ဒိုင်ယာရီများ
အင်္ဂါ။ ။
ခေါက်ရိုးကျိုး ဟူသော စကားလုံး ရေပန်းစားလာသော အခါသမယဖြစ်သည်။
မနေ့က သူတို့၏ သံသယများ၊မယုံကြည်မှုများ မြေခ သွား၏။
ငါ၏လက်ဖ၀ါးပေါ်တွင် ပွင့်နေသော နှစ်တစ်ရာပန်းသည် သူတို့အတွက်သာဖြစ်ကြောင်းသိရှိသွားကြပြီ။
သူမပို့လိုက်သောစာကြောင်း၂၁ကြောင်းကို ဘာသာပြန်ရန်မလိုတော့ပါ။
အရပ်ရှစ်မျက်နှာမှာ ဖော်ရွေမှုများ ယိုစီးနေသည်။သူတို့ သီချင်ဆိုသံများကြားနေရ၏။
စာအိမ်ကို ဗာဒံကိုင်းတွင် ချတ်ဆွဲပြီး ငါးမျှားရန် ထွက်ခဲ့သည်။
စီးကရက်အစီခံကို ဖိကိုက်ပြီး မီးညှိတတ်သည့်အကျင့် ငါ့မှာရှိ၏။
သူမသည် အစိမ်းရောင်တီရှပ်ကို ၀တ်ဆင်ထားပြီး သူမ၏ကန္တာရပန်းချီကားမှာ
မျက်ရည်တစ်စက်ရောစပ်သုံးထားကြောင်းကို လျှို့ဝှက်ထားသည်။
မြင်တတ်သူသည် ပိုပြီးနက်နက်မြင်ရသည်ဟု တစ်စုံတစ်ယောက်ပြောကြားခဲ့ကြောင်း
အကိုးအကားနှင့် ရှင်းပြရန် ငါ့မှာဆန္ဒမရှိ။
ဗုဒ္ဓဟူး။ ။
ထွက်ပေါက်မတွေ့မီ၊ လိပ်ပြာတစ်ကောင်သည် မပြီးဆုံးနိုင်သော ကဗျာတစ်ပုဒ်နှင့် လာငြိနေသည်။
မင်းနာမည်ကို မက်မက်စက်စက် ရေရွတ်လိုက်တိုင်း ကမ္ဘာမှာ ကြယ်တစ်ပွင့် ကြွေကျ၏။
မနေ့က ငါ သေသည်။သူတို့ တစ်စုံတစ်ရာကို အသည်းအသန်လိုက်ရှာနေသည်ကို တွေ့နေရ၏။
ဘ၀၏မျက်နှာစာအားလုံးကို ဖွင့်ထားလိုက်ပါပြီ။
သို့သော် လက်ခံရန် အကြောင်းအကျိုးတရား ယူလာခဲ့ပါ။
အအေးဓာတ်လွန်ကဲသော တောင်ပေါ်မြို့လေးတွင်
ငါ၏အချစ်(၀ါ)သူမသည် ထင်ရာစိုင်းရင်း မြူးတူးနေပေမည်။
ငါကတော့ ရန်ကုန်မှာ အသက်ရှုကျပ်နေ၏။
ပြောဖြစ်ခဲ့သောစကားများနှင့် မပြောဖြစ်ခဲ့သောစကားများ ဆင်ခြင်မိသောအခါ
ငါသည် ငါ့၏အတ္တနှင့် ငါ၏အချစ်ကို ခေါင်းစဉ်ခွဲနိုင်ခဲ့သည်။မင်းကတော့ ဒါကို နားလည်မည်မဟုတ်။
ကြာသာပတေး။ ။
ဆူဖြိုးမှုသည် ၀တ်လစ်စလစ်နှင့် အိပ်မောကျသွားပြီ။
ငါကတော့ ညောင်းညာကိုက်ခဲပြီး ရင်တွေပူနေ၏။
သူတို့ ငါ့ကို တံဆိပ်ကပ်ရန် ၀ါးလုံးခေါင်းထဲ လရောင်ထည့်ထားကြ၏။
မင်းကတော့ ဘာတစ်ခွန်းမှမပြောပဲ စောင့်ကြည့်နေ၏။
ဒီနေရာ၌မိုနာလီဇာအပြုံးကိုအဓိပ္ပာယ်ဖွင့်ဆိုထားသည်များကို ကျော်ဖတ်ခဲ့ပါ။
(ပန်းချီဆရာမ…သို့)ဟူသော ငါ၏ကဗျာမှာ အောက်ပါအတိုင်းဖြစ်သည်။
မြစ်ဆိုတာ မကွေ့ရင် မလှဘူး
ကိုခါးပြောသလို
ဒီမြင်ကွင်း ဒီရှုခင်းမှာ မျဉ်းကွေးတွေ လှိုင်လှိုင်သုံးတယ်
ခုနှစ်ရောင်ခြယ်သက်တံလေး ခုံးနေပုံကအစ
ပင်လယ်မျှော် အုန်းပင်တွေရဲ့ အုန်းလက်တွေအဆုံး
ကွေးကွေးလေးတွေ ညွတ်ကျ
ဟော ဟို ခရုကောက်နေတဲ့ ကောင်မလေးရဲ့ ဘီးကုတ်ဖြူဖြူလေး
လခြမ်းကွေးလေးများ ခေါင်းမှာတပ်ပေးခဲ့တာလားကွယ်
ငါ့မှာ သူ့မရဲ့အနုပညာကို မလေးစားပဲ မနေနိုင်ဘူး