လာသေးတယ်။ စကားတွေ သီချင်းတွေက ကိုချီရွန့် ရင်ထဲက ဒေါသကို အဆင်း ဘီးတပ်ပေးရုံမက ချောဆီပါ ထပ်ထည့်ပေးလိုက်သေး၏။ အဲဒီစကားတွေ သီချင်းသံတွေ ကြားရင် ကိုချီရွန် တယောက် လောကကြီးပဲ စိတ်နာသလိုလို၊ တေးရေးဆရာတွေကိုပဲ စိတ်နာသလိုလို၊ ဒီအရွယ်ထိ မိန်းမ ရှာမပေးတဲ့ မိဘတွေကိုပဲ အပြစ်တင်ချင် သလိုလိုနဲ့ ဘယ်လို ဖြစ်နေမှန်းကို မသိပါဘူး။ တာရာမင်းဝေ ပြောသလို ပြောရရင်တော့ နေတော့လည်း အိမ်ထဲမှာပဲ ထိုင်ခုံပေါ်မှာလည်း ထိုင်နေလျက်နဲ့တောင် နေမထိ ထိုင်မထိ ဖြစ်နေတယ်။ သူ့ အဖြစ်က ပြောရရင် မီးလှုံရင်း ရေခဲရေ သောက်ရသလို အီလည်လည်ကြီး။ ကိုယ် အဖြစ်မရှိတာ ကိုယ်တိုင် သိပေမဲ့ လူဆိုတဲ့ သဘောအရ သူများကိုပဲ အပြစ် ပုံချချင်ပြန်ရော။ တလောကလည်း ကြည့် ဟိုဘက်လမ်းက သူ့လိုပဲ ဂေါ်မစွံ အပျိုကြီး တယောက်ကို ကိုချီရွန် သွားပိုးတယ်။ ပြောပြမယ် ဇာတ်လမ်းက ဒီလို ……
အဲဒီ အပျိုကြီးက ဟိုဘက်လမ်းကို ပြောင်းလာတာ မကြာသေးဘူး။ ဒါကလဲ ကိုချီရွန် သူ့ဘာသာ သိတာမဟုတ်။ ရပ်ကွက်ထဲ ဟိုစပ်စပ် ဒီစပ်စပ် အကုန်သိတဲ့ နိုက်ဘတ်ဆိုတဲ့ ကောင်လေး ပြောသွားတာ။ တရက် သူ လက်ဖက်ရည်ဆိုင် သွားထိုင်တယ်။ ဖြစ်ချင်တော့ လက်ဖက်ရည်ဆိုင်မှာ နိုက်ဘတ်ဆိုတဲ့ ကောင်လေးရယ် တီတီဆိုတဲ့ ကောင်လေးရယ်က သူ့ အရင် ရောက်နေတာ။
“ဟား ကိုချီရွန်ကြီး လာဗျ ကျွန်တော်တို့ ၀ိုင်းမှာ လာထိုင် ” နိုက်နိုက်က လှမ်းခေါ်တယ်။
“ အေး ညီလေး မင်းတို့ ရောက်နေတာ ကြာပြီလားကွ ”
“ မကြာသေးပါဘူး အကိုရာ ကျွန်တော်တို့တောင် အကို့ အကြောင်း အခုပဲ ပြောနေတာ ”
“ ငါ့ အကြောင်း မင်းတို့က ဘာတွေ ပြောနေတာတုန်း ”
“ သြော် ဒီလိုလေ ကျွန်တော်တို့ အကိုကြီးက ဒီအရွယ် ရောက်တဲ့အထိ မိန်းမ မယူသေးတာ မိန်းမတွေကို စိတ်မ၀င်စားလို့လား ဒါမှမဟုတ် မိန်းမတွေက ကိုချီရွန့်ကို စိတ်မ၀င်စားတာလား အဲဒါ ပြောနေတာ ”
နိုက်နိုက်ဆိုတဲ့ ငတိကတော့ စသလို နောက်သလိုနဲ့ ဖဲ့ပြီ။
“ အင်း အဲဒါက ပြောရရင် ရှည်မယ်ကွ ”
“ အာ ဒါဆိုလည်း မပြောပါနဲ့တော့ အကိုရာ။ ရတယ် ကျွန်တော်တို့ နားလည်ပေးနိုင်တယ် ”
“ မဟုတ်သေးဘူးလေ မင်းတို့ပဲ ငါ့ အကြောင်း ပြောနေတယ်ဆို ငါကလည်း မင်းတို့ မသိတာလေးတွေ ပြောချင်နေတာ ကြာပြီ ”
တီတီက ပြဿနာပဲဆိုတဲ့ အကြည့်နဲ့ ကြည့်တယ်။ နိုက်နိုက်ကလည်း ငါတော့ စပေးမိတာ မှားပြီဆိုတဲ့ မျက်နှာနဲ့။ မသိချင်ယောင်ဆောင်ပြီး ဆက်ပြောလိုက်တယ်။
“ မိန်းမတွေက ငါ့ အတွက်တော့ ဆိုင်ကယ်တစီး အ၀ယ်မှားသလိုပဲကွ”
“ ဘယ်လို ကိုချီရွန်ကြီး ရှင်းပါဦးဗျ”
“ ဒီလိုကွာ နိုက်နိုက် မင်းက ဆိုင်ကယ်တစီး ၀ယ်ပြီ ဆိုပါတော့။ အဲဒီဆိုင်ကယ် ၀ယ်ပြီးခါစမှာ မင်းက ဆိုင်ကယ်လေးစီးပြီး အပြင်ကို လျှောက်လည်မယ်။ ကိုယ်က ဆိုင်ကယ်စီးနိုင်တယ်ဆိုပြီး ကြွားတာပေါ့ကွာ။ ရည်းစားထားရင်လည်း ဒီလိုပဲကွ ရည်းစားဖြစ်စမှာ လျှောက်လည်ချင်တယ်။ သူငယ်ချင်းတွေကို ကြွားချင်တယ်။ အဲ သိပ်မကြာပါဘူး ဆိုင်ကယ်ဆီဖိုးက ထောက်လာတယ်။ ရည်းစားနဲ့ဆိုရင် ပိုးကြေးပန်းကြေးပေါ့ကွာ။ နှုတ်ခမ်းနီဖိုး မိတ်ကပ်ဖိုး အဲဒါတွေ ကုန်မယ်။ ဆိုင်ကယ်က နတ်တွေချောင်ပြီး အသံစုံထွက်လာရင် မင်း စိတ်ညစ်ရမယ်။ အဲလိုပဲ ကိုယ့်ရည်းစားက ဂဂျီဂဂျောင် လုပ်လာရင် စိတ်ညစ်ရမယ်။ တဖြည်းဖြည်းနဲ့ အင်ဂျင်ကျလာရင် မင်း မစီးချင်တော့ဘူး။ ရည်းစားလည်း ဒီလိုပဲ သက်တမ်းကြာလာရင် မင်း ငြီးငွေ့လာမယ်။ ဆိုင်ကယ် အသစ်တစီးကို မင်း ထပ်ဝယ်ချင်မယ်။ ဒါပေမဲ့ ကိုယ့်ဆိုင်ကယ်လည်း ရောင်းမထွက် ၀ယ်မဲ့သူလည်း မရှိ ဖြစ်သလို မင်း ရည်းစားကလည်း ကပ်နေ အသစ်ကလည်း ရှာချင် အဲလိုဖြစ်လာမယ်။ ဆိုင်ကယ်က ရောင်းထွက်တယ် ထားဦး လိုင်စင်က မင်းရဲ့ နာမည်ကြီးနဲ့ owner book မှာလည်း မင်းနာမည် တပ်ထားတယ်။ အဲလိုပဲ ကိုယ့်ရည်းစားက ကိုယ်နဲ့ ပြတ်သွားရင်တောင် မင်းနဲ့ ဖြစ်ခဲ့ဖူးတယ်ဆိုတဲ့ ခေါင်းစဉ်ပါသွားမယ်။ ဒီတော့ ညီလေးရာ အခု ကိုယ် ဆိုင်ကယ်လည်း မစီးတော့ဘူး ရည်းစားလည်း မထားတော့ဘူး။ လမ်းပဲ လျှောက်တော့တယ်။ ”
တီတီရဲ့ မျက်နှာက နောင်ဘ၀မှပဲ ကျေးဇူးဆပ်ပါတော့မယ်ဆိုတဲ့ တရုတ်ကားထဲက တရားခံလိုပဲ ရှုံ့မဲ့လို့။ နိုက်နိုက်ကလည်း သူ စမိတဲ့ ဇာတ်လမ်းမို့သာ ငြိမ်နေရတယ် ကိုချီရွန့် စကားကို သိပ်ဘ၀င်ကျပုံမရ။ ဒါပေမဲ့ ကိုချီရွန်ကတော့ အေးဆေးပဲ။ သူ့ အယူအဆကို ဆက် တင်ပြတယ်။
“ ငါက မိန်းမတွေကို စိတ်မ၀င်စားတာ မဟုတ်ပါဘူး။ မိန်းမတွေက ငါ့ကို စိတ်မ၀င်စားတာလည်း မဟုတ်ဘူး။ တကယ်တော့ မိန်းမတွေနဲ့ ငါ့ရဲ့ကြားမှာ ပစ်မှတ်လွဲနေတဲ့ မြှားနတ်မောင်ကိုပဲ အပြစ်တင်ရမှာပါ။ အဲဒီ ပစ်မှတ်က အကောင်းဆုံးဆုံချက် ပစ်မှတ်ပေါ့ကွာ။ နာမည်က ဖူးစာ တဲ့ ”
“ သြော် ဂလိုလား ”
“ အင်း အင်း ဟုတ်မှာပါ ”
ငတိနှစ်ယောက်က စိတ်မပါ လက်မပါ ထောက်ခံတယ်။ ရတယ်လေ သူတို့ စိတ်ပါပါ မပါပါ ကိုယ်ကတော့ ကိုယ်ပြောချင်တာ ပြောရမှာပဲ။
“ ဒါနဲ့ နေပါဦး တီတီ့ကို ဘာလို့ တီတီလို့ ခေါ်တာလဲ နိုက်နိုက်ရ ”
နိုက်နိုက်က မဖြေပါဘူး တီတီကပဲ သူ့ နာမည်အကြောင်း သူ့ဘာသာ ရှင်းချက်ထုတ်တယ်။
“ ကျွန်တော်က မာမီ ဖြစ်ချင်တာ ကိုချီရွန်ရ ”
“ မံမီ ဟုတ်လား ဘာလို့တုန်း မင်းက တူဒမ်ခမမ်ကို အားကျလို့လား ”
“ မာမီပါ ကိုချီရွန်ရ ဟိုဗျာ .. အလှဖန်တီးရှင်ကို ပြောတာ ”
“ ဟင် အဲဒါနဲ့ တီတီနဲ့ ဘာဆိုင်လို့တုန်း ”
“ သြော် ကျွန်တော်က မာမီ ဖြစ်ချင်တယ်လေ။ ဒါပေမဲ့ ရူပါ အခံက မရှိတော့ မဖြစ်နိုင်ဘူး။ ဒါကြောင့် မာမီ မဖြစ်ချင်နေ အန်တီတော့ ဖြစ်အောင်လုပ်မယ်ဆိုပြီး အန်တီလုပ်နေတာ။ ”
“ အန်တီလုပ်တယ်ဆိုတာ ဘာကို ပြောတာတုန်း ”
“ သြော် အလှဖန်တီးရှင် မာမီ မလုပ်ရတော့ ရှောက်သီးဆေးပြားရောင်းတဲ့ အန်တီ လုပ်နေတယ်လေ။ အဲဒါ ရင်းနှီးတဲ့ ဘော်ဘော်တွေက ချစ်စနိုးနဲ့ တီတီလို့ ခေါ်တာ ကဲ သိပြီလား ”
ဟင် ရုပ်ကြီးကိုက ပြောရင်းနဲ့ နွဲ့လာသေးတယ်။ ကိုချီရွန်က သူ့ ထိုင်ခုံကို မသိမသာ ရွှေ့တယ်။ နိုက်နိုက် ကလည်း သူ့ ဘော်ဒါ အကြောင်း သူ အစောကြီးကတည်းက သိထားပုံရတယ်။ ခပ်ခွာခွာပဲ။ အဲဒီ အချိန်မှာပဲ လက်ဖက်ရည်ဆိုင်ရှေ့က လမ်းပေါ်မှာ တစုံတခုကို သည်းသည်းမည်းမည်း လိုက်ရှာနေတဲ့ မိန်းကလေး တယောက်ကို သူတို့ အားလုံး သတိပြုလိုက်မိတယ်။
“ အဲဒီ ကောင်မလေးက ဘယ်သူလဲကွ ”
“ ကိုချီရွန် မသိသေးဘူး ထင်တယ် အဲဒါ ဟိုဘက် လမ်းကို ပြောင်းလာတဲ့ တယောက်လေ သူ့နာမည်က ချိုလဲ့ တဲ့ ”
ဇာတ်လမ်းကတော့ စပါပြီ။ ကိုချီရွန် ကောင်မလေးကို တချက်ရှိုးလိုက်တယ်။ မဆိုးပါဘူး လှတပတလေးပါပဲ။ ဒါနဲ့ သူ့ ဇာတ်လမ်းကို စဖို့အတွက် မြန်မာဇာတ်လမ်းတွေထဲက မင်းသားတွေလို သူ ကောင်မလေးဆီကို တလှမ်းချင်း လျှောက်သွားလိုက်တယ်။ ဒီနေရာမှာ ကြုံလို့ ပြောရဦးမယ်။ မြန်မာစကားတွေထဲမှာ အဲဒီစကားကို ကိုချီရွန် သိပ်အမြင်မကြည်လှပါဘူး။ ဘယ်နဲ့ဗျာ ဘယ်သူက နှစ်လှမ်းချင်း လျှောက်တာ ရှိလို့လဲ။ တလှမ်းချင်း မလျှောက်ဘဲ သုံးလှမ်းကျော် လျှောက်လို့ရော ရလို့လား။ ထားပါတော့ ။ အနားရောက်တော့ ကောင်မလေး မျက်နှာကို သူ တချက်ကြည့်လိုက်တယ်။ သူကပဲ အမြင်မစူးရှလို့လား မသိဘူး။ အနားကပ်ကြည့်တော့မှ ကောင်မလေး မဟုတ်ဘဲ ကောင်မကြီး ဖြစ်နေမှန်း သိလိုက်ရတယ်။ ၀တ်ထားတာကတော့ ကောင်မလေးပါပဲ ရုပ်ကသာ ကောင်မကြီး ဖြစ်နေတာ။ သူနဲ့တော့ သိပ်ကွာမယ် မထင်ပါ။ အလွန်ဆုံးရှိလှ ၃၀ ပေါ့။ ဒါပေမဲ့ ကိုချီရွန့် စိတ်ကလဲ သူ့ကိုယ်သူ ၂၅ နှစ်အောက်လောက် ထင်တာရယ်။
“ ဒီက အစ်မ ဘာရှာနေတာလဲ မသိဘူး ”
အမျိုးသမီးက ခေါင်းငုံ့ပြီး ရှာနေရာကနေ လှန်ကြည့်ပါတယ်။ ရှင်းရပါဦးမယ်။ မျက်လွှာကိုပင့်ပြီး မော့ကြည့်ချင်းကို ဆိုလိုပါသည်။ ပြီးတော့ ဘာမှ မပြောဘဲ သူ့ အလုပ် သူဆက်လုပ်ပါတယ်။ ကိုချီရွန် နားမလည် နိုင်အောင် ဖြစ်သွားတယ်။ ကိုယ့်ကို အကူအညီ ပေးဖို့ လာတဲ့ သူကိုတောင် ဘာမှ ပြန်မပြော နိုင်အောင် သူက ဘာတွေများ ပျောက်လို့ ရှာနေတာပါလိမ့်။
“ ဒီမှာ အမိ ကျွန်တော်က တတ်နိုင်ရင် အကူအညီ ပေးနိုင်အောင် မေးတာပါ ”
အမျိုးသမီးက စိတ်ရှုပ်ရတဲ့အထဲ ဒင်းကလဲ တမျိုးဆိုတဲ့ အကြည့်နဲ့ ပြန်ကြည့်တယ်။
“ ကျွန်မဘာသာ ဘာ ရှာရှာ ရှင်နဲ့ ဘာဆိုင်လို့လဲ .. .. ဒီမှာ ဇာတ်လမ်းရှာချင်ရင် တခြားနေရာ သွားရှာ ”
“ဟင် ခင်ဗျားက ဇွတ်ကြီးပါလား။ ကျွန်တော်က ဒီရပ်ကွက်မှာနေတာ ခင်ဗျား လမ်းလည်ခေါင်မှာ တယောက်တည်း ဟိုရှာ ဒီရှာ တွေ့လို့ အမြင်မတော်လို့ ကူရှာ ပေးမလို့ မေးတာ ”
“ ကဲ ဒီလောက်တောင် ကူညီနေချင်ရင်လဲ လူမှုကူညီရေး အသင်းမှာ သွားပြီး ကျော်သူ့ ကားနောက်မှာ စပါယ်ယာ သွားလုပ်ပါလား ”
“ ခင်ဗျား စေတနာကို စော်ကားလှချည်လား ”
“ ကောင်းပြီလေ ရှင် သိပ်ကူညီချင်နေတယ်ဆိုရင် ကျွန်မ မတားတော့ဘူး ”
“ ကဲ ပြော ခင်ဗျားက ဘာပျောက်လို့ ဒီလောက် ရှာနေတာလဲ ”
“ အမှန်တရား ”
ဘုရား ကယ်ပါ။ အလာကယ်ပါ အပြန်ကယ်ပါ။ ကိုယ့်ဘာသာ စပ်ဆော့ပြီး သွားမေးမိတာ။ အစကတည်းက ဒီလို ငကြောင်မမှန်းသိရင် သွားမကြောင်ပါဘူး။
“ အမှန်တရားဆိုရင်တော့ ခင်ဗျား လိုက်ရှာမနေပါနဲ့တော့။ အမှန်တရားက ဖိနပ်စီးနေတုန်း အမှားကတော့ ကမ္ဘာ တပတ် ပတ်ပြီးသွားပြီတဲ့ ”
ကောင်မလေးက ပြုံးပါတယ်။ သူ့ အပြုံးက စင်ကြယ်တယ်။ ကိုချီရွန့်ကိုလည်း ဘာမှန်း မသိတဲ့ အကြည့်နဲ့ ပြန်ကြည့်တယ်။
“ ရှင်မဆိုးပါဘူး။ ဒါပေမဲ့ ဒိုင်အောဂျီးနီးစ်လို မီးအိမ်ထွန်းပြီး ရှာမဲ့အစား နေ့ခင်းမှာ ရှာရင်များ တွေ့မလားလို့ ကျွန်မ လိုက်ရှာနေတာပါ ”
ဇာတ်လမ်းက ဗေထိဆိုတာနဲ့ကို သိပ်အခြေအနေ မမှန်ပါဘူး။ ဒါပေမဲ့ ဘာကြောင့်မှန်း မသိဘူး အဲလို ခပ်ကြောင်ကြောင် ကောင်မလေးကိုမှ ကိုချီရွန်ကလည်း ကြွေသွားတယ်။
“ ဒီမှာ မချိုလဲ့ နေ့ခင်းမှာ ရှာရှာ မီးအိမ်ထွန်းရှာရှာ အမှန်တရားကို ခင်ဗျား မတွေ့နိုင်ပါဘူး။ ဘာကြောင့်လဲ ဆိုတော့ အမှန်တရားဆိုတာ လောကမှာ တကယ်မရှိတဲ့ အမှန်တရားတခု ဖြစ်နေလို့ပါပဲ ”
ဒုတိယအကြိမ် ပြုံးပါတယ်။
“ ရှင်က ကျွန်မ နာမည်ကို သိနေတယ်လား ”
“ ကျွန်တော်တို့ ရပ်ကွက်က သိပ်ကို မိသားစုဆန်ပါတယ်။ လူသစ်ပြောင်းလာရင်လည်း ချက်ချင်း သိပါတယ်။ ”
“ ဒါနဲ့ ရှင့် နာမည်ကရော ”
“ ကျွန်တော့် နာမည် ချီရွန်ပါ။ ခင်ဗျားနေတဲ့ လမ်းနဲ့ ကပ်လျက်လမ်းမှာ နေပါတယ်။ အိမ်နံပါတ် ၁၉၉ ကပါ ”
“ ခစ် ခစ် ဒါကြောင့် ရှင်က ကူညီပါရစေ ဖြစ်နေတာကိုး ”
သူ ရယ်ပေမဲ့ ကိုယ် မရယ်နိုင်ပါဘူး။ ကိုယ့် အိမ်နံပါတ်ကိုက အဲလို ဂွတီးဂွကျ နံပါတ် ဖြစ်နေတာ။ တခါတလေ မအူမလည် တစိမ်းတွေလာရင် နိုက်နိုက်က အချွန်နဲ့ မ တတ်တယ်။ ဘာကိစ္စနဲ့ လာသလဲ အကူအညီလိုရင် ၁၉၉ ကို သွားဆိုပြီး ကိုချီရွန့်အိမ်ကို လမ်းညွှန်လိုက်လွန်းလို့ ရှင်းပြရပေါင်းလည်း မနည်းတော့ဘူး။ ဘယ်လိုပဲ ဖြစ်ဖြစ်ပေါ့လေ အဲဒီနေ့က အမှန်တရားကို လမ်းလည်ခေါင်မှာ လိုက်ရှာနေတဲ့ ကောင်မလေးရယ်။ အမှားတွေနဲ့ ပြည့်နေတဲ့ ကောင်လေးရယ် လက်ဖက်ရည်ဆိုင်ရှေ့က လမ်းပေါ်မှာ ပွဲစားမလိုဘဲ ခင်မင်သွားကြပါတယ်။
အဲဒီနောက်ပိုင်း ရက်တွေမှာတော့ အများက ထင်ထားတဲ့ အတိုင်း ကိုချီရွန် တယောက် ချိုလဲ့တို့ လမ်းဘက်ကို အကြောင်းမရှိ အကြောင်းရှာ ပင်လယ်ကြီး ထွန်းမတတ် သွားပါတော့တယ်။ ကိုယ့် လမ်းထဲမှာ စားလို့ရတဲ့ မုန့်ဟင်းခါးကို ချိုလဲ့တို့ လမ်းဘက်မှာ သွားစားတယ်။ နွေနေ့လည်ပူပူမှာ ချိုလဲ့တို့ လမ်းထဲမှာ ဖိနပ် ပေါက်မတတ် လျှောက်တယ်။ ချိုလဲ့က သိမသိတော့ မသိဘူး။ သူတို့ လမ်းထိပ်က ခွေးကြီးတောင် သိနေပါပြီ။ တသက်လုံးက မလုပ်ဘူးတဲ့ အလှူအတန်းတွေ ခေါင်းစဉ်တပ်ပြီး ချိုလဲ့တို့ အိမ်ကို မုန့်သွားသွား ပို့ရတာ အမော။ တဖြည်းဖြည်းနဲ့ သူတို့ နှစ်ဦး ဆက်ဆံရေးက တိုးတက်လာတယ်။ ချိုလဲ့ကို ကိုချီရွန်က ချိုလို့ ခေါ်တတ် လာသလို ချိုလဲ့ကလည်း ကိုချီရွန်ကို ကိုချီလို့ ခေါ်တတ်လာတယ်။
“ ချို ကော်ပါးနီးကပ်စ်ကို သိလား ”
“ ဟင့်အင်း ကော်ပါးဆာလဖိုက်ပဲ သိတယ် ”
ဆက်ပြောရမှာတောင် နင်တယ်။ လူနဲ့ ဓာတုဗေဒနဲ့ သူမို့ လွဲလည်း လွဲတတ်တယ်။
“ မဟုတ်ဘူးလေ ချိုရဲ့။ ကော်ပါးနီးကပ်စ်က သူ လက်ခံထားတဲ့ အမှန်တရား တခုကို သူ သေတဲ့ အထိ မသွေမဖီ ဆုတ်ကိုင်သွားတယ် ။ အဲဒီ အမှန်တရားကြောင့်ပဲ သူ သေဒဏ် ပေးခံခဲ့ရတယ်။ ဒါပေမဲ့ သူ့ အယူအဆကို သူ သေတဲ့အထိ ထိန်းသိမ်းသွားတယ် ”
“ သြော် အဲဒီတော့ ဘာဖြစ်လဲ ကိုချီရဲ့ ”
“ အဲဒီတော့ ကိုယ် ချို့ကို ချစ်တယ်လေ ”
ဘာမှတော့ မဆိုင်ဘူး။ အကြောင်းအရာချင်းလည်း တခြားစီ။ ဒါပေမဲ့ သိတယ်မလား အဲလို ခပ်ကြောင်ကြောင် ကောင်မလေးတွေကို ခပ်ကြောင်ကြောင်ပဲ ပွားရတယ်။ သူကလည်း ရှက်မသွားပါဘူး။ မဆိုင်တာကိုပဲ မေးပါတယ်။
“ ကိုချီနဲ့ သူနဲ့ ခင်လို့လားဟင် ”
“ မခင်ပါဘူး ချိုရဲ့။ ဖေဖေနဲ့တော့ ငယ်ငယ်က ဂေါ်လီရိုက်ဘက်လို့ ပြောတာပဲ။ အဲဒါကြောင့် ချိုရယ် ကိုယ့်ကို အဖြေပေးပါတော့ ”
“ အဖြေ မပေးခင် ကိုချီ ချို့ကို တခုတော့ ကတိပေးရမယ် ”
“ အင်း ပြောလေ။ ကိုယ် ပေးနိုင်တဲ့ ကတိဆိုရင် ပေးမှာပေါ့ ”
“ ကိုချီနဲ့ ချိုနဲ့ ချစ်သူဖြစ်သွားရင် ရုပ်ရှင်တွေထဲကလို ပန်းခြံထဲမှာ သီချင်းဆိုပြီး လျှောက်မပြေးပါဘူးဆိုတဲ့ ကတိပေး ”
“ အိုကေ ပေးတယ် ချို။ ကိုယ်ကလည်း သီချင်း ဆိုရင် ကျောင်းတုန်းက မဆိုမနေရ ဆိုခဲ့ရတဲ့ နိုင်ငံတော် သီချင်းကလွဲပြီး ကျန်တာ မရဘူး။ ”
ဒီလိုနဲ့ ….. အဲဒီလိုနဲ့ပဲ ခပ်ကြောင်ကြောင် ကောင်မလေးနဲ့ ပေါတောတော ကောင်လေးတို့ ချစ်သူတွေ ဖြစ်သွားကြပါတယ်။ (မယုံချင်နေပေါ့ ကိုယ့် ၀တ္ထုထဲမှာ ကိုယ်ရေးချင်သလို ရေးမှာပဲ )
ချစ်သူဖြစ်ပြီး နောက်ပိုင်းမှာ ချီရွန်နဲ့ ချိုလဲ့တို့ မိုးမြင် လေမြင် ပျော်ကြပါတယ်။ ရုပ်ရှင် အတူ သွားကြည့်တယ်။ ပန်းခြံတွေထဲ သွားတယ်။ အဲ သူ ကတိတောင်းထားတဲ့ အတိုင်း သီချင်းဆိုပြီးတော့ လျှောက်ပြေး မနေပါဘူး။ ဒါဆို ဘာလုပ်နေလဲလို့ မမေးပါနဲ့။ သိချင်ရင် ကိုယ့်ဘာကိုယ် ရည်းစားနဲ့ ပန်းခြံထဲသွားပါ။ သူတို့ နှစ်ယောက်ရဲ့ ချစ်သူဘ၀က သာယာတယ်လို့ ပြောလို့ရတယ်။ ဒါပေမဲ့ ချစ်သူဖြစ်ပြီး သုံးလပြည့်တဲ့နေ့မှာ သိပ်ချစ်ခဲ့တဲ့ ချစ်သူနှစ်ဦးဟာ ဘယ်လိုမှ မမျှော်မှန်းထားဘဲ လမ်းခွဲ ခဲ့ကြပါတယ်။ အဲဒီနေ့က စိမ်းလဲ့တဲ့ တနင်္ဂနွေနေ့ တနေ့ပါပဲ။ သူတို့ နှစ်ဦးဟာ ထုံးစံအတိုင်း ပန်းခြံထဲမှာ သီချင်းမဆိုဘဲ ထိုင်နေကြပါတယ်။ ကိုချီရွန်ရဲ့ ဖက်ထားတဲ့ လက်တွေကြားကပဲ ချိုဟာ ရုန်းဖယ်ပြီး ကိုချီရွန်ကို ကျောခိုင်းရပ်လိုက်ပါတယ်။
“ ချိုတို့ လမ်းခွဲကြရအောင် ကို ”
“ ဟင် ဘာဖြစ်လို့လည်း ချိုရဲ့။ ကိုဖြင့် ချိုနဲ့ ချစ်လို့တောင် မ၀သေးဘူး ”
“ အို ချစ်လို့ ၀၀ မ၀၀ ဒီနေ့ လမ်းခွဲမှကို ဖြစ်မယ် ”
“ ချို ဘယ်လို ပြောလိုက်တာလဲ။ ကို ချို မကြိုက်တာ ဘာလုပ်မိလဲ ပြော”
“ ဘာမှ မလုပ်ပါဘူး။ ဒါပေမဲ့ ဒီနေ့ ကိုနဲ့ ချို လမ်းခွဲမှကို ဖြစ်တော့မှာပါ။ ဘယ်လိုပဲ ဖြစ်ဖြစ် ဒီနေ့ဟာ လမ်းခွဲရမဲ့ နေ့ပဲ”
ကိုချီရွန် တော်တော် စိတ်လေသွားတယ်။ ချို့ရဲ့ စကားတွေကို သူ နားမလည်နိုင်သလို ချို ဘာတွေ ဖြစ်နေတယ်ဆိုတာလည်း သူ မသိဘူး။
“ ချို ပြန်ပြောပါဦး ချို ကိုယ့်ကို နောက်နေတာလား။ ပြောပါဦး ချိုရဲ့ ချို ကိုယ့်ကို နောက်နေတာ မဟုတ်လားဟင် ”
“ ချို မနောက်ပါဘူး။ ချို့ အမူအရာက နောက်နေတဲ့ ပုံ ဖြစ်နေလို့လားပြော”
“ အင် ဟုတ်တယ်လေ ချိုရဲ့။ ဒီစကားနဲ့ ဒီ အမူအရာ ဟုတ်မှ မဟုတ်တာ။ ကဲ လာပါကွာ။ အဲလို မနောက်ပါနဲ့။ ကိုက ကို ဘာများ အမှားလုပ်မိလဲလို့ လန့်သွားတာပဲ ”
ပြောပြောဆိုဆို ကိုချီရွန်က ချို့ ပုခုံးလေးကို ဆွဲလှည့်လိုက်ပါတယ်
“ အို ဖယ်ပါ။ ကို နောက် တပတ် တနင်္ဂနွေနေ့ ဒီလိုအချိန် ဒီနေရာကို ပြန်လာခဲ့။ အခု ချို အခွေ ပြန်ကြည့်ရဦးမယ် ။ ပြီးတော့ အမူအရာ ပြန်ကျင့်ရဦးမှာ ချို သွားတော့မယ် ကို ”
ပြောပြီးပြီးချင်း ချာခနဲ လှည့်ထွက်သွားပါတယ်။ ကိုချီရွန် တားလည်း မတားလိုက်နိုင်ဘူး။ နောက်ကလည်း လိုက်မသွားချင်ဘူး။ ချို ပြောသွားတာကိုလည်း သူ နားမလည်ဘူး။ အခွေကြည့်မှာတွေရော အမူအရာကျင့်ရမှာ တွေရော ဘာတွေမှန်းကို မသိပါဘူး။ ဒါပေမဲ့ အဲဒီ ဘာတွေမှန်းမသိတာကို နောက် တပတ်အကြာမှာ ကိုချီရွန် ဘာတွေမှန်း သိလိုက်ရပါတယ်။ အဲဒီနေ့က တနင်္ဂနွေနေ့ပါပဲ။ အရင်တပတ်ကအတိုင်း ထိုင်နေရင်းကနေ ထပြီး ကျောခိုင်း ပြောပါတယ်။
“ ချိုတို့ လမ်းခွဲကြရအောင် ကို ”
“ ဟာကွာ ချိုကလည်း လုပ်ပြန်ပြီ။ ဘာဖြစ်လို့ ကိုတို့က လမ်းခွဲရမှာလဲ။ ဘာအကြောင်းမှလည်း မရှိဘဲနဲ့”
ချိုက သူ့ဘက်ကို လှည့်လာပါတယ်။ ပြီးတော့ ဆွေးမြေ့တဲ့ပုံစံ တမင်တကာ လုပ်ထားတဲ့ အမူအရာနဲ့ ဆက်ပြောတယ်။
“ ချိုတို့ ဘ၀တွေက ပေါင်းစပ်လို့ မရတဲ့ ဘ၀တွေပါ ကိုရယ် ”
“ ချို့ မေမေကလည်း နှလုံးရောဂါနဲ့။ ဖေဖေကလည်း အိပ်ရာထဲမှာ။ သူတို့ကို ပစ်ထားပြီး ချို ကိုနဲ့ ဘယ်လို ပေါင်းဖက်ရမလဲ ”
ကိုချီရွန် နားရော မျက်စိပါ လည်ကုန်ပါပြီ။ ချို့ အမေကိုလည်း သူတွေ့ဖူးပါတယ်။ ကျန်းမာတာမှ ဒေါင်ဒေါင်ကို မြည်လို့။ သူ့ အဖေကိုလည်း မနက်ကတင် လမ်းမှာ ကလေးတွေနဲ့ ကျားဘိုဆွဲနေတာ တွေ့ခဲ့သေးတယ်။
“ အဲဒီတော့ ကိုရယ် ဘယ်လိုမှ မဖြစ်နိုင်တော့တဲ့ အတူတူ အခုကတည်းက လမ်းခွဲလိုက်တာ ကောင်းပါတယ်။ ကို့ကို ချို ချစ်ပါတယ်။ ဒါပေမဲ့ …….. ဒါပေမဲ့ ချို ကို့ကို ဘယ်လိုမှ လက်ထပ်လို့ မဖြစ်ဘူး ”
ပြောပြီးတာနဲ့ ငတိမက ချာခနဲ လှည့်ပါတယ်။ နောက်ပြီး တခါ ပြန်လှည့်ကြည့်တယ်။ အမူအရာကတော့ ဟို တနေ့ကနဲ့ တခြားစီ။ ပြီးတော့ ကိုချီရွန့်ကို ကျောခိုင်းပြီး တစ် နှစ် သုံး လေး ငါး လို့ ပါးစပ်က ရွတ်ပြီး လမ်းလျှောက်တယ်။ နောက်တခါ ကိုချီရွန့်ကို ပြန်လှည့်ကြည့်တယ်။ ပြီးတော့ ကိုချီရွန် ပေးထားတဲ့ လက်စွပ်လေးကို ချွတ်ပြီး ကိုချီရွန့်ဆီကို ပစ်ပေးမလို့ ပြင်ပါတယ်။ နောက်တော့မှ လူနဲ့ ပြတ်တာ လက်စွပ်နဲ့ ပြတ်တာမှ မဟုတ်တာလို့ သဘောထားသလား မသိပါဘူး။ သူ့ လက်မှာ ပြန်စွပ်ပါတယ်။ ဒါမှမဟုတ်လည်း သူ ကြည့်ထားတဲ့ ရုပ်ရှင်ထဲမှာ အဲဒီ အခန်းမပါလို့ ထင်ပါတယ်။ လက်စွပ်ကို လက်အရင်းထိ ရောက်အောင် ထပ်တွန်းလိုက်ပြီး သောကြာနေ့ အလုပ်ဆင်းပြီး ပြန်လာတဲ့ ဘေထုပ်ဆိုင်က အရောင်းစာရေးမလို ဘောက်ဆတ် ဘောက်ဆတ်နဲ့ ပျော်ရွှင်စွာ လျှောက်သွားပါတော့တယ်။ ကိုချီရွန်ကတော့ ပန်းခြံထဲမှာ နဝေတိမ်တောင်နဲ့ အူကြောင်ကြောင် ကျန်ခဲ့ပါတယ်။
သိပ်မကြာပါဘူး။ ကိုချီရွန် သတင်း တခု ကြားရပါတယ်။ ချိုလဲ့ တပတ်တိတိ အိပ်ရာထဲက မထွက်ဘဲ ငိုနေတယ်တဲ့။ သြော် ငါ့ ချစ်သူလေး သူ သိပ်ကြိုက်တဲ့ ရုပ်ရှင်ထဲကလို လုပ်သာ လုပ်လိုက်ရတယ် ငါ့တော့ ချစ်ရှာသားဟဲ့လို့ ကြည်နူးမလို့ ကြံနေတုန်း နောက်ဆက်တွဲ သတင်းက ထပ်ရောက်လာတယ်။ သူ အောင်မြင်စွာ လုပ်ဆောင်ခဲ့ပေမဲ့ ဖြတ်ရမဲ့နေ့က တပတ်ကျော်သွားလို့ ၀မ်းနည်းပက်လက် ဖြစ်ရတာပါတဲ့။
“ တောက် ငကြောင်မ ”
ချိုလဲ့နဲ့ ပြတ်ပြီးနောက်ပိုင်း ကိုချီရွန် ချိုလဲ့တို့ လမ်းကို ညတိုင်း သွားပါတယ်။ ချိုလဲ့ အိမ်ရှေ့မှာ မစိမ်းကားကြီးရဲ့ ဘာညာ သွားအော်ပါတယ်။ ဟို ငတိမကတော့ သိတောင် သိမှာမဟုတ်ဘူး။ နောက်တော့လည်း အဲလို လုပ်ရတာ သူ့ အနေနဲ့ ကြောင်တယ်လို့ ထင်လာတာနဲ့ ဆက်မလုပ်တော့ဘူး။ ဒါပေမဲ့ သူ အသည်းကွဲနေတဲ့ အကြောင်းကိုတော့ လက်ဖက်ရည်ဆိုင်မှာ တွေ့တဲ့သူတိုင်းကို လိုက်ပြောတယ်။ အစကတော့ လူတွေက သူ့ကို သနားသလိုပဲ။ နောက်တော့လည်း နားထောင်ရတာ နားကြားပြင်းကပ်လာလို့နဲ့ တူတယ်။ သူ့ကို မြင်တာနဲ့ ဝေးဝေးက ရှောင်ရော။ ကိုချီရွန်ကတော့ လက်မလျှော့ပါဘူး။ သူ့ကိုယ်သူ အသည်းကွဲသမားနဲ့ တူအောင် တပတ်လုံး ရေမချိုးဘဲ စုတ်ပြတ်သတ်အောင် နေတယ်။ အစကတည်းက တပတ် ၂ ခါလောက် ရေချိုးတာ အခု တပတ်လုံး မချိုးဘူးဆိုတော့ စဉ်းစားသာ ကြည့်တော့ ဘယ်လောက် သောက်ညင်ကပ်စရာ ကောင်းမဲ့ ပုံလဲဆိုတာ။ ဒီလိုနဲ့ နေလာလိုက်တာ နောက် ၁ လလောက် အကြာမှာ ချိုလဲ့ တယောက် ရည်းစား အသစ် ရသွားပြီဆိုတဲ့ သတင်းကြားရတော့ ကိုချီရွန်တို့ အသည်းက လေတိုက်ရင်တောင် မခံနိုင်တဲ့ အထိ တစစ်စစ်ကို နာတာ။ သိပ်မကြာပါဘူး။ သုံးလပြည့်တဲ့ နေ့မှာ ချိုလဲ့ရဲ့ ဒုတိယ အာဒံလည်း ပန်းခြံထဲမှာ ငိုကြီးချက်မနဲ့ လဲ့ရေ လဲ့ရဲ့လို့ အော်နေတဲ့ အကြောင်း ကြားရတာပါပဲ။ အဲဒီသတင်းကြားတော့ ကိုချီရွန် အိမ်ကို အမြန်ပြန်လာတယ်။ သူ မချိုးတာ ကြာပြီဖြစ်တဲ့ ရေကို ချိုးတယ်။ အ၀တ်အစား အသစ်တွေ ၀တ်တယ်။ မှန်ကြည့်တယ် ခေါင်းဖြီးတယ်။ ရှိစုမဲ့စု ပိုက်ဆံလေးကို အကုန်ယူပြီး သူ့ရဲ့ love ground လက်ဖက်ရည်ဆိုင်ကို ပြေးတော့တာပဲ။ တလမ်းလုံး သူ အူမြူးလာတယ်။ တွေ့တိုင်း ကန်နေကျ ခွေးဝဲစားကိုတောင် သူ စားလက်စ မုန့် နည်းနည်း ဖဲ့ကျွေးခဲ့သေးတယ်။ ခွေးကတောင် သူ့ကို အူကြောင်ကြောင် ပြန်ကြည့်ရတဲ့ အထိ ကိုချီရွန်တို့ မြူးတာ။ လက်ဖက်ရည်ဆိုင်မှာ ဟို တီတီနဲ့ နိုက်ဘတ်ဆိုတဲ့ ကောင်လေးတွေ ထုံးစံအတိုင်း အရည်မရ အဖတ်မရတွေ ပြောပြီး ထိုင်လို့။ သူ့ကို မြင်တော့ လက်ယပ်ခေါ်တယ်။
“ ကိုချီရွန်ကြီး စိတ်ရော မှန်သေးရဲ့လားဗျ။ ဒီနေ့ အ၀တ်အစား အသစ်တွေ ဘာတွေဝတ်လို့ မနေ့ကထိ ကြွက်စုတ် မိုးမိပြီး တုတ်ကွေးဖြစ်နေတဲ့ ပုံပါ ”
“ ဟဲ ဟဲ ဒီလိုပေါ့ကွာ။ လူဆိုတာ အမြဲတမ်း သစ်လွင် လတ်ဆတ်နေရမယ်ကွ။ အဲဒီလိုပဲ အချစ်ဆိုတာလဲ … ..”
နောက်ပိုင်းစကားတွေကို နိုက်နိုက်နဲ့ တီတီတို့က နားမထောင်ဘူး။ တခြားဝိုင်းကို ကိုယ့် အသိစိတ်နဲ့ ကိုယ် ပြောင်းသွားကြတယ်။ ကိုချီရွန်ကတော့ မသိဘူး သူ ပြောချင်တာတွေ ဆက်ပြောနေတယ်။ သူ့ မျက်လုံးထဲမှာတော့ ကမ္ဘာပေါ်မှာရှိတဲ့ အပျိုပေါင်းစုံရဲ့ အလင်းက ပြိုးပြိုးပြက်ပြက် ၀င်းလက်လို့ ။ စိတ်ကူးထဲက သူ့ချစ်သူက သူ့ကို ပန်းသီးစိတ်လေး တယုတယ ခွင့်ကျွေးလို့။ ကမ္ဘာပေါ်မှာရှိတဲ့ အပျိုအားလုံးကပဲ နေ့ချင်းညချင်း သူ့ ရည်းစားဖြစ်တော့မဲ့အတိုင်း သူ့စိတ်ကူးတွေ ရွက်လွှင့်လို့။ သြော် လူပျိုကြီး လူပျိုကြီး ….. နောက်ဆုံးတော့လည်း လူပျိုကြီးပါပဲလေ။
ချီရွန် ( ပုလဲ )
Comment #3
good tal byar!!
Comment #5
လူနဲ့ ပြတ်တာ.. လက်စွပ်နဲ့ ပြတ်တာမဟုတ်… ဆိုတာလေး
အမှတ်တမဲ့ အငိုက်မိ လို့ တော်တော်၇ီလိုက်တယ်
Comment #7
“ ငါက မိန်းမတွေကို စိတ်မ၀င်စားတာ မဟုတ်ပါဘူး။ မိန်းမတွေက ငါ့ကို စိတ်မ၀င်စားတာလည်း မဟုတ်ဘူး။ တကယ်တော့ မိန်းမတွေနဲ့ ငါ့ရဲ့ကြားမှာ ပစ်မှတ်လွဲနေတဲ့ မြှားနတ်မောင်ကိုပဲ အပြစ်တင်ရမှာပါ။ အဲဒီ ပစ်မှတ်က အကောင်းဆုံးဆုံချက် ပစ်မှတ်ပေါ့ကွာ။ နာမည်က ဖူးစာ တဲ့ ”
Comment #8
he,,he,,rofl
nice story
Comment #9
အားပေးသူများ ရှိသည့်အတွက် ဝမ်းသာရပါသည် အားတက်ရပါသည်။ ကျွန်တော် နောက်တပုဒ် အသစ်ရေးနေပါသည်။ အားပေးတော်မူကြပါကုန်။
ချီရွန် ( ပုလဲ )
Comment #1
ကိုချီရွန်ကတစ်ကယ်တော့ စိတ်မနှံ့သူလေး မှသွားချစ်မိတာကိုး။ ဒါတောင် လူကြားကောင်းအောင် အသည်းကွဲပြလိုက်သေးတယ်။ တော်တော်လွန်တဲ့လူ ။