ကျွန်မရဲ့ “သူ”
“သူ” ဆိုသော ကောင်လေးအတွက် ပျိုမြစ်မှုဟာ အလှတစ်ပါးဖြစ်ခဲ့ရင် ကျွန်မလို ဘ၀သမား အဖို့တော့ သူ့ခြေရင်းမှာ ခစားရုံပဲ ရှိပါတော့တယ် …. သူ့ရဲ့ နီထွေးရဲတွ နှုတ်ခမ်းလှလှလေးက ကြွေကျလာသမျှ စကားပန်းပွင့်လေးတွေကို ကျွန်မကတော့ အမြတ်တနိုးနဲ့ လိုက်ကောက်ယူ နေမိတယ် … ပြုံးရယ်လိုက်တိုင်း လှစ်ခနဲမြင်နေရတဲ့ ပုလဲဖြူ ကြွကြွလေးတွေကျတော့ တယုတယ ဆွဲယူသီတန်း မိနေပြန်ရော … မှည့်နက်လေးနှစ်လုံး ခြံရံပြီး သွယ်တန်းလာတဲ့ နှာတံစင်းစင်းလေးကို ကျွန်မရင်ထဲက ကာရန်ပြင်းပြင်းလေးနဲ့ သုံးသပ်နေမိတယ် … သူ့ရဲ့ စူးရှတောက်ပတဲ့ ပြာလဲ့လဲ့ မျက်ဝန်းအလှကို ဖြည့်စွက်တင့်ရွှန်းဖို့ မည်းညိုထူစင်း မျက်ခုံးအရင်းမှာ လျှို့ဝှက်စွာ ပုန်းခိုနေသော အလှတစ်ပါးအား ကျွန်မလို ဘ၀သမား တစ်ယောက်က ဂဃနဏ ဘာသာမပြန်တတ်ခဲ့လို့ အထိန်းအကွပ်မဲ့ ရှက်ပြုံးတစ်စုံနဲ့ သူ့ညှို့ မျက်ဝန်းကို မတတ်သာဘဲ လွှဲဖယ်ခဲ့ရပါတယ် … ရွှေအိုရောင် ဆံသားရောင်စိုတွေ မျက်နှာပေါ်မှာ မခို့တရို့ ရစ်ဝဲနေပုံက ကိုယ်ထက်က အနက်ရောင် ကုဒ်အင်္ကျီလေးနဲ့ လိုက်ဖက်ပြေပြစ် အနေကျစ်လျစ်ကာ ကျွန်မအာရုံကို ဆွဲဆောင်နေသလိုလို …. ကမာကြည်ရောင် လက်သည်းဖြူ လွလွလေးတွေ စီတန်းသွယ်လျနေတဲ့ လက်ချောင်းငယ် တွေထက်က သူကမ်းပေးနေတဲ့ နှင်းဆီတစ်ပွင့်ဟာ ရီဝေေ၀ အကြည့်တွေနဲ့ ပေါင်းစပ်ပြီး ကျွန်မလို ရွက်ကြမ်းရည်ကျို အနေမစိုသူကို ရှက်ရွံ့ သိမ်ငယ်နေစေသလိုလို … ဒီလို တဒင်္ဂအတွေးစုံနဲ့ လုံးထွေးနေတဲ့ ကျွန်မကို သူမသိပါစေနဲ့လေ …. မြူးကြွနေတဲ့ ရင်ခုန်သံတွေကြား သူ့အကြည့် တစ်ချက်တစ်လေမှာ မျောပါသွားခဲ့တဲ့ ကျွန်မ …. နားထဲမှာတော့ သူ့စကားသံလေးတွေ ကြားတစ်ချက် မကြားတစ်ချက် …. ဒီပန်းလေးကို မပေးပါနဲ့ “သူ” ရယ် …. ကျွန်မဟာ အရေးမပါတဲ့လူပါ …. ငေးလာရတဲ့ သူ့ရဲ့ အရွှန်းဖောက်အပြော ရယ်သွမ်းနှောတတ်ပုံက ပင်ကိုယ်အရည်အသွေး စိတ်ထားလေးကို ဖွေးဖြူကြည်သန့် ရိုးသားလျက် သူ့နှလုံးသားထဲထိ အထင်းသားမြင်နေရပါပြီ …. စဉ်းစားချင်စရာ မကောင်းလောက်အောင် ကျွန်မတို့ဘ၀တွေ ကွာဟမှုများတယ်နော် …. “သူ” …. သူ့ရဲ့ ဖြူဥနုဖွေး လက်ဖ၀ါးလေးထက်က ဆူးရိုင်းမာန်ကြွ နှင်းဆီအလှကို လက်ခံယူဖို့ ကျွန်မဟာ မထိုက်တန်တဲ့သူ …. စရိုက်အမှန် စစ်ကြောရင် ချစ်နောတော့ ကျေချင်သူရယ်ပါ …. “သူ” …. မသိလေသလား …. အဖြစ်ေ၀၀ါးနေသော ကျွန်မဟာ တစ်ကယ်တမ်း “သူ” သတိထားမိတဲ့ ကျွန်မဆံနွယ်တွေ … “သူ” မဖတ်အားတဲ့ ကျွန်မကဗျာတွေ … “သူ” တိုက်တွန်းနေကျ ဘ၀ရေးကိစ္စတွေ …. “သူ” ပြောစကားထဲက သူစိမ်းလူတွေ …. “သူ” စိတ်ဝင်စားသော သက်ရှိသတ္တ၀ါတွေ …. “သူ” လုပ်နေရသော တာဝန်ဝတ္တရားတွေ …. “သူ” မှတ်မိနေတဲ့ ဘ၀အပြောင်းအလဲတွေ …. “သူ” ကြိုက်နှစ်သက်တဲ့ သီချင်းလေးတွေ …. “သူ” ကစားနေကျ ဘောလုံးလေးတွေ …. “သူ” ခွာမစားတတ်တဲ့ ပေါက်စီ အပေါ်ယံ အလွှာလေးတွေ …. “သူ” သောက်ရမှာ ကြောက်တတ်တဲ့ ရေခဲတုံးလေးတွေ …. “သူ” ဖြစ်စေချင်တဲ့ ကျွန်မကဗျာစာအုပ်တွေ …. “သူ” ပြောနေတဲ့ လုပ်ဖော်ကိုင်ဖက် လှလှလေးတွေ …. “သူ” စိတ်ဝင်စားတဲ့ စိတ်ပညာစာတွေကို အမှန်တိုင်း ၀န်ခံရရင် မနာလိုတော့ ဖြစ်မိပါတယ် …. ထူးထူးခြားခြား ဖြစ်ရပ်တစ်ခုခုနဲ့ သူ့ကို ချည်နှောင်ထားနိုင်ကြတဲ့ အရာတွေထဲမှာ “မိဿ” ဆိုတဲ့ ကျွန်မတော့ ပါမယ့်ဟန်မတူပါဘူး …. ခြောက်လတစ်ခါ ဘ၀အပြောင်းအလဲနဲ့ ကျက်စားရှင်သန်နေတဲ့ လုပ်ငန်းခွင်ထဲက သတ္တ၀ါ တစ်ကောင်လောက်တောင် သူ့ရဲ့ဂရုစိုက်ခြင်းကို ခံယူဝေမျှခွင့် မပေးနိုင်သေးတဲ့ ဘ၀မှာ …. “သူ” …. “မိဿ” ကို စိတ်ချစွာသာ ထားရစ်တော့မယ် မဟုတ်လား ….
ပန်းမပေးပါနဲ့ “သူ”
အနမ်းလေးပါလည်း အပြစ်မယူချင်ဘူး
ကျွန်မကတော့လေ
ပန်းနုရောင်ပြေး နှုတ်ခမ်းလေးကိုမှ
အလှမ်းဝေးမှာပဲ ကြောက်နေခဲ့သူပါ
မေ့မပစ်ပါနဲ့ “သူ”
အတွေးသစ်လာလည်း အပြစ်မယူချင်ဘူး
ကျွန်မကတော့လေ
နှင်းဆီနဲ့ဆူး အပျော်ဦးကိုမှ
မော့မဖူးမှာပဲ ကြောက်နေခဲ့သူပါ
မထားခဲ့ပါနဲ့ “သူ”
အားနွဲ့လာမှာလည်း အပြစ်မယူချင်ဘူး
ကျွန်မကတော့လေ
ခြေရာဗွေထပ် ခြားအရပ်ကိုမှ
သွားတတ်လာမှာပဲ ကြောက်နေခဲ့သူပါ
Comment #1
Oh…god.
Hit to my heart directly.
Million Thz